ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို မကြေညာသေးပေမယ့် ဖြစ်နိုင်ခြေ ရက်တွေက မေလ ၇ ရက် သို့ ၁၄ ရက် သို့ ၂၁ ရက် ဖြစ်နိုင်ပါတယ်။
အခုလောလောဆယ် ရွေးကောက်ပွဲဆိုင်ရာ ကြိုတင်စစ်တမ်းတွေအရ အတိုက်အခံ လေဘာပါတီက ရှေ့ပြေးနေပေမယ့် သုံးသပ်သူတွေကတော့ ရွေးကောက်ပွဲမှာ ဘယ်သူနိုင်မလဲဆိုတာ ပြောရခက်နေသေးတယ်လို့ ဆိုပါတယ်။
ဧပြီလ ၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ Australian newspaper ရဲ့ Newspoll စစ်တမ်းအရ နှစ်ပါတီ ကြိုက်နှစ်သက်မှုမှာ အတိုက်အခံ ဖြစ်နေတဲ့ လေဘာပါတီက အစိုးရဖြစ်နေတဲ့ လစ်ဘရယ်၊ နေရှင်နယ် ညွန့်ပေါင်းအစိုးရထက် ၅၄% - ၄၆% နဲ့ မဲ့သာနေကြောင်း ပြသနေပါတယ်။
၀န်ကြီးချုပ် ကြိုက်နှစ်သက်ရေးမှာတော့ ညွန့်ပေါင်းအစိုးရခေါင်းဆောင် ၀န်ကြီးချုပ် Scott Morrison က အတိုက်အခံ လေဘာပါတီခေါင်းဆောင် Anthony Albanese ထက် ၁% သာ အသာရနိုင်ကြောင်း ပြသနေပြီး ၄၃% - ၄၂% မှာ ရှိနေပါတယ်။
စစ်တမ်းရလဒ်အရ အခုအချိန်မှာသာ ရွေးကောက်ပွဲ ကျင်းပလိုက်ရင် လေဘာပါတီက အနိုင်ရမယ်ဆိုတာကို ပြသတာ ဖြစ်ပေမယ့် အတည်မဆိုလိုနိုင်ဘူးလို့ Flinders University က နိုင်ငံရေးနဲ့ အစိုးရဘာသာရပ်ဆိုင်ရာ တွဲဖက်ပါမောက္ခ Haydon Manning က ပြောပါတယ်။
အရင်တုန်းက စစ်တမ်းမှာ အဲဒီလို အလားတူ ရလဒ် ပြသဖူးပေမယ့် နောက်ပိုင်းမှာ အစိုးရဖြစ်နေတဲ့ဖက်က ပြန်အသာရလာတာမျိုး ကြုံဖူးခဲ့ကြပါတယ်။ အထူးသဖြင့် ဘတ်ဂျက်ကြေညာအပြီးမှာ ဖြစ်ပေါ်တတ်ပြီး ဒီဘတ်ဂျက်မှာ အစိုးရက ငွေတွေအများကြီး သုံးဖို့ ရှိတယ်လို့ ပြောပါတယ်။
Australian National University ရဲ့ သမိုင်းဆိုင်ရာ ပါမောက္ခ Frank Bongiorno ကတော့ အစိုးရပါတီကို လူကြိုက်မများလှပေမယ့် တဖက်မှာလည်း အတိုက်အခံ လေဘာပါတီကို ကြိုက်နှစ်သက်မှု ထိုးတက်လာတာမျိုး မရှိသလို ပြည်နယ် ၃ ခုရဲ့ အခြေအနေကလည်း မတူညီကြတဲ့အတွက် သုံးသပ်သူတွေက ရတိပြတ် သုံးသပ်တာမျိုး မလုပ်ကြတာလို့ ပြောပါတယ်။
ကွင်းစလန်းပြည်နယ်မှာဆိုရင် လေဘာပါတီက ညွန်းပေါင်းနောက်မှာ ရှိနေပြီး အခုလောလောဆယ် ကွင်းစလန်းပြည်နယ်မှာ လေဘာပါတီက လွှတ်တော်နေရာ ၅ ပုံ ၁ ပုံသာ ကိုင်ထားနိုင်တာလို့ ထောက်ပြပါတယ်။
ကွင်းစလန်းပြည်နယ်က အောက်လွှတ်တော်မှာ နေရာ ၁၅၁ ခု ရှိတဲ့အနက် နေရာ ၃၀ လောက် ရရှိတဲ့အတွက် ဒီရွေးကောက်ပွဲမှာ အနိုင်ရချင်ရင် လေဘာပါတီအနေနဲ့ ဒီထက်မက လုပ်ဆောင်အားပေးမှု ရမှ ဖြစ်နိုင်မယ်လို့ ဆိုပါတယ်။
ခေါင်းဆောင် ရွေးချယ်မှုမှာ အရင်တုန်းက လက်ရှိ ၀န်ကြီးချုပ် ဖြစ်နေသူကို လူတွေပိုကြိုက်ကြောင်း ပြသပေမယ့် ဒီတချီတော့ အဲလို မဟုတ်ဘူးလို့
University of Queensland က နိုင်ငံရေးသိပ္ပံဆိုင်ရာ အကြီးတန်း စာပြပုဂ္ဂိုလ် Doctor Glenn Kefford က ပြောပါတယ်။
ခါတိုင်းဆိုရင် လက်ရှိ ၀န်ကြီးချုပ် ဖြစ်နေသူကို ပိုကြိုက်နှစ်သက်ကြောင်း ပြသလေ့ရှိပေမယ့် ဒီနှစ်မှာတော့ အတိုက်အခံပါတီခေါင်းဆောင် Albanese က တခါတရံ ရှေ့ပြေးနေတာမျိုး တွေ့ရတတ်တဲ့အတွက် စိတ်၀င်စားစရာ ဖြစ်တဲ့အကြောင်း၊ အဲဒီလို ဖြစ်ရတာက ရေကြီးမှုဆိုင်ရာ၊ မီးလောင်မှုနဲ့ ကပ်ရောဂါဆိုင်ရာမှာ အစိုးရရဲ့ ကိုင်တွယ်မှုတွေအပေါ် တုန့်ပြန်ကြပုံ ပေါက်တယ်လို့ ဆိုပါတယ်၊
ခေါင်းဆောင် နှစ်ဦးစလုံးဟာ လူကို ကြီးနိုင်ငယ်ညှဥ်းမှု လုပ်တယ်ဆိုပြီး စွပ်စွဲခံကြရပါတယ်။
မတ်လတုန်းက လေဘာပါတီ လွှတ်တော်အမတ် Kimberley Kitching သေဆုံးခဲ့ရတဲ့ ကိစ္စနဲ့ ဆက်စပ်ပြီး ပါတီအတွင်းက လွှတ်တော်အမတ်တွေဖြစ်တဲ့ Penny Wong, Kristina Keneally နဲ့ Katy Gallagher တို့က ကြီးနိုင်ငယ်ညှဥ်းမှု လုပ်ခဲ့တဲ့အတွက် ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ အဲဒီလို စွပ်စွဲချက်တွေကို စွပ်စွဲခံရသူတွေက ငြင်းပယ်ထားပါတယ်။
ပါတီခေါင်းဆောင်ဖြစ်သူ Mr Albanese ကို လစ်လျုရှုမှု လုပ်တယ်၊ ပါတီအတွင်း ပြဿနာကို အရေးယူမှုလုပ်ဖို့ ပျက်ကွက်တယ်ဆိုပြီး စွပ်စွဲကြပါတယ်။
တဖက်မှာလည်း ၀န်ကြီးချုပ် Mr Morrison ဟာ ကြီးနိုင်ငယ်ညှဥ်းမှုလုပ်တယ်ဆိုပြီး လက်အောက်ငယ်သားတစ်ဦးဖြစ်သူ လွတ်တော်အမတ် Concetta Fierravanti-Wells က မတ်လ ၂၉ ရက်မှာ ပြောဆိုလိုက်ပါတယ်။ ၀န်ကြီးချုပ်ကတော့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အဖြစ် ပြန်အရွေးမခံရတဲ့အတွက် သူ့ကို အဲလို စွပ်စွဲတာ ဖြစ်တယ်လို့ ခြေပထားပါတယ်။
တသီးပုဂ္ဂလ လွှတ်တော်အမတ် Jacqui Lambie နဲ့ One Nation လွှတ်တော်အမတ် Pauline Hansonတို့ကလည်း Mr Morrison ဟာ ကြီးနိုင်ငယ်ညှင်းမှု လုပ်သူ ဖြစ်တယ်လို့ ပြောဆိုပေမယ့် ၀န်ကြီးချုပ်က အဲဒီလို ပြောဆိုချက်ကို ငြင်းဆိုထားပါတယ်။
မကြာခင်တုန်းကပဲ ၀န်ကြီးချုပ်ဟာ တခါက သူနဲ့ ကိုယ်စားလှယ်လောင်း ပြိုင်ဖက် ဖြစ်ခဲ့ဖူးသူကို လူမျိုးရေးဆန်တဲ့ အပြောအဆိုမျိုး ပြောခဲ့တဲ့အတွက် ပြစ်တင်ခံနေရပါတယ်။
ခေါင်းဆောင် နှစ်ဦးရဲ့ စရိုက်တွေက ဒီရွေးကောက်ပွဲမှာ အဓိက ကျတယ်လို့ ပါမောက္ခ Manning က ဆိုပါတယ်။
ခေါင်းဆောင်နှစ်ဦးရဲ့ စရိုက်တွေအပြင် တဖက်က ငါတို့သာ စီးပွားရေးကို စီမံတတ်တယ်၊ တဖက်လူက စီးပွားရေးဘာမှ ကိုင်တွယ်တတ်တာ မဟုတ်ဘူးလို့ ပြောမြဲအတိုင်း ပြောနိုင်သလို တဖက်ကလည်း ငါတို့ကသာ ပညာရေးနဲ့ ကျန်းမာရေးမှာ ပိုကောင်းမွန်စွာ ကိုင်တွယ်နိုင်တယ်လို့ ပြောသွားနိုင်တယ်လို့ ပြောပါတယ်။
ဒီရွေးကောက်ပွဲမှာ ရာသီဥတု ပြောင်းလဲရေးကိစ္စကလည်း အဓိကနေရာမှာ ရှိတယ်လို့ သုံးသပ်နေကြပါတယ်။
အဲဒါကြောင့် တသီးပုဂ္ဂလအမတ်တွေလည်း အရေးပေးမှုတွေ ရလာကြတဲ့အတွက် နိုင်ငံရေး အနေအထားမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် ဒီနေ့ခေတ်မှာ ကြိုတင်မဲပေးမှုတွေလည်း များလာတဲ့အတွက် ပါတီတွေရဲ့ အစောပိုင်း ပေါ်လစီကိုသာ ကြည့်ပြီး မဲပေးကြတာမျိုး လုပ်နိုင်တယ်လို့ ဆိုပါတယ်။
တချို့ သုံးသပ်သူတွေက ဒီရွေးကောက်ပွဲမှာ ဘယ်ပါတီမှ မဲအပြတ်အသတ် အနိုင်မရတဲ့ hung parliament ဖြစ်သွားနိုင်တယ်လို့ သုံးသပ်ပါတယ်။
အဲဒီလို အနေအထားရောက်ရင်တော့ ပါတီကြီးတွေအနေနဲ့ ပါတီငယ်တွေ ဒါမှမဟုတ် တသီးပုဂ္ဂလ လွှတ်တော်အမတ်တွေနဲ့ အပေးအယူတွေလုပ်ပြီး အစိုးရဖွဲ့နိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။