Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

စားနေတဲ့ အစားအသောက်တွေက ဘယ်ကလာသလဲဆိုတာ သိလား။ ဒီသိပ္ပံပညာရှင်ကတော့ သိပါတယ်

Nuclear scientist Dr Debashish Mazumder is working to end food fraud (SBS-Spencer Austad)
Credit: SBS

တစ်ကမ္ဘာလုံးမှာ နှစ်စဉ်နှစ်တိုင်း လူသန်းပေါင်းများစွာဟာ မသန့်ရှင်းတဲ့အစားအသောက်တွေ ဒါမှမဟုတ် အဆိပ်အတောက်ဖြစ်စေတဲ့ အစားအသောက်တွေကြောင့် ဖျားနာနေကြရပါတယ်။ တချို့ကတော့ 'အစားအသောက် လိမ်လည်မှု' (Food Fraud) ကြောင့် ဖြစ်ရပါတယ်။


Published

Updated

By Sandra Fulloon

Presented by Mu Laing Thein

Source: SBS


Share this with family and friends


တစ်ကမ္ဘာလုံးမှာ နှစ်စဉ်နှစ်တိုင်း လူသန်းပေါင်းများစွာဟာ မသန့်ရှင်းတဲ့အစားအသောက်တွေ ဒါမှမဟုတ် အဆိပ်အတောက်ဖြစ်စေတဲ့ အစားအသောက်တွေကြောင့် ဖျားနာနေကြရပါတယ်။ တချို့ကတော့ 'အစားအသောက် လိမ်လည်မှု' (Food Fraud) ကြောင့် ဖြစ်ရပါတယ်။


အမြတ်အစွန်းရဖို့အတွက် အစားအသောက်တွေကို တမင်တကာ အတုလုပ်တာ၊ အညွှန်းအမှားတပ်တာ ဒါမှမဟုတ် ပစ္စည်းတုတွေနဲ့ ရောနှောရောင်းချတာမျိုးတွေကြောင့် ဖြစ်ရတာပါ။ အဲဒီလို ပြဿနာကြောင့် ဒေါ်လာဘီလီယံနဲ့ချီ ဆုံးရှုံးနေရတဲ့အတွက် ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သြစတြေးလျ သိပ္ပံပညာရှင်တွေက နည်းလမ်းအသစ်တွေကို ဖော်ထုတ်လိုက်တဲ့အကြောင်းကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

 သြစတြေးလျမှာ ပွဲတော်ရက်တွေ ကျင်းပတဲ့ ကာလအတွင် ပင်လယ်စာရောင်းအားတွေဟာ ထိုးတက်နေပါတယ်။ ဒါပေမဲ့ ပေးလိုက်ရတဲ့စျေးနဲ့ တန်တဲ့ပစ္စည်းကိုရော အမြဲတမ်းရရဲ့လား ဆိုတာ မေးခွန်းထုတ်စရာပါ။ စားသုံးသူတွေရဲ့ ယုံကြည်မှုရရှိစေဖို့အတွက်၊ စျေးထဲက ငါးတွေက ဘယ်ကနေ လာသလဲ ဆိုတဲ့ မူရင်းဒေသကို စမ်းသပ်စစ်ဆေးဖို့ နျူကလီးယား သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒေါက်တာ ဒေဘာရှစ် မာဇမ်ဒါ (Dr Debashish Mazumder) ဟာ သြစတြေးလျ နျူကလီးယား သိပ္ပံနှင့် နည်းပညာအဖွဲ့ (ANSTO) မှာ အစားအသောက် မူရင်းဒေသ လေ့လာရေးစီမံကိန်းကို ဦးဆောင်နေသူဖြစ်ပြီး သူက အခုလို ပြောပါတယ်။

"ကျွန်တော်တို့ ဖော်ထုတ်ထားတဲ့ ဒီနည်းပညာက အစားအသောက်တစ်ခုရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ခြေရာ (environmental fingerprint) ကို အဓိကထား ခွဲခြမ်းစိတ်ဖြာတာပါ။ ဒီအရာတွေကို Machine Learning စနစ်နဲ့ အဖြေရှာပြီးတော့ ဒီပစ္စည်းဟာ ဘယ်ကလာသလဲဆိုတာကို တိတိကျကျ အတည်ပြုပေးနိုင်ပါတယ်။"

ငါးရဲ့တစ်ရှူးထဲမှာရှိတဲ့ ကယ်လ်ဆီယမ် ဒါမှမဟုတ် ကြေးနီလိုမျိုး ဒြပ်စင်တွေကို ခြေရာခံခြင်းအားဖြင့်၊ ဒီငါးဟာ ဘယ်မှာ မျိုးပွားခဲ့လဲ၊ ဘာတွေစားခဲ့လဲနဲ့ ဘယ်မှာ ကြီးထွားခဲ့လဲဆိုတာကို အတိအကျ ဖော်ပြနိုင်ပါတယ်။ ဓာတ်ခွဲခန်းထဲမှာဆိုရင် သတ္တုတွင်းတူးဖော်ရေးကနေ ဆင်းသက်လာတဲ့ လက်ကိုင်စကင်နာ (scanner) လေးနဲ့တင် 'သြစတြေးလျသဘာဝဖမ်းဆီးရမိငါး' လို့ အညွှန်းတပ်ထားတဲ့ငါးဟာ တကယ်တမ်း အာရှက ငါးမွေးကန်ကလာတာလား ဆိုတာကို ခွဲခြားနိုင်ပါတယ်။ အာရှမှာ မွေးတဲ့ငါးကို ဩစတြေးလျက ငါးလို့ ရောင်းချရင် ဒါကို 'အစားအသောက် လိမ်လည်မှု' လို့ ခေါ်တယ်လို့ ပြောပါတယ်။

"ဒါဟာ အခြေခံအားဖြင့်တော့ ပိုက်ဆံရဖို့အတွက် ပစ္စည်းရဲ့ မူရင်းအရင်းအမြစ်နဲ့ အရည်အသွေးကို စားသုံးသူတွေကို လိမ်ညာတာပါ။ ဒီနည်းပညာကတော့ ကပ်ထားတဲ့ အညွှန်းစာတန်း မှန်၊ မမှန်ကို သေချာစေပါတယ်။ ကျွန်တော်တို့ရဲ့ ငါးလုပ်ငန်းစီမံခန့်ခွဲမှုဟာ ကမ္ဘာမှာ အကောင်းဆုံးတွေထဲက တစ်ခုလို့ သတ်မှတ်ခံထားရပါတယ်။ ဒါကြောင့်လည်း သြစတြေးလျက အရည်အသွေးမြင့် ပရီမီယံ ထုတ်ကုန်တွေ ထုတ်လုပ်တယ်ဆိုပြီး ကမ္ဘာမှာ နာမည်ကောင်းရနေတာပါ။"

သြစတြေးလျရဲ့ ပင်လယ်စာလုပ်ငန်းဟာ တစ်နှစ်ကို ဒေါ်လာ ၄ ဘီလီယံအထိ တန်ဖိုးရှိပါတယ်။ သြစတြေးလျဟာ ပင်လယ်စာတွေ အများကြီး တင်ပို့နေပေမဲ့ ဒီမှာရောင်းသမျှရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကတော့ ပြည်ပက တင်သွင်းတာပါ။ အဲဒီအချက်ကပဲ လိမ်လည်မှုဖြစ်နိုင်ခြေကို ပိုများစေပါတယ်။ Karen Constable ဟာ Food Fraud Advisors ရဲ့ အဓိက အတိုင်ပင်ခံတစ်ဦးဖြစ်ပြီး သူက အခုလို ပြောဆိုထားပါတယ်။

"စီးပွားရေးအမြတ်အစွန်းအတွက် အစားအသောက်တွေကို တမင်တကာ အတုလုပ်တာ၊ အညွှန်းမှားကပ်တာ ဒါမှမဟုတ် တခြားဟာနဲ့ အစားထိုးတာတွေဟာ အစားအသောက်လိမ်လည်မှု ဖြစ်ပြီး ဒါဟာ တစ်ကမ္ဘာလုံးဆိုင်ရာရဲ့ ဒေါ်လာဘီလီယံချီတဲ့ ပြဿနာြဖစ်ပါတယ်။ ကျွန်မတို့ဆီမှာ ကုန်ပစ္စည်းတွေ ဝယ်ယူရောင်းချတဲ့ ကွင်းဆက်တွေက ပိုပြီး ရှုပ်ထွေးလာပါတယ်။ ဒါကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကြည့်ရင် အစားအသောက် လိမ်လည်မှုတွေက ပိုပိုပြီး များလာ၊ ဆိုးလာတယ်လို့ လုပ်ငန်းရှင်တွေက ယူဆနေကြပါတယ်။"

၂၀၂၁ ခုနှစ် AgriFutures Australia ရဲ့ အစီရင်ခံစာအရ တစ်ကမ္ဘာလုံးမှာ အစားအသောက် လိမ်လည်မှုကြောင့် တစ်နှစ်ကို ဒေါ်လာ ၇၅ ဘီလီယံလောက်အထိ ဆုံးရှုံးနေရပြီး၊ သြစတြေးလျ တစ်နိုင်ငံတည်းမှာတင် ဒေါ်လာ ၃ ဘီလီယံလောက် ရှိပါတယ်။ လိမ်လည်မှု အများဆုံးဖြစ်နိုင်တဲ့ ကဏ္ဍတွေထဲမှာ ဝိုင်၊ ပျားရည်နဲ့ ပင်လယ်စာတွေ ပါဝင်ပါတယ်။ ပရော်ဖက်ဆာ ဂျက်စ် ဆမ်မတ် (Professor Jes Sammut) ဟာ New South Wales တက္ကသိုလ်က ရေနေသတ္တုမွေးမြူရေး သုတေသနအဖွဲ့ကို ဦးဆောင်နေသူပါ။ ပင်လယ်စာအပါအဝင် အစားအသောက်တွေရဲ့ မူရင်းဒေသကို စစ်ဆေးပေးနိုင်မယ့် နည်းပညာအသစ်တွေကို လုပ်ငန်းရှင်တွေဘက်ကလည်း ထောက်ခံကြတယ်လို့ သူက ဆိုပါတယ်။

"ပင်လယ်စာတွေဟာ ထုတ်လုပ်တဲ့နေရာကနေ လက်လီအရောင်းဆိုင်တွေဆီ ရောက်ရှိတဲ့အထိ အလွန်ရှည်လျားတဲ့ ထောက်ပံ့ရေးကွင်းဆက် (supply chain) ရှိပါတယ်။ အဲဒီ ထောက်ပံ့ရေးကွင်းဆက်တစ်လျှောက်မှာ လိမ်လည်လှည့်ဖြားမှုတွေ လုပ်ဆောင်နိုင်ခြေရှိတဲ့ ပါဝင်ပတ်သက်သူ အမျိုးမျိုး ရှိနေကြပါတယ်။ ဒါကြောင့် ပစ္စည်းတစ်ခုဟာ ဘယ်နေရာကနေ လာသလဲဆိုတာကိုသာမက၊ ဘယ်လိုပုံစံနဲ့ ထုတ်လုပ်ခဲ့သလဲ (ဆိုလိုတာက သဘာဝအတိုင်း ဖမ်းဆီးရမိတာလား ဒါမှမဟုတ် မွေးမြူရေးကနေ လာတာလား) ဆိုတာကိုပါ စစ်ဆေးအတည်ပြုနိုင်မယ့် နည်းပညာရှိဖို့က အလွန်ကို အရေးကြီးပါတယ်။"

အစားအသောက် လိမ်လည်မှုကြောင့် ဖြစ်လာတဲ့ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကလည်း အကြီးအကျယ်ပါပဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အဆိုအရ တစ်ကမ္ဘာလုံးမှာ မသန့်ရှင်းတဲ့ အစားအသောက်တွေကြောင့် နှစ်စဉ် လူဦးရေ သန်း ၆၀၀ ဖျားနာနေပြီး၊ ၄ သိန်း ၂ သောင်းလောက် သေဆုံးနေရပါတယ်။ ဒေါက်တာ မာဇမ်ဒါ ကတော့ ဒီလို အဆိပ်အတောက်ဖြစ်စေတဲ့ ပြဿနာဟာ သြစတြေးလျမှာလည်း ဆိုးရွားတဲ့ ပြဿနာတစ်ခု ဖြစ်နေတယ်လို့ ဆိုပါတယ်။

"ဒါဟာ ဘက်တီးရီးယားတွေကြောင့်လည်း ဖြစ်နိုင်သလို၊ ဗိုင်းရပ်စ်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး ပြဒါးတို့၊ ခဲတို့လို သတ္တုဓာတ်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဓိကကတော့ ဒါတွေဟာ ကျန်းမာရေးအခြေအနေကို ထိခိုက်စေတာပါပဲ။"

အခုနှစ် ဇူလိုင်လကစပြီး သြစတြေးလျက စားသောက်ကုန်လုပ်ငန်းတွေဟာ ပင်လယ်စာ ဟင်းလျာတိုင်းမှာ ဘယ်နိုင်ငံကလာတယ်ဆိုတဲ့ မူရင်းဒေသကို အညွှန်းတပ်ဖို့ ဥပဒေသစ်အရ သတ်မှတ်ခံရတော့မှာဖြစ်ပြီး၊ မလိုက်နာရင် ဒဏ်ရိုက်ခံရမှာပါ။ မစ္စ ကွန်စတေဘယ်လ် (Ms Constable) ကတော့ ဒီအပြောင်းအလဲကို ကြိုဆိုပါတယ်။

[[သြစတြေးလျနိုင်ငံသားတွေအနေနဲ့ ကျွန်rတို့က သြစတြေးလျ ပင်လယ်စာကို ဝယ်နေတယ်လို့ ထင်ရင်၊ ကိုယ်ပေးလိုက်တဲ့ပိုက်ဆံနဲ့ ထိုက်တန်တဲ့ပစ္စည်းကို ရ၊ မရ တကယ်ပဲ သိချင်ကြတာပါ။ တကယ်တမ်းမှာတော့ ဈေးသက်သာတဲ့ ပြည်ပက ပင်လယ်စာတွေကို သြစတြေးလျမှာ မွေးမြူထားတဲ့ ပင်လယ်စာတွေနေရာမှာ အစားထိုးခံရနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။]]

ပြည်ပမှာ ဈေးကြီးပေးရတဲ့ ပစ္စည်းတွေကို သြစတြေးလျထွက်ဆိုပြီး အညွှန်းအမှားတပ် ရောင်းချတဲ့အခါမှာလည်း လိမ်လည်မှုတွေ ဖြစ်နိုင်တယ်လို့ မစ္စ ကွန်စတေဘယ်လ်က ဆိုပါတယ်။

[[ချယ်ရီသီး၊ သိုးသား ဒါမှမဟုတ် ပုစွန်တွေဟာ သြစတြေးလျထွက်လို့ ပြောထားပေမဲ့ တကယ်တမ်း မဟုတ်တာမျိုးတွေ ရှိနိုင်ပါတယ်။ ဒီလို အစားအသောက် လိမ်လည်သူတွေကို အရေးယူဖို့ဆိုရင် ခိုင်လုံတဲ့ နည်းပညာအထောက်အထားမရှိဘဲနဲ့တော့ တရားစွဲဖို့ တော်တော်ခက်ပါတယ်။]]

ဒေါက်တာ မာဇမ်ဒါ ရဲ့ အဆိုအရ သြစတြေးလျရဲ့ ဌာနေထွက် ကာကာဒူ ဆီးသီး (Kakadu plum) ဟာ အတုနဲ့ အစားထိုးခံရဖို့ အလားအလာ အများဆုံး ပစ္စည်းတွေထဲမှာ ပါဝင်ပါတယ်။

[[ကျွန်တော်တို့က ဖြန့်ချိသူ ၉ ဦးဆီကနေ ဝယ်ယူခဲ့တာဖြစ်ပြီး အားလုံးက ပြည်ပက ဖြန့်ချိသူတွေပါ။ အဲဒီမှာ ကျွန်တော်တို့ တွေ့ရှိခဲ့တာက အားလုံးဟာ အတုတွေဖြစ်ပြီး စစ်မှန်တဲ့ ကာကာဒူ ဆီးသီးမှုန့်တွေ မဟုတ်ကြပါဘူး။]]

ANSTO အဖွဲ့ဟာ သူတို့ရဲ့ နည်းပညာကို တစ်ကမ္ဘာလုံးဆီ ဖြန့်ကျက်နေပြီး၊ အစားအသောက် မူရင်းဒေသ လေ့လာရေး စီမံကိန်းအသစ်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ကြီးမားတဲ့ ဒေတာဘေ့စ် (data bases) တွေ တည်ဆောက်ဖို့ သိပ္ပံပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ သိပ္ပံအစီအစဉ် ခေါင်းဆောင် ပက်ထရစ်ရှာ ဂတ် (Patricia Gadd) က အခုလို ရှင်းပြပါတယ်။

[[ကျွန်မတို့ဟာ သြစတြေးလျတစ်ဝန်းလုံးက အစားအသောက် ထုတ်ကုန်တွေရဲ့ ဒေတာဘေ့စ်ကို တည်ဆောက်နေတာပါ။ အခုဆိုရင် သြစတြေးလျတင်မကဘဲ အရှေ့တောင်အာရှ နိုင်ငံအတော်များများကလည်း ကျွန်မ တို့နဲ့ ပူးပေါင်းနေပါပြီ။ ဒါကြောင့် ကျွန်မ တို့ဟာ များပြားလှတဲ့ နမူနာပစ္စည်းတွေနဲ့ မတူညီတဲ့ အစားအသောက် ထုတ်ကုန် အမျိုးအစားပေါင်းစုံ ပါဝင်တဲ့ ဒေတာဘေ့စ်တစ်ခုကို တည်ဆောက်နေပါတယ်။]]

အစားအသောက် မူရင်းဒေသကို ခြေရာခံဖို့ဆိုတာ ဒေါက်တာ မာဇမ်ဒါ အတွက်တော့ ဆယ်စုနှစ်တစ်ခုစာလောက် စိတ်အားထက်သန်စွာ လုပ်ဆောင်နေတဲ့ စီမံကိန်းတစ်ခုဖြစ်ပြီး၊ မကြာခင်မှာ ဒီနည်းပညာကတစ်ဆင့် လူတိုင်းဟာ အစားအသောက်တွေရဲ့ မူရင်းဇာစ်မြစ်ကို ပိုပြီး မြင်သာလာလိမ့်မယ်လို့ သူက မျှော်လင့်နေပါတယ်။

[[တစ်နေ့မှာ စားသုံးသူတွေဟာ သူတို့ရဲ့ စမတ်ဖုန်းကိုသုံးပြီး ဘားကုဒ် (barcode) လေးကို စကင်န်ဖတ်လိုက်ရုံနဲ့ အဲဒီပစ္စည်းထဲမှာပါတဲ့ ဒြပ်စင်ဖွဲ့စည်းပုံတွေကို တွေ့နိုင်ပါလိမ့်မယ်။ အဲဒါက သတ်မှတ်ထားတဲ့ ပတ်ဝန်းကျင်နဲ့ ဆက်စပ်နေတာမို့လို့ သူတို့ဝယ်နေတဲ့ ပစ္စည်းဟာ စစ်မှန်တဲ့နေရာက လာတာ ဟုတ်၊ မဟုတ် အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။]]

ဒါကတော့ SBS ရဲ့ "Small Business Secrets" အစီအစဉ်အတွက် ဆန်ဒရာ ဖူးလွန်း (Sandra Fulloon) တင်ဆက်ခဲ့တဲ့ သတင်းဖြစ်ပါတယ်။

 


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now