ဂျူလိုင်လ ၂၇ ရက်နေ့ကြရင် ဩစတေးလျတစ်နိုင်ငံလုံးမှာရှိတဲ့ မိုဘိုင်းဖုန်းတိုင်းကနေ အချက်ပေးသံ ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ AusAlert စနစ်ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလထဲမှာ စတင်အသုံးပြုနိုင်တော့မယ့်အတွက် ဖြစ်ပါတယ်။ ဒါပေမဲ့ တရားဝင်မစတင်ခင်မှာ ဒီစနစ်ကို သြစတြေးလျတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စမ်းသပ်ဖို့ လိုအပ်ပါတယ်။
ဒါကြောင့် လာမယ့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်၊ တနင်္လာနေ့မှာ သြစတြေးလျနိုင်ငံအတွင်းမှာရှိတဲ့ မိုဘိုင်းလ်ဖုန်းနဲ့ စက်ပစ္စည်းအားလုံးဆီကို စမ်းသပ်သတိပေးချက်တစ်ခု လက်ခံရရှိကြမှာ ဖြစ်ပါတယ်။ ဒီအထဲမှာ ဖုန်းအများစုအပြင် စမတ်နာရီ (Smart Watch) နဲ့ တက်ဘလက် (Tablet) တချို့လည်း ပါဝင်ပါတယ်။
ဩစတြေးလျနိုင်ငံမှာ သဘာဝဘေးအန္တရာယ်တွေ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေနဲ့ ဇီဝလုံခြုံရေးဆိုင်ရာ အရေးပေါ်အခြေအနေတွေ ဖြစ်လာရင် ပြည်သူတွေကို သတိပေးနိုင်ဖို့အတွက် AusAlert စနစ်သစ်ကို ထားရှိမှာ ဖြစ်ပြီး အဲဒီစနစ် တကယ်အလုပ် လုပ်မလုပ် စမ်းသပ်တာ ဖြစ်ပါတယ်။
တစ်နိုင်ငံလုံး စမ်းသပ်မယ့်အချိန်
ဒီစမ်းသပ်သတိပေးချက်ကို ဇူလိုင်လ ၂၇ ရက်၊ တနင်္လာနေ့မှာ တစ်နိုင်ငံလုံး တစ်ပြိုင်နက်တည်း ပို့လွှတ်သွားမှာ ဖြစ်ပြီး ပြည်နယ်အလိုက် အချိန်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- Australian Capital Territory (ACT): မွန်းလွဲ ၂:၀၀ နာရီ (AEST – UTC+10:00)
- New South Wales (NSW): မွန်းလွဲ ၂:၀၀ နာရီ (AEST – UTC+10:00)
- Queensland (Qld): မွန်းလွဲ ၂:၀၀ နာရီ (AEST – UTC+10:00)
- Tasmania (Tas): မွန်းလွဲ ၂:၀၀ နာရီ (AEST – UTC+10:00)
- Victoria (Vic): မွန်းလွဲ ၂:၀၀ နာရီ (AEST – UTC+10:00)
- Northern Territory (NT): မွန်းလွဲ ၁:၃၀ နာရီ (ACST – UTC+9:30)
- South Australia (SA, Broken Hill အပါအဝင်): မွန်းလွဲ ၁:၃၀ နာရီ (ACST – UTC+9:30)
- Western Australia (WA): နေ့လယ် ၁၂:၀၀ နာရီ (AWST – UTC+8:00)
ဘာတွေဖြစ်လာမလဲ
စမ်းသပ်မယ့်အချိန်ရောက်ရင် သြစတြေးလျနိုင်ငံထဲက မိုဘိုင်းလ်စက်ပစ္စည်းတိုင်းဆီကို AusAlert ရဲ့ အရေးကြီးစမ်းသပ်မှု သတိပေးချက်တစ်ခုတည်းသာ ပို့မှာဖြစ်ပါတယ်။ သြစတြေးလျမှာရှိပြီး စနစ်နဲ့ကိုက်ညီတဲ့ ဖုန်း ဒါမှမဟုတ် တခြားစက်ပစ္စည်းတိုင်း ဒီသတိပေးချက်ကို လက်ခံရရှိမှာ ဖြစ်ပါတယ်။
- စက်ပစ္စည်းတွေဟာ ၁၀ စက္ကန့်ခန့် တုန်ခါ (Vibrate) သွားမှာဖြစ်ပြီး ဥသြဆွဲသံလို သတိပေးအသံမျိုး မြည်လာပါလိမ့်မယ်။
- ဖုန်းမျက်နှာပြင်တွေပေါ်မှာ AusAlert စာတို ပေါ်လာပါလိမ့်မယ်။ အဲဒီစာထဲမှာ ဒါဟာ စမ်းသပ်မှုသက်သက်သာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ရေးထားပါလိမ့်မယ်။
- ဒီသတိပေးချက် ပေါ်လာမယ့် ပုံစံအပြင်အဆင်ဟာ သင့်ဖုန်းအမျိုးအစားနဲ့ အသုံးပြုထားတဲ့ စနစ် (Operating System) ပေါ်မူတည်ပြီး ကွာခြားမှု ရှိနိုင်ပါတယ်။
သတိပေးချက် အမျိုးအစား ၂ မျိုးရှိပြီး အဲဒါတွေက အရေးကြီးဆုံးအဆင့် သတိပေးချက် (Critical Alert) နဲ့ ဦးစားပေးအဆင့် သတိပေးချက် (Priority Alert) တို့ ဖြစ်ပါတယ်။
အရေးကြီးဆုံးအဆင့် သတိပေးချက် (Critical Alert)
ဒါကတော့ အမြင့်ဆုံးအဆင့် သတိပေးချက် ဖြစ်ပါတယ်။ သင့်မှာ အန္တရာယ်ရှိနေနိုင်ပြီး ချက်ချင်း အရေးယူဆောင်ရွက်သင့်တယ်လို့ ဆိုလိုတာပါ။
- သင့်ဖုန်းဟာ ၁၀ စက္ကန့်လောက် တုန်ခါသွားမှာဖြစ်ပြီး ဥသြဆွဲသံလိုမျိုး ကျယ်လောင်တဲ့ သတိပေးသံ မြည်လာပါလိမ့်မယ်။
- သင့်ဖုန်းကို ‘Silent (အသံပိတ်)’ သို့မဟုတ် ‘Do Not Disturb (အနှောင့်အယှက်မပေးရန်)’ မုဒ်တွေ ဖွင့်ထားရင်တောင် ဖုန်းက တုန်ခါပြီး အသံမြည်လာမှာ ဖြစ်ပါတယ်။
- ဒီလို အရေးကြီးဆုံးသတိပေးချက်တွေကို လက်မခံဘဲ ပိတ်ထားလို့ မရပါဘူး။
- ဒါကို မရချင်ဘူးဆိုရင်တော့ ဖုန်းပိတ်ထားတာ (သို့မဟုတ်) အဲရိုပလိန်းမုဒ် ဖွင့်ထားတာပဲ ရှိပါတယ်။ AusAlert သတိပေးချက်တွေမှာ အရေးကြီးတဲ့ အချက်အလက်တွေ ပါဝင်တာကြောင့် ဘေးအန္တရာယ်တွေ ကြုံရချိန်မှာ သင့်ကို ဘေးကင်းစေဖို့အတွက် ဒါကို အမြဲဖွင့်ထားသင့်ပါတယ်။
ဦးစားပေးအဆင့် သတိပေးချက် (Priority Alert)
ဒါကတော့ ခြိမ်းခြောက်မှုအဆင့် မြင့်မားနေပြီး အခြေအနေတွေ ပြောင်းလဲနေတဲ့အခါ အသုံးပြုတာ ဖြစ်ပါတယ်။ 'စောင့်ကြည့်ပြီး သတိရှိရှိ ဆောင်ရွက်ရန်' လို့ ဆိုလိုတာပါ။
- သင့်ဖုန်းဟာ ၁၀ စက္ကန့်လောက် တုန်ခါသွားနိုင်ပြီး ကျယ်လောင်တဲ့ ဥသြဆွဲသံမျိုး မြည်လာနိုင်ပါတယ်။
- ဒါပေမဲ့ ဖုန်းကို ‘Silent’ သို့မဟုတ် ‘Do Not Disturb’ မုဒ်တွေ ဖွင့်ထားရင်တော့ ဖုန်းက တုန်ခါမှာ မဟုတ်သလို အသံလည်း မြည်မှာ မဟုတ်ပါဘူး။
- ဒီ ‘Priority Alert’ သတိပေးချက်တွေကိုတော့ သင့်ဖုန်း Setting ထဲမှာ သွားပြီး ပိတ်ထားလို့ ရပါတယ်။
ဖုန်းအဟောင်းတွေ သုံးနေတာပဲဖြစ်ဖြစ်၊ တခြား operating system တွေ (ဥပမာ GrapheneOS သို့မဟုတ် LineageOS လိုမျိုး) သုံးနေတာပဲဖြစ်ဖြစ် သင့်ဖုန်းဆီ ရောက်လာမယ့် စမ်းသပ်သတိပေးချက်မှာ ‘Presidential Alert’ ဒါမှမဟုတ် ‘Extreme Threat Alert’ ဆိုတဲ့ ခေါင်းစဉ်မျိုး ပြနေနိုင်ပါတယ်။ ခေါင်းစဉ်ကွဲပေမဲ့ သတိပေးချက်ထဲက အကြောင်းအရာကတော့ အတူတူပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖုန်းအဟောင်းတချို့က သြစတြေးလျ စံနှုန်းတွေအတိုင်း မလုပ်ထားတာကြောင့် သြစတြေးလျရဲ့ 'AusAlert' ခေါင်းစဉ်အစား အမေရိကန် သို့မဟုတ် နိုင်ငံတကာသုံး သတိပေးချက် ခေါင်းစဉ်မျိုး ပေါ်လာတတ်လို့ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီအချက်ပေးသံကြောင့် အိမ်တွင်းအကြမ်းဖက်မှုခံနေရပြီး ဖုန်းအပိုကို လျှို့ဝှက်သိမ်းဆည်းထားရသူတွေအတွက် အန္တရာယ်ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။
နားဆင်နိုင်ပါပြီ။






