SKIP TO MAIN CONTENT

ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းမှာ အခြေအနေ စိုးရိမ်ရဆဲ

ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းစွန်း ကယားနယ်စပ်နားမှာ မတည်ငြိမ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။

Map of armed conflict in Kayah (Karenni) State
Source: Supplied

2 min read

Published

Updated


Skip to article content

ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်မှာ CDM မလုပ်တဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနဲ့ မြို့နယ်ဦးစီးအရာရှိရုံးဝန်းတို့မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ဒီမော့ဆိုမြို့နားက ၆ မိုင်မှာ အရင်ရက်တွေတုန်းကလည်း ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က အသေအပျောက် များပြားခဲ့ပါတယ်။

နိုးကိုးရွာအနားမှာ ဘယ်ဝါမှန်း မသိရတဲ့ အလောင်း တစ်လောင်းလည်း တွေ့ရှိထားကြပါတယ်။ အလောင်းကို လက်နောက်ပြန် ကြိုးနဲ့ တုတ်ထားတာကို ဖေ့စ်ဘွတ်ပေါ်မှာ တင်ထားကြပါတယ်။

လွိုင်ကော်မြို့မှာ ဒီကနေ့ မေလ ၂၄ ရက်မှာပဲ လေယာဉ် ၅ ကြိမ်ထက်မနည်း ဆင်းသက်မှု လုပ်ခဲ့ပါတယ်။

စစ်အင်အား ဖြည့်တာလို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။

ကယန်းသာယာ ကျေးရွာမှာ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကက်သလစ် ဘုရားကျောင်း ပျက်စီးသွားပြီး ဘုရားကျောင်းမှာ ခိုနားသူ ၄ ဦးသေဆုံးပြီး တချို့ ဒဏ်ရာရရှိခဲ့ပါတယ်။

လွိုင်ကော်မြို့ နာနတ်တော ရပ်ကွက်မှာ မွန်းလွဲ ၂ နာရီကစပြီး စစ်ကောင်စီ ဖက်က ဝင်လာတဲ့အတွက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပေမယ့် ဒီနောက်ပိုင်းမှာ ပစ်ခတ်မှု ရပ်ဆိုင်းသွားပြီ ဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ပေါ်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို ကူညီကြဖို့ တိုက်တွန်းချက်တွေ တွေ့နေရပါတယ်။

မနေ့ညတုန်းကလည်း လွိုင်ကော်မြို့မှာ တညလုံးနီးပါး ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ကက်သလစ် ဘုရားကျောင်းမှာ ပြည်သူတွေ ခိုလှုံနေကြတဲ့အတွက် ဘုရားကျောင်းခေါင်မိုးမှာ အလံဖြူတွေ လွှင့်ထူပြီး မြင်သာ ထင်သာ ရှိအောင် လုပ်ဆောင်နေကြပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ကယားပြည်နယ်စပ် အခြေအနေ

ရှမ်းပြည်နယ် မိုးဗြဲမြို့မှာ မနေ့တုန်းက တိုက်ပွဲတွေဖြစ်ပွားခဲ့ရာက ရဲ ၁၅ ဦးသေဆုံးပြီး ၄ ဦး ဖမ်းဆီးရမိခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖက်က လူတစ်ဦး ကျဆုံးသွားခဲ့ရပါတယ်။

ဖယ်ခုံမြို့မှာလည်း မနေ့ညတုန်းက လက်နက်ကြီးတွေနဲ့ တဖက်သတ် ပစ်ခတ်မှု လုပ်ခဲ့တဲ့အတွက် လက်နက်ကြီးမှ အတိုအစတွေ လွင့်စင်ရာက သခင်ယေဇူး ရွှေနှလုံးတော် ဘုရားကျောင်းရဲ့ ပြတင်းပေါက်တွေနဲ့ တံခါးတွေ ပျက်စီးသွားခဲ့ရပါတယ်။

ဒီကနေ့ မနက် ၉ နာရီလောက်မှာတော့ ဖယ်ခုံမြို့မှာ မာရှယ်လော ထုတ်ပြန်ပြီး လိုက်နာမှု မရှိရင် ပစ်မိန့်ရထားတယ်လို့ ကြေညာထားပါတယ်။ လမ်းမကြီးပေါ်မှာ သွားလာမှု မရှိပေမယ့် လမ်းသွယ်တွေမှာတော့ ဆိုင်ကယ်နဲ့ သွားလာနေကြတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ လူအများအပြားလည်း ဖက်ခုံမြို့နေ ထွက်ခွာရှောင်တိမ်းနေကြပြီလို့ ပြောပါတယ်။

ဖယ်ခုံအင်း အရှေ့ဖက်ကမ်းက တောင်ပို့ကွဲ ကျေးရွာမှာလည်း ပြည်သူ့ ကာကွယ်ရေးတပ်နဲ့ PNO ပအို့ဝ်ဖြူ တပ်အကြား တိုက်ခိုက်ခဲ့ကြလို့ ပအို့ဝ်ဖြူဖက်က အနည္ဦးးဆုံး ၁ ဦး ကျဆုံးခဲ့ပါတယ်။

ပအို့ဝ်ဖြူအဖွဲ့ဟာ ကရင်နီနယ်ဖက်မှာ ထိုးစစ်ဆင်နေတဲ့ စကစအတွက် အင်အားဖြည့်ဖို့ သွားရောက်နေတာ ဖြစ်ပါတယ်။

ကယားပြည်ကို သွားတဲ့ လမ်းတလျှောက်မှာ အတားအဆီးတွေ ချထားတဲ့အတွက် လမ်းခရီးနှောင့်နှေးမှု တချို့ ဖြစ်ပေါ်လို့ အခုဆိုရင် ရေကြောင်းကို အသုံးပြုပြီး စကစ ဖက်က အင်အားဖြည့်တင်းမှု လုပ်ခဲ့ပါတယ်။

ဒီကနေ့ ဆောင်းပြောင်းမြို့ ရဲစခန်းမှာလည်း မီးလောင်မှု ဖြစ်နေပြီး ရဲတွေ ထွက်ပြေးခဲ့ရပါတယ်။

ကယားပြည်နယ် ရှမ်း-ကယား နယ်စပ်တခွင်မှာ ပြည်သူ အများအပြား ထွက်ပြေးတိမ်းရှောင် နေကြပြီး နေရာထိုင်ခင်း၊ အစားအစာနဲ့ ဆေးဝါးတွေ လိုအပ်နေကြပါတယ်။

ရှမ်း - ကယားနယ်စပ်မှာ ဖြစ်ပွားတဲ့ စစ်တွေကြောင့် ပြည်တွင်း ပြောင်းရွှေ့နေထိုင်ရသူ IDP က သောင်းနဲ့ချီ ရှိမယ်လို့ ခန့်မှန်းနေကြပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now