SKIP TO MAIN CONTENT

ဩစီ အရှေ့ဖက်ခြမ်းမှာ မိုးသည်းလေထန်မှုကြောင့် မီးပြတ်တောက်မှုဖြစ်

ကွင်းစလန်းပြည်နယ်နဲ့ ဗစ်တိုးရီးယားပြည်နယ်မှာ မိုးသည်းထန် လေပြင်းမှုတွေကြောင့် အပျက်အစီးတွေ ရှိခဲ့ပြီး နေအိမ်အများအပြားမှာ လျှပ်စစ်မီး ပြတ်တောက်မှု ကြုံနေရပါတယ်။

Storm clouds over Sydney.
Storm clouds over Sydney. Source: Twitter

2 min read

Published

Updated

Source: SBS


Skip to article content

ဗုဒ္စဟူးနေ့ ညနေပိုင်းအထိ ဗစ်တိုးရီးယားပြည်နယ်မှာ မိုးသည်းထန် လေပြင်းမှုတွေဖြစ်ခဲ့ပြီး

ပြည်နယ်ရဲ့ အလယ်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ Gippsland ဒေသမှာ အဆိုးဆုံး ဖြစ်ပွားခဲ့တာပါ။

လေပြင်းမုန်တိုင်းဒဏ်ကို အများဆုံး ခံရတဲ့ ဒေသက Castlemaine, Kyneton, Daylesford, Bright, Falls Creek, Mt Hotham နဲ့ Omeo မြို့တို့ဖြစ်ပြီး မိုးသည်းထန်မှုကနေ လျပ်တပြတ် ရေကြီးမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း မိုးလေဝသဌာနက သတိပေးထားပါတယ်။.

အင်္ဂါနေ့တုန်းကလည်း လျပ်စီးနဲ့ မိုးကြိုးတွေကြောင့် မဲလ်ဘုန်းမြို့ လေဆိပ်မှာ လေယာဥ်ပြေးဆွဲမှု ရပ်တန့်ခဲ့ရပြီး ပြည်နယ်တလွှားမှာ နေအိမ် ၅၀၀၀၀ လောက် လျပ်စစ်မီး ပြတ်တောက်မှု ကြုံနေရပါတယ်။.

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း မိုးကြိုးအကြိမ်ပေါင်း ၉၀၀၀၀ ပစ်ခဲ့တယ်လို့ စွမ်းအင်ဝန်ဆောင်မှုပေးတဲ့ Powercor က ပြောပါတယ်။

မိုးသည်းလေပြင်းမှုတွေကြာင့် နေအိမ်အများအပြားမှာ လျပ်စစ်မီး ပြတ်တောက်မှု ဖြစ်ရပြီး ဗုဒ္စဟူးညနေပိုင်းအထိ မီးပျက်နေတဲ့ နေအိမ် ၂၄၀၀ ကို မီးပြန်ရအောင် လုပ်ဆောင်ပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ တချို့ အိမ်နဲ့ လုပ်ငန်းတွေ မီးဆက်လက် ပြတ်တောက်မှု ခံရနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ဗစ်တိုးရီးယားပြည်နယ် အရှေ့ပိုင်း၊ အရှေ့တောင်ပိုင်းနဲ့ မြောက်ပိုင်းကို လျှပ်စစ်မီးတွေ ဖြန့်ဝေပေးတဲ့ AusNet ရဲ့ အဆိုအရ ဗုဒ္စဟူးညနေအထိ မီးမရသေးတဲ့အိမ် ၁၁၀၀ ရှိတယ်လို့ ပြောပါတယ်။

ရေထဲ ကားမမောင်းဖို့ ရဲတွေ သတိပေး

ဗစ်တိုးရီးယားပြည်နယ် မြောက်ပိုင်း Wedderburn မှာ အမျိုးသား တစ်ဦးက ရေထဲကို ကားမောင်းမိရာက ကားမျောပါမှု ဖြစ်ခဲ့လို့ လူနဲ့ ခွေးကို ကယ်ဆယ်ခဲ့ရပါတယ်။

ကားက ရေထဲမြုပ်နေပြီး အဲဒီလူဟာလည်း ကားခေါင်မိုးပေါ်တက်ပြီး ကယ်ဆယ်ရေးသမားတွေကို စောင့်နေရင်း ရေက မေးစေ့နားအထိ ရောက်လာပေမယ့် သေကံမရောက်ခဲ့တာလို့ ပြောပါတယ်။

အရေးပေါ် ဌာနဖြစ်တဲ့ SES ရဲ့ အဆိုအရ အင်္ဂါနေ့ မနက် ၆ နာရီနဲ့ ဗုဒ္စဟူးနေ့ မနက် ၁၀ နာရီအကြား ဖုန်းဆက် အကူအညီတောင်းခံသူ ၉၂၀ ရှိခဲ့တယ်လို့ ပြောပါတယ်။

ကွင်းစလန်းပြည်နယ်မှာ ရှင်းလင်းမှုတွေ လုပ်နေ

ကွင်းစလန်းပြည်နယ်မှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကနေ လမ်းတွေ အိမ်တွေ ပျက်စီးသလို အခုအချိန်အထိ လျှပ်စစ်မီး မရသေးတဲ့ အိမ်ခြေ ရာနဲ့ချီ ရှိနေဆဲ ဖြစ်ပါတယ်။

ဩစတြေးလျ ကာကွယ်ရေးတပ်တွေက ကွင်းစလန်းပြည်နယ်တလွှားမှာ အကူအညီပေးနေပြီး အိမ်ခြေ ၈၀၀၀ လောက်မှာ မီးတွေ ပြန်ရဖို့ ကြိုးစားလုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။

သောကြာနေ့လောက်ကြရင် မီးတွေ ပြန်ရဖို့ မျှော်လင့်ကြပေမဲ့ လက်ထောက် ရဲကော်မရှင်နာ Ben Marcusကတော့ အိမ်တိုင်း မီးပြန်ရနိုင်ဖို့ မသေခြာသေးဘူးလို့ ပြောပါတယ်။

ကွင်းစလန်းပြည်နယ်မှာ မိုးသည်းထန်မှုကနေ လမ်းတွေပျက်လို့ လမ်းပိတ်ထားရပြီး လမ်းပျက်စီးမှုကနေ မြေပြိုမှုတွေလည်း ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

ကွင်းစလန်းပြည်နယ် SES ရဲ့ အဆိုအရ လူဒါဇင်နဲ့ချီကို ကူညီပေးခဲ့ရသလို ခရစ္စမတ်နေ့အတွင်း အကူအညီတောင်းခံသူ ၅၀၀၀ ကျော်ရှိခဲ့တယ်လို့ ပြောပါတယ်။.

ကွင်းစလန်းပြည်နယ် အရှေ့တောင်ပိုင်းမှာ မုန်တိုင်းကြောင့် အိမ် ၁၀ လုံး ပျက်စီးခဲ့ရပြီး ၃၈၆ လုံး ဒဏ်ရာ အနည်းငယ်ရရှိပြီး ၁၄၅ လုံး အတော်အတန် ပျက်စီးသွားခဲ့ပါတယ်။

NSW ပြည်နယ်မှာလည်း မိုးသည် လေထန်မှုဖြစ်

NSW ပြည်နယ် မြောက်ပိုင်းမှာလည်း မိုးသည်းထန်မှုကနေ ရေကြီးမှုဖြစ်လို့ အရေးပေါ် ဌာနတွေ အလုပ်ရှုတ်ခဲ့ရပါတယ်။

ဗုဒ္စဟူး မွန်းလွဲပိုင်းတုန်းက Jamison Valley နဲ့ Katoomba အနားက Blue Mountains အနားမှာ လူ ၂ ဦး မိုးကြိုးပစ်ခံခဲ့ရပါတယ်။

အင်္ဂါနေ့တုန်းက တချို့နေရာမှာ ၄၈ နာရီအတွင်း တစ်လစာ မိုးရေထက်မက မိုးရေတွေ ရရှိခဲ့ပြီး လူဒါဇင်နဲ့ချီကိုလည်း အရေးပေါ် ကယ်ဆယ်ရေးသမားတွေ ကယ်ဆယ်မှု လုပ်ခဲ့ရပါတယ်။.

ကြာသပတေးနေ့ကြရင် နယူးဆောက်သ်ဝေးလ် ပြည်နယ်ရဲ့ အရှေ့တောင်နဲ့ တောင်ပိုင်းမှာ မိုးသည်းထန် လေပြင်းမှုတွေ ဆက်လက်ဖြစ်ပေါ်ဖို့ရှိပြီး အဲဒီအထဲမှာ Blue Mountains ဒေသလည်း ပါဝင်ပါတယ်။

မိုးသည်းထန်မှု၊ မိုးသီးတွေနဲ့ လေပြင်းထန်မယ်လို့လည်း ခန့်မှန်းထားပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now