SKIP TO MAIN CONTENT

mRNA အမျိုးအစား ကာကွယ်ဆေးတွေ ထုတ်လုပ်နိုင်ဖို့အတွက် ဗစ်အစိုးရက ဒေါ်လာသန်း ၅၀ ကုန်ကျခံမယ်

ဗစ်တိုးရီးယား ပြည်နယ် အစိုးရက နည်းပညာသစ်နဲ့ ဖော်စပ်ထားတဲ့ mRNA အမျိုးအစား ကာကွယ်ဆေးတွေကို ပြည်နယ်အတွင်းမှာ ကိုယ်တိုင် ထုတ်လုပ်နိုင်ဖို့အတွက် ဒေါ်လာ သန်း ၅၀ ကုန်ကျခံပြီး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

Australia announces plans to manufacture mRNA vaccines in Victoria
Australia announces plans to manufacture mRNA vaccines in Victoria Source: AAP

2 min read

Published

Source: AAP, SBS



Skip to article content

mRNA နည်းပညာနဲ့ ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေဟာ မြန်မြန်ဆန်ဆန်၊ ဈေးပေါပေါနဲ့ လုံခြုံဘေးကင်းစွာ ထုတ်လုပ်နိုင်တဲ့ နည်းပညာဖြစ်ပြီး အဲဒီနည်းပညာနဲ့ မကြာခင်ကမှ ပေါ်လာတဲ့ ကိုဗစ်-၁၉  ကာကွယ်ဆေး အမျိုးအစား နှစ်ခုကတော့  Pfizer နဲ့ Moderna ကာကွယ်ဆေးတွေ ဖြစ်ကြပါတယ်။ 

အဲဒီ နည်းပညာမျိုးကို ဗစ်တိုးရီးယားပြည်နယ်မှာ လွန်ခဲ့တဲ့ ၁၂ လ တုန်းကတည်းက ရင်းနှီးမြုပ်နှံမှုလုပ်ခဲ့ရင် အကောင်းဆုံး ဖြစ်မှာ ဖြစ်ပေမယ့် ဒီအချိန်မှာ စလုပ်တာလည်း ကောင်းတာပဲလို့ ယာယီ ပြည်နယ်ဝန်ကြီးချုပ် James Merlino က ပြောပါတယ်။ 

လူတိုင်းက ကိုဗစ် ကာကွယ်ဆေးကို လိုချင်နေတဲ့အတွက် နိုင်ငံတကာကနေ ဝယ်ယူရာမှာ နှောင့်နှောင်းကြန့်ကြာမှုတွေ ဖြစ်နေတဲ့အတွက် ပြည်နယ်အတွင်းမှာ ကိုယ်တိုင် ထုတ်လုပ်နိုင်ဖို့ ကြိုးစားတာဖြစ်ပေမယ့် ပြည်နယ်အတွင်းမှာ ထုတ်လုပ်နိုင်တဲ့အဆင့်အထိ ရောက်ရှိ အနည်းဆုံး ၁ နှစ် ကြာမြင့်မှာ ဖြစ်ပါတယ်။

အစိုးရက လာမယ့် ၂ နှစ်အတွင်း တက္ကသိုလ်တွေ၊ ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး လုပ်ကိုင်ဖို့အတွက် အသုံးပြုမှာ ဖြစ်သလို mRNA အမျိုးအစား ကာကွယ်ဆေးထုတ်လုပ်ရေး စက်ရုံကို မဲလ်ဘုန်းမြို့မှာ ထားရှိဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။ 

အစိုးရအနေနဲ့ အခုလို ငွေကြေးတွေ သုံးစွဲပြီး ရင်းနှီးမြုပ်နှံသွားမယ်ဆိုတာ သတင်းကောင်းပဲ ဖြစ်တယ်လို့ ပါမောက္ခ

Peter Doherty က ပြောပါတယ်။ 

ဗိုင်းရပ်စ်က ပြောင်းလဲနေတဲ့အတွက် ကာကွယ်ဆေးတွေ ထပ်မံ လိုအပ်မှာဖြစ်တဲ့အတွက် ကာကွယ်ဆေးကို ကိုယ်တိုင် ထုတ်လုပ်နိုင်ရင် အများကြီ အကျိုးအမြတ် ရှိမယ်လို့ ပြောပါတယ်။ 

လုပ်ငန်း စတင်ဖို့ ပညာရှင်တွေ ရှိနေပေမယ့် အဆောက်အဦး တည်ဆောက်ဖို့နဲ့ အစိုးရ ခွင့်ပြုမိန့်တွေအတွက် အချိန်ယူရမှာ ဖြစ်တဲ့အတွက် တစ်နှစ်လောက် ကြာမယ်လို့ ခန့်မှန်းတာဟာ စောလွန်းပေမယ့် လက်တွေ့တော့ကျတယ်လို့ ပြောပါတယ်။

ဖက်ဒရယ်အစိုးရကလည်း mRNA ကာကွယ်ဆေး အမျိုးအစားတွေကို သြစတြေးလျနိုင်ငံမှာ ထုတ်လုပ်ဖို့ဆိုတာ နိုင်ငံရဲ့ ဦးစားပေးအရာ ဖြစ်တယ်လို့ ပြောဆိုထားတာ ရှိပါတယ်။

ဗစ်တိုးရီးယားပြည်နယ်ရဲ့ ကျန်းမာရေးအရာရှိချုပ် Brett Sutton က AstraZeneca ကာကွယ်ဆေး အမျိုးအစား ပထမ တစ်လုံးကို ထိုးလိုက်ပြီ ဖြစ်ပါတယ်။ 

ဒီဆေးက သူ့ကို ကာကွယ်မှုပေးမှာ ဖြစ်ပြီး ဒုတိယ တစ်လုံးကို နောက် ၁၂ ပတ်အတွင်းမှာ ရရှိမှာဖြစ်ပြီး အတော့်ကို ကာကွယ်မှု ရရှိမှာ ဖြစ်တယ်လို့ ပြောပါတယ်။ 

အဲဒီကာကွယ်ဆေး ထိုးရာက လူတချို့ သွေးကြောထုံး ရောဂါဖြစ်ရာက တချို့က ထိုးရမှာ ကြောက်ကြပေမယ့် ပါမောက္ခ Sutton က ထိုးတဲ့အတွက် အဲဒီဆေးအပေါ် ယုံကြည်မှု ပြန်လည် ရှိလာဖို့ မျှော်လင့်နေကြပါတယ်။ 

အခုလောလောဆယ် အသက် ၅၀ အောက် လူတွေအနေနဲ့ ဖြစ်နိုင်ရင် Pfizer ကာကွယ်ဆေး အမျိုးအစားကို အသုံးပြုကြဖို့ အကြံပြုထားတာ ရှိပါတယ်။ 

အခုလောလောဆယ် လူအများအပြားကို ကာကွယ်ဆေး ထိုးပေးနိုင်မယ့် နေရာတွေ သတ်မှတ်ထားပြီး အဲဒီနေရာတွေကတော့ Royal Exhibition Building, Melbourne Convention and Exhibition Centre နဲ့ Geelong မြို့က Ford ကာ ထုတ်လုပ်ရေး စက်ရုံဟောင်းမှာ ထိုးပေးနေတာဖြစ်ပါတယ်။

အခုလောလောဆယ် အသက် ၇၀ ကျော် သူတွေကို ဦးစားပေးထိုးပေးတဲ့ အဆင့် 1a နဲ့ 1b အဆင့် ဖြစ်ပါတယ်။ 

 

 


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now