SKIP TO MAIN CONTENT

အပူလွန်ကဲတဲ့ အယ်လ်နီညို ရာသီဥတုဖြစ်စဥ် အဖြစ် မိုးလေဝသ ထုတ်ပြန်

ဩစတြေးလျနိုင်ငံမှာ နွေဦးကာလအတွင်း နွေရာသီနဲ့ တူတဲ့ ပူနွေးတဲ့ ရာသီဥတုကို ခံစားနေရပြီး ကျန်းမာရေးကျွမ်းကျင်သူတွေက အပူလွန်ကဲတဲ့ နွေရာသီအတွက် ပြင်ဆင်မှု လုပ်ထားဖို့ အရေးကြီးတယ်လို့ သတိပေးထားပါတယ်။

Getty
Getty

2 min read

Published

By Omoh Bello

Source: SBS


Skip to article content

ဩစတြေးလျနိုင်ငံ မိုးလေဝသဌာန Bureau of Meteorology က ဩစတြေးလျနိုင်ငံဟာ ပူပြင်းခြောက်သွေ့မှုများတဲ့ အယ်လ်နီညို El Niño ရာသီဥတု ဖြစ်စဥ်ထဲ ဝင်ရောက်ပြီလို့ တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

ဆောင်းအကုန် နွေဦးရောက်တာ ၂ ပတ်ကျော်သာ ရှိသေးပေမဲ့ ဩစတြေးလျနိုင်ငံ တလွှားမှာ နွေရာသီလို ခံစားနေရပြီး တောမီးလောင်မှုတွေနဲ့ အပူလွန်ကဲမှုနဲ့ ဆက်စပ်တဲ့ဘေးတွေကို ကြုံကြရမှာကို စိုးရိမ်နေကြပါတယ်။

နွေရာသီ ရာသီဥတုမျိုးကို New South Wales, Queensland, South Australia, နဲ့ Northern Territory မှာ ခံစားနေကြရတာ ဖြစ်ပြီး ဗစ်တိုးရီးယားပြည်နယ်မှာလည်း ပူနွေးနေသာမှုတွေ ခံစားနေရပါတယ်။

အရင်လကတည်းက ဒီနှစ် ဩစတြေးလျနိုင်ငံမှာ မိုးခေါင်ခြောက်သွေ့တဲ့ အယ်လ်နီညို ရာသီဥတု ဖြစ်စဥ် ကြုံရနိုင်တယ်လို့ ခန့်မှန်းကြပြီး ဒီကနေ့မှာတော့ မိုးလေဝသဌာနက အယ်လ်နီညို ရာသီဥတုဖြစ်စဥ် ကြုံနေရပြီဖြစ်တဲ့အကြောင်း တရားဝင် ကြေညာလိုက်တာ ဖြစ်ပါတယ်။

ကမ္ဘာ့မိုးလေဝသ ဌာန World Meteorological Organisation ကလည်း ကမ္ဘာတလွှားမှာ အပူလွန်ကဲမှုတွေကြောင့် El Niño ရာသီဥတု ဖြစ်စဥ် ကြုံနေရပြီလို့ လွန်ခဲ့တဲ့ ၂ ပတ်တုန်းက ကြေညာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်က ကြုံရတဲ့ နွေရာသီထက် ပူပြင်းခြောက်သွေ့မှုတွေကို ကြုံရမှာ ဖြစ်တယ်လို့ မိုးလေဝသဌာနရဲ့ မန်နေဂျာ

Dr Karl Braganza က ပြောပါတယ်။

ကမ္ဘာ့ပင်လယ်ပြင်ရဲ့ အပူချိန်ဟာ ဧပြီလက စပြီး စံချိန်တင်တဲ့ အပူချိန်တွေကို ပြသနေတာဖြစ်တယ်လို့ ပြောပါတယ်။

အပူလျှပ်တာတွေ မဖြစ်အောင် ပြင်ဆင်နေထိုင်ကြဖို့လည်း ကျန်းမာရေးအာဏာပိုင်တွေက သတိပေးထားပါတယ်။

အရေးပေါ်ဌာနမှာ အလုပ်လုပ်သူ Dr Kimberly Humphrey က အပူလွန်ကဲမှုကနေ နေထိုင်မကောင်းဖြစ်တာတွေ၊ ပင်ပန်းနွမ်းနယ်မှုနွေ၊ မူးဝေတာတွေအပြင် အပူလျှပ်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

အပူလျှပ်မှုကနေ ဦးနှောက်ကို ထိခိုက်နိုင်သလို ဝက်ရူးပြန်တက်တာတွေ၊ ကိုမာဝင်တာတွေအပြင် သေဆုံးသွားတဲ့အထိ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။

အပူဒဏ်ကို ဖြတ်ကျော်နိုင်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်နိုင်တယ်လို့လည်း Sweltering Cities အဖွဲ့ရဲ့ ဒါရိုက်တာ Emma Bacon က ပြောပါတယ်။

အိမ်ထဲမှာ ပိုအေးမျှအောင် ဘယ်လို လုပ်ရင်ကောင်းမလဲ၊ အပန်ကာတွေ ပိုလိုအပ်မလား၊ ရေခဲတွေ ပိုလုပ်ထားရမလား၊ အိမ်ထဲကို နေရောင်တွေ ဝင်ရောက်တာမျိုး သက်သာအောင် ဘယ်လို လုပ်မလဲ စတာတွေအတွက် ပြင်ဆင်ထားနိုင်သလို အပူလွန်ကဲမှုတွေ အပူလျှပ်ခြင်း လက္ခဏာတွေကို သိအောင် လုပ်ထားသင့်တယ်လို့လည်း ပြောပါတယ်။

အပူလှိုင်းဖြတ်သွားတဲ့အခါ ဘယ်သူ့ကို သတိတရ စောင့်ကြည့်သင့်သလဲ၊ အဖိုးအဖွားတွေလား၊ ဗိုက်ကြီးသည်လား မိမိလုပ်ဖော်ကိုင်ဖက်လား စတာတွေကိုလည်း စဥ်းစားဖို့ ပြောပါတယ်။

အပူလွန်ကဲမှုဒဏ်ကို မသန်စွမ်းသူတွေ၊ နာတာရှည် ရောဂါသည်တွေ၊ ကိုယ်ဝန်သည်တွေနဲ့ ကလေးငယ်တွေ အများဆုံး ခံစားရနိုင်တယ်လို့လည်း ပြောပါတယ်။

Fire Brigade Employees' Union ရဲ့ ဥက္ကဌဟောင်း Darin Sullivan က အစိုးရအနေနဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ ဆက်စပ်ပြီး ဒီထက်မက အရေးတယူ လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။

ကမ္တာတလွှာက အစိုးရအသီးသီးက ရာသီဥတု ပြောင်းလဲမှုနဲ့ ဆက်စပ်ပြီး အရေးတယူမလုပ်ရင် ရာသီဥတုအခြေအနေ ပိုဆိုးဝါးတာကို မြင်ရမှာဖြစ်ပြီး ရေကြီးမှုတွေ၊ တောမီးလောင်မှုတွေ ပိုမြင်ရမှာ ဖြစ်တယ်လို့ သတိပေးပြောဆိုထားပါတယ်။

Mr Sullivan က မီးသတ်ဌာနတွေကလည်း အစိုးရကို ဒီထက်မက ပံ့ပိုးကူညီမှုတွေ ပေးစေချင်ကြတယ်လို့ ပြောပါတယ်။

မီးသတ်သမားတွေက လွန်ခဲ့တဲ့ ဆယ်စုနှစ်ကြော်ကတည်းက မီးသတ်သမား ဦးရေ ပိုလိုအပ်တဲ့အကြောင်းတွေ၊ စေတနာ့ ဝန်ထမ်းတွေအပြင် အချိန်ပြည့် အလုပ်လုပ်ပြီး လစာရတဲ့ မီးသတ်သမားတွေ ပိုခန့်ဖို့ အရေးကြီးတဲ့အကြောင်း၊ ပိုကောင်းမွန်တဲ့ ပစ္စည်းကိရိယာတွေထားရှိပေးဖို့ တောင်းဆိုနေကြတယ်လို့ ပြောပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now