Scammer တွေက စာနဲ့ရေးပြီး လိမ်ညာရာကနေ အသံတုနဲ့ပါ လိမ်ညာမှုမျိုးရှိလာ

နှစ်သစ်မှာ scammer တွေက နည်းလမ်းအသစ်တွေနဲ့ လိမ်ညာမှု လုပ်နေကြလို့ သတိထားကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ ရာဇာဝတ်သားတွေဟာ အခုဆိုရင် အသံတုတွေနဲ့ မိသားစုဝင်တစ်ဦးဦး ဒုက္ခရောက်သလို ဟန်ဆောင်ပြီး ငွေကြးတောင်းခံတာမျိုး လုပ်နေတယ်လို့ ပြောပါတယ်။

scam.jpg

၂၀၂၂ ခုနှစ်တုန်းက 'Hi Mum' text message တွေဟာ ဩစတြေးလျနိုင်ငံမှာ အလိမ်ခံရမှု အများဆုံး လိမ်ညာမှုထဲ ပါဝင်ပါတယ်။ အဲဒီလိမ်နည်းကတော့ သား သမီး တစ်ယောက်ယောက်ကနေ ငွေရေးကြေးရေး ဒုက္ခရောက်လို့ မိဘကို စာရေးပြီး အကူအညီတောင်းတာ ဖြစ်ပါတယ်။

အဲဒီလိမ်နည်းဟာ လွယ်ကူရှင်းလင်းပေမယ့် ထိရောက်မှုရှိလို့ အရင်နှစ်တုန်းက အဲဒီနည်းနဲ့ ဩစတြေးလျနိုင်ငံမှာ လိမ်ညာခံရမှုပေါင်း ၁၁၀၀၀ ကျော် ရှိခဲ့ပါတယ်။

ဒီနှစ်သစ်ထဲမှာ ရာဇဝတ်သားတွေရဲ့ လိမ်ညာမှု နည်းလမ်းဟာ ပိုအဆင့်မြင့်လာပြီး စာရေး အကူအညီတောင်းမယ့်အစား အသံတုတွေပို့တာ ဒါမှမဟုတ် အသံတုနဲ့ ဖုန်းခေါ်ပြီး ပိုက်ဆံပို့ပေးဖို့ ပြောဆိုလာကြပါတယ်။

ရာဇဝတ်သားတွေဟာ အေအိုင် လို့ ခေါ်တဲ့ ဉာဏ်ရည်တုနည်းကို အသုံးပြုပြီး တကယ့်လူက ပြောတဲ့ အသံအတိုင်း တုပြီး လိမ်လည်တာ ဖြစ်ပါတယ်။

NAB ရဲ့ ဒီဂျစ်တယ် အရာရှိချုပ် Suj Rana ရဲ့ အဆိုအရ ရာဇဝတ်သားတွေဟာ နောက်ဆုံးပေါ် နည်းပညာကို အသုံးပြုပြီး သတိမမူတဲ့ မိဘတွေကို လိမ်ညာနေကြတယ်လို့ ပြောပါတယ်။

အရင်တုန်းက 'Hi Mum' text message အစား မိသားစုဝင် တစ်ဦးဦးရဲ့ အသံလိုတု ဖုန်းဆက်ပြီး သူတို့ ဒုက္ခရောက်လို့ ကူညီပါဦးဆိုပြီး လိမ်ညာတဲ့နည်းလမ်းဖြစ်တယ်လို့ သူက Channel Nine ရဲ့ Today Show ကို ရှင်းပြခဲ့ပါတယ်။

မိမိရဲ့ ဆိုရှယ်မီဒီယာပေါ်က အသံ ၃ စက္ကန့်လောက်ကိုတောင် အသုံးပြုပြီး သူတို့ဟာ မိမိရဲ့ အသံအတိုင်း အတုယူပြီး ဖုန်းခေါ်ဆိုတာမျိုး လုပ်နိုင်တယ်လို့ ပြောပါတယ်။

NAB ကို အသုံးပြုသူတွေအနေနဲ့ အဲဒီလို နည်းနဲ့ အလိမ်ခံရကြောင်း အသိပေးလာတဲ့လူ မရှိသေးပေမယ့် အဲဒီလိုလိမ်ညာမှုနည်းက အမေရိကန်နဲ့ ယူကေနိုင်ငံတို့မှာ ဖြစ်ပေါ်နေပြီး လပိုင်းအတွင်း ဩစတြေးလျ မှာလည်း အလားတူ ဖြစ်လာနိုင်တယ်လို့ သူက ပြောပါတယ်။

ဖုန်းနဲ့ ဆက်ပြီး လိမ်ညာတာကို ဘယ်လို သိနိုင်မလဲ။

မိမိရဲ့ မိသားစုဝင် တစ်ဦးဦးရဲ့ အသံနဲ့တူအောင် ပြုလုပ်ပြီး ငွေလိမ်ဖို့ ကြိုးစားတဲ့အတွက် တကယ်အကူအညီလိုအပ်တာလို့ ထင်ရောင်ထင်မှားဖြစ်စေနိုင်ပေမယ့် တချို့ လက္ခဏာတွေက အကြံအဖန်လုပ်နေတယ်ဆိုတာကို ပြသနိုင်ပါတယ်။

အထူးသဖြင့် ကိုယ်မျှော်လင့်မထားတဲ့ မိသားစုဝင် တစ်ဦးဆီကနေ အကူအညီတောင်းခံတာ ဒါမှမဟုတ် ကိုယ်မသိတဲ့ နံပါတ်နဲ့ ဆက်သွယ်လာတာမျိုးက လိမ်ညာတဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

အဲဒါအပြင် ဖုန်းခေါ်ဆိုတဲ့ မိမိရဲ့ မိသားစုဝင်ကနေ ပိုက်ဆံကို အမြန်ဆုံး ပို့ပေးဖို့ ပြီးရင် ဘယ်သူမှ မသိအောင် လုပ်ဖို့ ပြောဆိုလာရင် ဒါကို အထူး သတိပြုရမှာ ဖြစ်ပါတယ်။.

National Anti-Scam Centre- Scamwatch ရဲ့ အဆိုအရ တခြား သတိပြုရမယ့် အချက်တွေထဲမှာ ဖုန်းခေါ်သူက လုံခြုံရေးဆိုင်ရာ အချက်အလက် ဥပမာ ဘဏ်အကောင့်၊ ဘဏ်ကဒ်နံပါတ် တောင်းခံတာမျိုး ဒါမှမဟုတ် သင့်ရဲ့ ဘဏ်ကို သူများ အချက်အလက် ခိုးလို့ တခုခု လုပ်မှ ရမယ်ဆိုပြီး လုပ်ခိုင်းတာမျိုးတွေက လိမ်ညာမှုရဲ့ လက္ခဏာတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဖုန်းခေါ်သူက သင့်ရဲ့ ဖုန်း ဒါမှမဟုတ် ကွန်ပြူတာထဲမှာ software တစ်ခု ထည့်ဖို့ ဒါမှမဟုတ် ပိုလုံခြုံအောင် ဒါလေးလုပ်ပါ ဟိုဟာလေးထည့်ပါ လို့ ပြောလာရင်လည်း ဒါဟာ လိမ်ညာမှု ဖြစ်နိုင်ပါတယ်။

အဲဒီတော့ မိမိရဲ့ မိသားစုဆီကနေ အကူအညီတောင်းလာတဲ့ ဖုန်းကို လက်ခံရရှိတဲ့အခါ သူတို့ အစစ်အမှန် ဟုတ်မဟုတ် သေခြာ စစ်ဆေးပြီးမှ ပိုက်ဆံပို့ပေးဖို့ အကြံပြုထားပါတယ်။

သူတို့နဲ့ ဖုန်းပြောတာကို ချလိုက်ပြီး သူတို့ကို ဆက်သွယ်နေကြ နည်းလမ်းနဲ့ ပြန်ခေါ်ဆက်သွယ်ပြီး သူတို့ ကိုယ်တိုင် တောင်းတာ ဟုတ်မဟုတ် စစ်ဆေးကြည့်ပါလို့ အကြံပြုထားပါတယ်။

ရာဇဝတ်သားတွေဟာ မိမိရဲ့ ဆိုရှယ်မီဒီယာကနေ မိမိရဲ့ အသံကို ရယူပြီး မိမိရဲ့ အသံကို ယူသုံးကြတာဖြစ်လို့ သတိထားကြဖို့ ပြောဆိုထားပါတယ်။

ဆိုရှယ် မီဒီယာကို အသုံးပြုတဲ့အခါ multi-factor authentication နည်းတွေကို အသုံးပြုဖို့လည်း အကြံပေးထားပါတယ်။

မိမိကို ဖုန်းထဲကနေ ခြိမ်းခြောက်တာပဲ ဖြစ်ဖြစ် ဖုန်းကို ချလိုက်ပြီး ဖုန်းထဲ သို့မဟုတ် ကွန်ပြူတာထဲ ဝင်လာတဲ့ link တွေကို လျှောက်မနှိပ်ကြည့်ဖို့ ပြောဆိုထားပါတယ်။

အကယ်၍ မိမိအနေနဲ့ လိမ်ညာခံရပြီဆိုရင် မိမိရဲ့ ဘဏ်ကို ဆက်သွယ်ပြီး ငွေလွဲပြောင်းမှုတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုနိုင်ပါတယ်။

ဒါ့အပြင် မိမိရဲ့ အကောင့် မှန်သမျှရဲ့ password တွေကို ပြောင်းလဲသင့်ပြီး အကူအညီလိုအပ်ရင် IDCARE ဌာနရဲ့ ဖုန်းနံပါတ်ဖြစ်တဲ့ 1800 595 160 ကို ဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်ပါတယ်။


2 min read

Published

Updated

By Jessica Bahr

Source: SBS



Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now