SKIP TO MAIN CONTENT

လစာမတက်နိုင်လို့ စိတ်ညစ်နေသလား၊ လာမယ့်နှစ်မှာ စတက်နိုင်မယ်လို့ဆို

ငွေကြေးဖောင်းပွမှုကြောင့် ကုန်စျေးနှုန်းတွေ မြင့်တက်နေပမယ့် လုပ်အားခလစာ တိုးမြင့်မှု နှေးကွေးခဲ့ပါတယ်။. ဒါပေမဲ့ ဘဏ္ဏာရေးဝန်ကြီးရဲ့အဆိုအရ ဒီရက်ပိုင်းမှာ ချပြမယ့် ဘတ်ဂျက်မှာ သက်သာမှုရရှိစေမယ်လို့ ပြောထားပါတယ်။

money.jpg

2 min read

Published

By AAP-SBS

Source: SBS


Skip to article content

ဩစတြေးလျနိုင်ငံက အမှုထမ်းတွေအနေနဲ့ လာမယ့်နှစ်ဦးပိုင်းလောက်ကစပြီး လုပ်အားခလစာ တိုးလာတာမျိုး မြင်ရနိုင်ပါတယ်။

အရင်တုန်းကတော့ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းလောက်မှ လစာတိုးမှု ဖြစ်နိုင်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် နှစ်ဦးပိုင်းလောက်မှာ ဖြစ်နိုင်တယ်လို့ ပြောဆိုလာနေကြတာပါ။

ငွေကြေးဖောင်းပွမှုကြောင့် ကုန်စျေးနှုန်းတွေ မြန်မြန်ဆန်ဆန် တက်သွားခဲ့ပေမယ့် လုပ်အားခလစာမှာ တိုးတက်မှုမရှိခဲ့ပါဘူး။

ဒီဇင်ဘာလအထိ လုပ်အားခလစာ တိုးတက်မှုနှုန်းက ၃.၃% သာ ရှိခဲ့ချိန်မှာ ငွေကြေးဖောင်းပွမှုနှုန်းက ၇.၈% ရှိခဲ့တာ ဖြစ်ပါတယ်။.

အခုဆိုရင် ငွေကြေးဖောင်းပွမှုအထွတ်အထိပ်ရောက်ရှိသွားခဲ့ပြီး ပြန်ကျလာနိုင်တဲ့ အနေအထားရှိလာတဲ့အတွက် လစာတိုးပေးဖို့ ကိစ္စတွေ ကြားလာနေရတာ ဖြစ်ပါတယ်။

ဘဏ္ဏာရေးဝန်ကြီး Jim Chalmers က မေလ ၉ ရက်မှာ ချပြမယ့် ဘတ်ဂျက်အတွင်း ငွေကြေးဖောင်းပွမှုကို ထပ်မဖြစ်စေအောင် ရည်ရွယ်ပြီး လုပ်ဆောင်ထားတယ်လို့ ပြောပါတယ်။

ကုန်ကျစရိတ်ပိုင်းမှာဆိုရင် စွမ်းအင်အတွက် ကာမိအောင် အကူအညီပေးတာမျိုးရှိမှာဖြစ်ပြီး အဲလို အစီအစဥ်က သုံးစွဲသူတွေအတွက် စျေးနှုန်းသက်သာမှုရရှိစေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အနိမ့်ဆုံး လုပ်အားခ လစာ တိုးမြင့်မှုကို အဖွဲ့အစည်းတချို့က Fairwork Commission ကို တောင်းဆိုထားသလို အစိုးရကလည်း အဆိုတင်သွင်းထားတာရှိတဲ့အပြင် လုပ်အားခလစာ တိုးမြင့်မှုကို ဖြစ်စေမယ့် ပေါ်လစီတချို့ကိုလည်း ချမှတ်လိုက်တာ ရှိပါတယ်။

အဲဒီအထဲမှာ မိဘဖြစ်သူတွေ လုပ်ငန်းခွင် ပြန်ဝင်ရတာ လွယ်ကူအောင် လုပ်ဆောင်ပေးမယ့် ပေါ်လစီမျိုးလည်း ပါဝင်ပါတယ်။

ဗဟိုဘဏ်ရဲ့ သောကြာနေ့ ခန့်မှန်းခြေအရ လုပ်အားခလစာ တိုးမြင့်မှုက ခန့်မှန်းတာထက် စောစီးစွာ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဘဏ္ဏာရေးဝန်ကြီးဌာနလိုပဲ ဗဟိုဘဏ်ကလည်း ငွေကြေးဖောင်းပွမှုက မကြာခင် ထိန်းချုပ်နိုင်တဲ့အနေအထားရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

ဒါပေမဲ့ အခုလောလောဆယ် ငွေကြေးဖောင်းပွမှုက မြင့်မားနေဆဲ ဖြစ်ပြီး ဒုတိယ အတိုက်အခံခေါင်းဆောင်

Sussan Ley ကတော့ ဒီဘတ်ဂျက်မှာ လူတွေအတွက် ကုန်ကျစရိတ် ကာမိအောင် လုပ်ဆောင်ပေးမှသာလျင် ကောင်းမွန်မှုရှိမယ်လို့ ပြောပါတယ်။

အတိုက်အခံအတွက်က အတိုးနှုန်းကို တိုးမြင့်ပြီး အသုံးစရိတ်ကို ကန့်သတ်လိုက်တာက ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်မှုမဖြစ်စေဘူးလို့ မြင်နေပါတယ်။

ဒီအချိန်မှာ အရေးတကြီး လုပ်ဆောင်ပေးသင့်တာက ကုန်ကျစရိတ် သက်သာအောင် လုပ်ဆောင်ပေးဖို့ဖြစ်ပြီး ငွေကြေးဖောင်းပွမှုကို အရင်ထိန်းချုပ်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

ဘဏ္ဏာရေးဝန်ကြီးကလည်း ငွေကြေးဖောင်းပွမှုကို အရင် ထိန်းချုပ်ဖို့ လိုအပ်တယ်ဆိုတာကို သဘောတူပြီး ဒီဘတ်ဂျက်ဟာ လူတွေအတွက် သက်သာမှုရအောင် ရည်ရွယ်သလို အနာဂတ်တိုးတက်မှုအတွက် အခြေခံတည်ဆောင်ပေးဖို့ဖြစ်ပြီး ငွေကြေးဖောင်းပွမှုဆိုတဲ့ စိန်ခေါ်မှုကြီးကို ထည့်တွက်ပြီး ရေးဆွဲထားတဲ့ ဘတ်ဂျက်ဖြစ်တယ်လို့ ပြောပါတယ်။

ငွေကြေးဖောင်းပွမှုက အဓိက စိန်ခေါ်မှု ဖြစ်နေသေးပေမယ့် အယ်လ်ဘာနီဇီ ဦးဆောင်တဲ့ အစိုးရဟာ နိုင်ငံတော် ဘတ်ဂျက်မှာ ပိုငွေပြသဖို့ သိပ်မဝေးတဲ့အနေအထားမှာ ရှိနေပါတယ်။

ဒီလို ဖြစ်နေရတာကတော့ နိုင်ငံတော်ရဲ့ စီးပွားရေး ကောင်းမွန်မှု၊ အလုပ်လက်မဲ့မှုနှုန်း နည်းပါးမှုနဲ့ လစာ အတင့်အသင့် တိုးတက်မှု ရှိတာတွေကြောင့်လည်း ပါဝင်ပါတယ်။

ဒီဘတ်ဂျက်ရဲ့အသေးစိတ်ကို အင်္ဂါညမှာ စောင့်ကြည့်ဖို့ ဘဏ္ဏာရေးဝန်ကြီးက ပြောဆိုလိုက်ပြီး တာဝန်ယူမှု တာဝန်ရှိမှု ဖြစ်တဲ့ ဘတ်ဂျက်ဖြစ်မယ်လို့လည်း ပြောပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now