SKIP TO MAIN CONTENT

ဖက်ဒရယ်ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ အရေးကြီးတဲ့ ရက်စွဲတွေ တင်ပြထားပါတယ်

၂၀၂၂ ခုနှစ် မေလ ၂၁ ရက်မှာ ဖက်ဒရယ် ရွေးကောက်ပွဲ ကျင်းပမယ်လို့ ဝန်ကြီးချုပ် ကြေညာတာ တစ်ပတ် ပြည့်သွားပြီးမို့ ဒီည ၈ နာရီကပဲ မဲစာရင်းပိတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး တခြား အရေးပါတဲ့ ရက်တွေကို ဖော်ပြေပးမှာ ဖြစ်ပါတယ်။

Tasmanians fill ballot forms
Source: SBS

1 min read

Published


Skip to article content

ဩစတြေးလျနိုင်ငံမှာ အသက် ၁၈ နှစ်ပြည့်သူ ဩစတြေးလျနိုင်ငံသားတိုင်း မဲပေးရမှာဖြစ်ပါတယ်။

မဲပေးဖို့အတွက် အရင်ဆုံး မဲစာရင်းမှာ မိမိနာမည်ပါအောင် မှတ်ပုံတင်ရမှာဖြစ်ပြီး ဒီဖက်ဒရယ်ရွေးကောက်ပွဲအတွက် မဲစာရင်းကတော့ ည ၈ နာရီကပဲ ပိတ်သွားပြီ ဖြစ်ပါတယ်။ 

 

ရွေးကောက်ပွဲမှာ ယှဥ်ပြိုင်လိုသူတွေ ဧပြီလ ၂၂ ရက် သောကြာနေ့ ည သန်းခေါင် နောက်ဆုံးထားပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ 

ရွေးကောက်ပွဲမှာ ယှဥ်ပြိုင်လိုကြောင်း စာရင်းပေးသွင်းပြီး ၂၄ နာရီအကြာမှာ ရွေးကောက်ပွဲကော်မရှင် AEC က ယှဥ်ပြိုင်လိုသူဖြစ်ကြောင်း ကြေညာပေးမှာ ဖြစ်ပါတယ်။

ကြိုတင်မဲကို မေလ ၉ ရက်နေ့မှာ စတင်ပေးနိုင်

ရွေးကောက်ပွဲကော်မရှင် Evan Ekin-Smyth ရဲ့ အဆိုအရ ရွေးကောက်ပွဲနေ့မှာ အလုပ်သွားရမယ့်လူ၊ ဆရာဝန်နဲ့ တွေ့ဖို့ ရက်ချိန်းရှိသူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် မဲထည့်ရမယ့်နေ့မှာ မဲမထည့်နိုင်ရင် ကြိုတင်မဲ ပေးနိုင်တယ်လို့ ပြောပါတယ်။

ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှာစိုးလို့ မဲရုံမှာ မဲမပေးချင်လို့ ကြိုတင်မဲပေးမယ်ဆိုရင်လည်း ပေးနိုင်ပါတယ်။

ကြိုတင်မဲ အကြောင်းသိချင်ရင်  AEC website မှာ သွားရောက်လေ့လာနိုင်ပါတယ်။ 

မေလ ၉ ရက်ကစပြီး ဩစတြေးလျတခွင်မှာ ကြိုတင်မဲစင်တာ အခုပေါင်း ၅၀၀ ကျော် ချထားပေးမှာဖြစ်ပါတယ်။ 

ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲကော်မရှင်က ကြေညာပြီးတာနဲ့ ကြိုတင်မဲတွေကို ဘယ်နေရာမှာ ပေးနိုင်သလဲ ဆိုတာကို ကော်မရှင်ရဲ့ ဝဘ်ဆိုက်မှာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။

စာတိုက်ကနေတဆင့် မဲပေးခြင်းကို မေ ၁၈ ရက်မှာ ပိတ်မယ်

မိမိအနေနဲ့ ရွေးကောက်ပွဲနေ့မှာ ဘာကြောင့် မဲမပေးနိုင်ဘူးလဲ ဆိုတာကို  AEC website မှာ ပေးထားတဲ့ ဖောင်ကို ဖြည့်စွက်ပြီး စာတိုက်ကနေတဆင့် မဲပေးနိုင်ဖို့ တောင်းခံနိုင်ပါတယ်။

ဖောင်ကို  AEC website ရဲ့ ဒီနေရာမှာ  ဖြည့်စွက်ပြီး တောင်းခံနိုင်ပြီး မေလ ၁၈ ရက် ဗုဒ္စဟူးနေ့ နောက်ဆုံးထားပြီး  စာတိုက်ကနေ မိမိရဲ့ မဲကို ပေးပို့ရမှာ ဖြစ်ပါတယ်။ 

မေလ ၂၁ ရက်၊ ရွေးကောက်ပွဲနေ့

မဲပေးရမယ့် မေလ ၂၁ ရက်၊ စနေ နေ့ကြရင် မဲရုံတွေကို မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ ဖွင့်ပေးထားမှာဖြစ်ပြီး ည ၆ နာရီတိတိမှာ မဲရုံတွေကို ပိတ်ချမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မဲပေးဖို့ တန်းစီနေတဲ့လူတွေ ည ၆ နာရီအထိ မဲမပေးရသေးဘူးဆိုရင်တော့ တန်းစီတဲ့လူတွေ အကုန်မဲပေးတဲ့အထိ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ 

မဲရုံပိတ်ပြီဆိုတာနဲ့ မဲရေတွက်မှု စတင်ကြမှာဖြစ်ပြီး အောက်လွှတ်တော်အတွက် မဲရေတွက်မှုတွေအတွက် ကြိုတင်မဲတွေကို အဲဒီနေ့မှာပဲ စတင်မှာ ဖြစ်ပါတယ်။ 

စာတိုက်ကနေ ပေးပို့လာတဲ့ မဲတွေကိုတော့ ရွေးကောက်ပွဲနေ့အလွန် ၁၃ ရက်၊ ဇွန်လ ၃ ရက်နေ့အထိ စောင့်ယူမှာ ဖြစ်ပါတယ်။ 

ရွေးကောက်ပွဲရလာဒ်ကို ဘယ်အချိန် သိရမလဲ။

မဲအပြတ်အသတ် နိုင်မှု ဖြစ်ရင်တော့ မဲရုံပိတ်ပြီး နာရီပိုင်းအတွင်းမှာပဲ အဖြေကို သိရမှာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ မဲက သူမသာ ကိုယ်မသာ ဖြစ်နေရင် စာတိုက်ကတဆင့် ပေးပို့တဲ့ မဲတွေကိုပါ စောင့်ယူရမှာဖြစ်လို့ ရလာဒ်ကို ရက်ပိုင်း ဒါမှမဟုတ် သတင်းပတ်နဲ့ချီ စောင့်ဆိုင်းရနိုင်ပါတယ်။ 

 


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now