SKIP TO MAIN CONTENT

မာတင်လူသာကင်းနဲ့ တွေ့ဖြစ်လို့ Star Trek ရိုက်ကူးရေးကို ဆက်လုပ်ဖြစ်ခဲ့တဲ့ မင်းသမီး ကွယ်လွန်

နာမည်ကြီး မင်းသမီး Nichelle Nichols ဟာ အသက် ၈၉ နှစ်အရွယ်မှာ (စနေနေ့တုန်းက) ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ ၁၉၆၀ ပြည့်နှစ်တွေတုန်းက Star Trek ရုပ်ရှင်မှာ မပါဝင်တော့ဖို့ သူမက ဆုံးဖြတ်ခဲ့ဖူးပေမယ့် မာတင်လူသာကင်း ဂျူနီယာ Martin Luther King Jr နဲ့ တွေ့ဆုံပြီးတဲ့နောက် သူ့ဆုံးဖြတ်ချက်ကို ပြင်လိုက်ပြီး လူမည်းအမျိုးသမီးတွေရဲ့ ကိုယ်စားပြုမှုကို ပြောင်းလဲနိုင်ခဲ့သူ ဖြစ်လာပါတယ်။

Star Trek
Civil rights leader Dr Martin Luther King Jr told Nichelle Nichols - who played Lieutenant Uhura - he was her biggest fan. Source: CBS

2 min read

Published

Updated

By Akash Arora


Skip to article content

Nichelle Nichols ဟာ ရုပ်မြင်သံကြား ဆီးရီး တစ်ခုဖြစ်တဲ့ Star Trek မှာ ဒုဗိုလ်မှူးကြီး Nyota Uhura  အဖြစ် သရုပ်ဆောင်ရသူ ဖြစ်ပါတယ်။

အဲဒီဇာတ်ကား ရိုက်ကူးရေးမှာ မပါဝင်တော့ဖို့ စိတ်ကူးခဲ့ပေမယ့် မာတင်လူသာကင်း ဂျူနီယာရဲ့ ပြောစကားကို ကြားရပြီးတဲ့နောက် စိတ်ပြောင်းခဲ့သူ ဖြစ်ပါတယ်။

 

အဲဒီမင်းသမီးဟာ ကမ္ဘာ့နာမည်ကြီး Star Trek ဇာတ်လမ်းတွဲကို ရိုက်ကူးပြီး တဝက်လောက်မှာပဲ ဆက်မရိုက်ဖို့ စိတ်ကူးခဲ့ဖူးပါတယ်။ 

တကယ်တော့ သူမဟာ ဘယ်လူမည်း အမျိုးသမီးမှ သရုပ်ဆောင်ခွင့်မရခဲ့ဖူးတဲ့ အခန်းမျိုးကို သရုပ်ဆောင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ 

 

အသားအယောင် ခွဲခြားမှုခံရတဲ့ခေတ်မှာ သူမကို အိမ်ဖော်မ အခန်းမျိုးမှာ ပါဝင်သရုပ်ဆောင်ခိုင်းတာမျိုး မဟုတ်ပဲ အာကာသယာဥ်မှာ ဒုဗိုလ်မှူးကြီး နေရာမှာ သရုပ်ဆောင်ရတာ ဖြစ်ပါတယ်။ 

 

ရုပ်ရှင်ထုတ်လုပ်သူ Gene Roddenberry ကို ဒီဇာတ်လမ်းမှာ ဆက်မရိုက်နိုင်တော့ဘူးလို့ ပြောတဲ့အခါ အဲဒီလူက စိတ်မကောင်းဖြစ်မိပြီး ချက်ခြင်းမထွက်နဲ့ဦး ခဏလောက် စဥ်းစားဖို့ အချိန်ပေးမယ်၊ ကျနော် ဒီရိုက်ကူးမှုကနေ ဖြစ်စေချင်တာကို မြင်အောင်ကြည့်ပေးပါ၊ ဒီဇာတ်ကားမှာ ခင်ဗျားကို ဒီလိုနေရာ ခေါ်ရိုက်တာ အရေးကြီးတယ်လို့ သူမကို တုန့်ပြန်ခဲ့တယ်လို့ ပြောပါတယ်။

 

သူမကလည်း ဒါဆို ခဏလေး စဥ်းစားပါ့မယ်လို့ ပြန်ပြောလိုက်တယ်လို့ ပြောပြဖူးပါတယ်။ 

 

အဲဒီနောက် ရက်ပိုင်းအတွင်းမှာပဲ သူမက အခမ်းအနားတစ်ခု တက်ရောက်တုန်း စီစဥ်သူ တစ်ဦးက သူမကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်လို့ ပြောတဲ့အခါမှာ သူက ပရိသတ် တစ်ယောက်ပဲ ဖြစ်မှာပဲလို့ တွေးမိခဲ့တယ်လို့ ဆိုပါတယ်။ 

 

လှည့်ကြည့်လိုက်တဲ့အခါမှာ Dr Martin Luther King က သူမဆီ ဦးတည်လာနေတာကို တွေ့ရပြီး သူ့ရဲ့ fan ဖြစ်တယ်ဆိုပြီး ပြောပါတယ်။ 

 

သူမကလည်း ဒေါက်တာ မာတင်လူသာကင်းတို့အနေနဲ့ အသားအရောင်ခွဲခြားမှုကို ဆန့်ကျင်တဲ့ ချီတက်ဆန္ဒပြပွဲမှာ လိုက်ပါဝင်ချင်တယ်လို့ ပြောတဲ့အခါမှာ မာတင်လူသာကင်းက မပါပါနဲ့၊ ချီတက်ဆန္ဒပြပွဲမှာ ခင်ဗျားကို မလိုဘူး၊ ခင်ဗျားအခုလို တီဗွီဇာတ်လမ်းမှာ ပါဝင်ရိုက်ကူးနေတာက ကျနော်တို့ တိုက်ယူနေတဲ့ တိုက်ပွဲကို ထင်ဟပ်စေတယ်လို့ ပြောပါတယ်။ 

 

သူမက အဲဒီဆီးရီးမှာ မပါတော့ဖို့ စဥ်းစားထားတဲ့အကြောင်း ပြောပြလိုက်တဲ့အခါမှာ မာတင်လူသာကင်းက အဲလို မဆုံးဖြတ်သင့်တဲ့အကြောင်း ဒါရိုက်တာ (Roddenberry) ရဲ့ ကြိုးစားမှုကို ခင်ဗျားသဘောမပေါက်ဘူးလား၊ သူက ကျနော်တို့ လူမည်းတွေမှာ တွေ့မြင်ရသင့်တဲ့ အရည်အချင်းတွေကို ကမ္ဘာက မြင်သွားအောင် သူက လုပ်ပေးတာလို့ ဆိုပြီး သူ့ကို ဖြောင်းဖျခဲ့ပါတယ်။ 

 

သူနဲ့ သူဇနီး Coretta တို့ဟာ တခြားဇာတ်ကားတွေအတွက် ကလေးကို အိပ်ပျက်ခံပြီး စောင့်ကြည့်တာမျိုး ခွင့်မပြုပေမယ့် Star Trek ဇာတ်လမ်းတွဲ တစ်ခုကိုသာ ညနက်အထိ ကြည့်ခွင့်ပေးတာ ဖြစ်တယ်လို့ ပြောပါတယ်။ 

 

အဲဒီလို စကားကြောင့် သူမဟာ လူမည်းအမျိုးသမီးတစ်ဦး ဒုဗိုလ်မှူးကြီး နေရာ သရုပ်ဆောင်ခွင့်ရတဲ့ တန်ဖိုးကို နားလည်ပြီး ဆက်လက် သရုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

 

လူမည်းအမျိုးသမီး တစ်ဦးက သိပ္ပံဇာတ်ကားမှာ ဝင်ရောက် သရုပ်ဆောင်တာဟာ အမျိုးသမီးတွေအတွက် လူနည်းစုတွေအတွက် အားကျစရာဖြစ်ပြီး နာဆာ အာကာသ လုပ်ငန်းမှာ လူနည်းစုတွေ အမျိုးသမီးတွေပါဝင်လာအောင် တွန်းအားပေးမှုလည်း ဖြစ်စေတဲ့အတွက် နာဆာကလည်း Nichelle Nichols ကွယ်လွန်တဲ့အခါမှာ ဂါရဝ ပြုလိုက်ပါတယ်။ 

 

နာမည်ကြီး မင်းသမီး Whoopi Goldberg ကည်း သူ အသက် ၉ နှစ်အရွဉ်တုန်းက Star Trek ဇာတ်လမ်းတွဲကို ကြည့်နေတုန်း Nichelle Nichols ကို တွေ့လိုက်ရတဲ့အခါမှာ အိမ်ကို ပတ်ပြေးပြီး 'မြန်မြန် လာကြည့်ကြပါဦး၊ လူမည်းအမျိုးသမီးတစ်ဦး TV ထဲပါလာတယ်၊ အိမ်ဖော်မအဖြစ် သရုပ်ဆောင်တာမျိုး မဟုတ်ဘူး" ဆိုပြီး အော်ပြောခဲ့ဖူးတယ်လို့ သူနဲ့တွေ့ဆုံစဥ်မှာ Whoopi Goldberg က ပြောပြဖူးတဲ့အကြောင်း Nichelle Nicholson က မကွယ်လွန်ခင်မှာ ပြောခဲ့တာ ရှိပါတယ်။ 


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now