ရက်သတ္တပတ်ပေါင်းများစွာ သံတမန်ရေးအရ ကြိုးပမ်းခဲ့ကြပြီး ပိုမိုကျယ်ပြန့်တဲ့ သဘောတူညီချက်ရဖို့ နီးစပ်နေပြီလို့ အဖန်ဖန်ပြောဆိုနေကြပေမဲ့လည်း အရှေ့အလယ်ပိုင်းဒေသတစ်ခွင်မှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
ခရူးဆိတ်ခေတ်က အဆိုပါ ခံတပ်ကြီးဟာ လီတာနီတောင်ကြား (Litani Valley) ကို အပေါ်စီးကနေ မြင်ရပြီး စစ်ရေးအရ အရေးပါတဲ့ နေရာတစ်ခုအဖြစ် ကာလကြာရှည် သတ်မှတ်ခံထားရတာပါ။
ဒီစစ်ဆင်ရေးဟာ အလှည့်အပြောင်းတစ်ခု ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ပြောပါတယ်။
"ကျနော်တို့ အစ္စရေးစစ်တပ် (IDF) ကို လေဘာနွန်နိုင်ငံထဲမှာ စစ်ဆင်ရေးတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ညွှန်ကြားထားပါတယ်။ ဘိုဖော့ခံတပ်ကို သိမ်းပိုက်နိုင်ခဲ့တာဟာ ကျနော်တို့ ဦးဆောင်နေတဲ့ မူဝါဒရဲ့ ထူးခြားတဲ့ အဆင့်တစ်ခု၊ ထူးခြားတဲ့ ပြောင်းလဲမှုတစ်ခုပါပဲ။ ကျနော်တို့ ကြောက်စိတ်ဆိုတဲ့ အတားအဆီးကို ဖြိုဖျက်နိုင်ခဲ့ပါပြီ။ ကျနော်တို့ဘက်ကပဲ ဦးစီးဦးဆောင်ပြုပြီး ဆီးရီးယား၊ ဂါဇာနဲ့ လေဘာနွန် စတဲ့ စစ်မျက်နှာအားလုံးမှာ စစ်ဆင်ရေးတွေ လုပ်ဆောင်နေပါတယ်။"
ဒီစစ်ဆင်ရေးအပေါ် ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန် အပါအဝင် နိုင်ငံအတော်များများက ဝေဖန် ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။
ပြင်သစ်နိုင်ငံက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အရေးပေါ်အစည်းအဝေးတစ်ခု ခေါ်ယူဖို့ တောင်းဆိုထားပြီး၊ လက်ဘနွန်ဝန်ကြီးချုပ် နာဝါ့ဖ် ဆလမ် (Nawaf Salam) ကတော့ အစ္စရေးဟာ တစ်စုတစ်ဖွဲ့လုံးကို စုပေါင်းအပြစ်ပေးတဲ့နည်းလမ်း (collective punishment) ကို သုံးနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။
အစ္စရေးဘက်ကတော့ ဒီစစ်ဆင်ရေးဟာ လက်ဘနွန်တောင်ပိုင်းက ဟစ်ဇ်ဘိုလာတို့ရဲ့ အခြေစိုက်စခန်းတွေကို အားနည်းသွားအောင် လုပ်ဖို့ ရည်ရွယ်တာလို့ ပြောပါတယ်။
တရားဝင်အားဖြင့် အပစ်အခတ်ရပ်စဲရေး သတ်မှတ်ထားဆဲ ဖြစ်ပေမဲ့လည်း ဂါဇာမှာ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတဲ့အချိန်မှာပဲ ဒီတိုက်ပွဲတွေ ပေါ်ပေါက်လာတာပါ။
ဂါဇာမြို့ရဲ့ ဆိပ်ကမ်းအနီး လေကြောင်းရန် တိုက်ခိုက်မှုတစ်ခုကြောင့် လူနှစ်ဦး သေဆုံးပြီး အနည်းဆုံး လူတစ်ဆယ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
မြို့ထဲမှာ ကျန်ရှိနေသေးတဲ့ အနည်းငယ်သော အများပြည်သူ အပန်းဖြေရာနေရာတွေထဲက တစ်ခုမှာ အရပ်သားတွေ စုဝေးနေကြချိန် ဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
"ဒီစခန်းက ဘေးကင်းတဲ့နေရာ၊ လူဦးရေ ထူထပ်တဲ့နေရာလို့ သတ်မှတ်ထားတာပါ။ လူနှစ်ယောက်က ဆိပ်ကမ်းမှာ လေညင်းခံဖို့၊ လာအပန်းဖြေဖို့ ရောက်လာတာတင် ရှိသေးတယ်၊ ဒရုန်းတစ်စင်းက သူတို့ကို ဒုံးကျည်တစ်စင်းနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့လို့ တစ်ယောက်ဆိုရင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အပိုင်းပိုင်း ပြတ်ထွက်သွားခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးက ဘယ်မှာလဲ။ နေ့တိုင်း သွေးထွက်သံယိုတွေ ဖြစ်နေပြီး၊ နေ့တိုင်း တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်နေရတဲ့အချိန်မှာ အပစ်အခတ်ရပ်စဲရေးက ဘယ်မှာလဲလို့ ကျွန်မတို့ ကမ္ဘာကြီးကို မေးချင်ပါတယ်။"
အပစ်အခတ်ရပ်စဲရေးကြောင့် အကြီးစားတိုက်ပွဲတွေ လျော့နည်းသွားပေမဲ့ နှစ်ဖက်စလုံးကတော့ တစ်ဖက်နဲ့တစ်ဖက် သဘောတူညီချက် ချိုးဖောက်နေတယ်လို့ အပြန်အလှန် စွပ်စွဲနေကြဆဲ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ၊ ပဋိပက္ခတွေ ဒေသတွင်းကို ပိုမိုကျယ်ပြန့်မသွားအောင် တားဆီးဖို့ သံတမန်ရေးအရ ကြိုးပမ်းမှုတွေ ဆက်ရှိနေပါတယ်။
အီရန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ လက်ရှိအပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးဖို့နဲ့ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
နားဆင်နိုင်ပါပြီ






