ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေ ရောက်ရှိလို့လာပါပြီ။ ဒီပွဲစဉ်မှာတော့ နိုင်ငံတကာ ဘောလုံးလောကရဲ့ အကြီးမားဆုံး ပြိုင်ဘက်ဟောင်းကြီးနှစ်သင်းဖြစ်တဲ့ ပြင်သစ်နဲ့ စပိန်တို့ဟာ သူတို့ရဲ့ပြိုင်ဆိုင်မှုကို တစ်ကျော့ပြန် ဆန်းသစ်ကြတော့မှာပါ။ မနက်ဖြန်မှာ ကစားမယ့် ဒီအကြိတ်အနယ်ပွဲစဉ်မတိုင်ခင် အသင်းနှစ်ဖက်လုံးရဲ့ နောက်ဆုံးရသတင်းတွေနဲ့ ပြင်ဆင်မှုတွေကို ကျွန်မတို့ အသေးစိတ် တင်ဆက်ပေးသွားပါမယ်။ ဒါကတော့ ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၃၃ ရက်မြောက်နေ့ သတင်းစုစည်းမှု ဖြစ်ပါတယ်။
ပြင်သစ်နဲ့ စပိန်တို့ရဲ့ ပွဲဟာဆိုရင် ဒီပြိုင်ပွဲတစ်ခုလုံးမှာ ပရိသတ်တွေ အမျှော်လင့်ဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်ပါတယ်။ ဖီဖာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတက်လှမ်းခွင့်ရဖို့အတွက် အဲဒီနှစ်သင်းဟာ မနက်ဖြန် ဒါးလတ်စ် (Dallas) မြို့မှာ ထိပ်တိုက်တွေ့ဆုံကြမှာပါ။
ပြင်သစ်အသင်းအတွက်ကတော့ ဒီပွဲဟာ ပိုပြီးတော့ ထူးခြားတဲ့ အဓိပ္ပာယ်ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆီမီးဖိုင်နယ်ပွဲစဉ်ဟာ ပြင်သစ်နိုင်ငံရဲ့ အမျိုးသားနေ့ဖြစ်တဲ့ ‘Bastille Day’ (ဘက်စတီးလ်နေ့) နဲ့ တိုက်တိုက်ဆိုင်ဆိုင် ကျရောက်နေပြီး... ဒါဟာ နိုင်ငံတော်ရဲ့ အမျိုးသားနေ့မှာ ပြင်သစ်အသင်း ပထမဆုံးအကြိမ် ကစားရမယ့် ကမ္ဘာ့ဖလား ပွဲစဉ်လည်း ဖြစ်ပါတယ်။
ပြင်သစ်အသင်းခေါင်းဆောင်လည်းဖြစ်၊ ရွှေဖိနပ်ဆုရနိုင်တဲ့ ကစားသမားတွေထဲမှာ တစ်ဦးဖြစ်နေတဲ့ ကီလီယန် အမ်ဘာပေ (Kylian Mbappé) ဟာ မော်ရိုကိုနဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ခြေကျင်းဝတ် ဒဏ်ရာအနည်းငယ် ရရှိခဲ့ပေမယ့်လည်း... အခုပွဲစဉ်မှာတော့ ကြံ့ခိုင်မှုပြည့်ဝစွာနဲ့ ပါဝင်ကစားနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ပြင်သစ်အသင်းအတွက် နောက်ထပ် သတင်းကောင်းတစ်ခုကတော့... ပေါင်ခြံဒဏ်ရာကြောင့် ပြီးခဲ့တဲ့ နှစ်ပွဲလုံးကို လွဲချော်ခဲ့တဲ့ ကွင်းလယ်လူ အော်ရီလီယန် ချူအာမေနီ (Aurélien Tchouaméni) လည်း အခုပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်ဖို့ ကြံ့ခိုင်မှု ပြည့်ဝနေပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ကြိမ် တွေ့ဆုံမှုတုန်းက စပိန်အသင်းကပဲ အနိုင်ရရှိထားပေမယ့်လည်း... ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အဆင့်ဆိုတာ တခြားအဆင့်နဲ့ လုံးဝဥဿုံ ကွဲပြားခြားနားတဲ့ အခြေအနေတစ်ခု ဖြစ်တယ်လို့ ပြင်သစ်နည်းပြ ဒီဒီယာ ဒေရွှမ့် (Didier Deschamps) က အခုလို ပြောပါတယ်။
“ကလဲ့စားချေချင်တဲ့ စိတ်မျိုး ကျွန်တော်တို့ဆီမှာ မရှိပါဘူး။ ပြီးခဲ့တာတွေက အတိတ်မှာ ကျန်ရစ်ခဲ့ပါပြီ။ အဲဒီနှစ်ပွဲမှာ စပိန်က နိုင်ခဲ့တာဖြစ်လို့ သူတို့ကို ချီးကျူးပါတယ်။ ကျွန်တော့်အတွက် စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ မနက်ဖြန်ပွဲစဉ်ပါပဲ။ အဲဒီတုန်းက ကစားသမား အများစုက အခုထိ ရှိနေသေးတာမို့ ပြီးခဲ့တဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူလို့တော့ ရပါတယ်။ ဥပမာ - လာမင်း ယာမားလ် (Lamine Yamal) ကိုပဲ ကြည့်ကြည့်ပါ။ သူ့ရဲ့ အရည်အသွေးတွေကို ကျွန်တော်တို့ အားလုံး သိကြပါတယ်။ သူက အဲဒီတုန်းကတည်းက ဒီအသင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တာပါ။ ကျွန်တော်တို့ဆီမှာလည်း အဲဒီတုန်းက ပါဝင်ခဲ့တဲ့ ကစားသမားတွေ ရှိပါတယ်၊ အချို့ကတော့ အခုအချိန်မှာ ခြေစွမ်းပုံစံ မတူတော့တာမျိုး ရှိနိုင်တယ်လို့ ပြောပေမယ့် ဒါက ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲပါ။ ဗိုလ်လုပွဲတက်လှမ်းခွင့် ရမယ့်နေရာတစ်ခုအတွက် အစွမ်းကုန် ကစားကြရမှာ ဖြစ်ပါတယ်။”
ဗိုလ်လုပွဲ တက်ရောက်ရာ လမ်းကြောင်း - https://canva.link/22hs11ocv9208u3
နောက်ရက် ပွဲစဥ် - https://canva.link/fhi449e1vfmhlf3
—————-
စပိန်အသင်းဟာ ဒီပြိုင်ပွဲရဲ့ အကောင်းဆုံးနဲ့ အပြည့်စုံဆုံး အသင်းတစ်သင်းအဖြစ် ရပ်တည်နေပြီး... ကွင်းလယ်စိုးမိုးမှု ကောင်းကောင်းနဲ့ ကစားနိုင်သလို၊ ဆီမီးဖိုင်နယ်အထိ တက်လှမ်းလာတဲ့ ခရီးစဉ်တစ်လျှောက်လုံးမှာလည်း ပြိုင်ဘက်ကို တစ်ဂိုးတည်းသာ သွင်းခွင့်ပြုထားတဲ့ ကျောက်ဆောင်လို ခိုင်မာတဲ့ ခံစစ်တန်းကို ပိုင်ဆိုင်ထားပါတယ်။
ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရပေမယ့်လည်း... သူတို့အသင်းအပေါ် ဘာဖိအားမှ ပိုပြီး သက်ရောက်မှု မရှိဘူးလို့ စပိန်နည်းပြ လူးဝစ် ဒီ လာ ဖွန်တေး (Luis de la Fuente) က အခုလို ပြောပါတယ်။
“ကျွန်တော်တို့ ပြင်သစ်အသင်းကို သေသေချာချာ အသေးစိတ် လေ့လာထားပါတယ်။ ဒီပြိုင်ပွဲအတွင်းတင် မဟုတ်ပါဘူး၊ ကျွန်တော်တို့ အချင်းချင်း သိကျွမ်းလာခဲ့ကြတာ နှစ်တော်တော်ကြာပါပြီ။ ခင်ဗျားပြောတာလည်း ဟုတ်ပါတယ်။ သူတို့ဆီမှာ ထူးချွန်ပြောင်မြောက်တဲ့ ပါရမီရှင် ဘောလုံးသမားတွေ ရှိသလို ကျွန်တော်တို့ဆီမှာလည်း ရှိပါတယ်။ တကယ်တော့ ဒီပွဲရဲ့ ရည်ရွယ်ချက်က ကိုယ့်ရဲ့ ကစားဟန်နဲ့ ပုံစံကို ပြိုင်ဘက်အပေါ် လွှမ်းမိုးနိုင်ဖို့ ကြိုးစားရမှာဖြစ်ပြီး... တစ်ချိန်တည်းမှာပဲ ပြိုင်ဘက်ရဲ့ အားသာချက်တွေနဲ့ စွမ်းဆောင်ရည်တွေကို အနည်းဆုံးဖြစ်အောင် ထိန်းချုပ်သွားဖို့ ဖြစ်ပါတယ်။ ဒါဟာ ဘောလုံးပွဲရဲ့ သဘာဝပါပဲ။ ဒီအချက်တွေ အားလုံးမှာ ဟန်ချက်ညီညီနဲ့ စွမ်းဆောင်နိုင်တဲ့အသင်းက အနိုင်ရဖို့ ပိုနီးစပ်လေ့ရှိပေမယ့်လည်း... ဒါက အောင်နိုင်မှုကို ရာနှုန်းပြည့် အာမမခံနိုင်ပါဘူး။”
စပိန်အသင်းဟာ နီကို ဝီလျံစ် (Nico Williams) နဲ့ ရေရီမီ ပီနို (Yeremy Pino) တို့ကို အသင်းထဲ ပြန်လည်ကြိုဆိုဖို့ ပြင်ဆင်ထားပေမယ့်... ဒဏ်ရာကြောင့် ပြိုင်ပွဲကနေ လွဲချော်ခဲ့တဲ့ ဗစ်တာ မူညိုးဇ် (Víctor Muñoz) ကတော့ ပါဝင်နိုင်ဖို့ မသေချာသေးပါဘူး။ ဒီနေ့မှာပဲ အသက် ၁၉ နှစ်ပြည့် မွေးနေ့ကို ဖြတ်သန်းခဲ့တဲ့ ဆယ်ကျော်သက် လူငယ်ပါရမီရှင် Lamine Yamal လာမင်း ယာမားလ် နဲ့ပတ်သက်ပြီးတော့တော့... နည်းပြ လူးဝစ် ဒီ လာ ဖွန်တေး က ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့ရဲ့ အကောင်းဆုံး အခိုက်အတန့်တွေက ရှေ့မှာ လာဦးမှာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။
ပြင်သစ်နဲ့ စပိန်တို့ဟာ ဖီဖာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတက်လှမ်းခွင့်အတွက် ဒါးလတ်စ်မြို့မှာ ထိပ်တိုက်တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ တိုက်ရိုက်ထုတ်လွှင့်မှုကို SBS နဲ့ SBS On Demand တို့ကနေ သြစတြေးလျ အရှေ့ဖက် စံတော်ချိန် (AEST) မနက် ၄ နာရီမှာ စတင် ပြသသွားမှာ ဖြစ်ပါတယ်။
အဲဒီနောက် ကြာသပတေးနေ့မှာတော့... အာဂျင်တီးနားနဲ့ အင်္ဂလန်တို့ဟာ ဒုတိယမြောက် ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး၊ အဲဒီပွဲကိုလည်း သြစတြေးလျ အရှေ့ဖက်စံတော်ချိန် (AEST) မနက် ၄ နာရီကစတင်ပြီး SBS နဲ့ SBS On Demand တို့ကနေ တိုက်ရိုက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
အခုနားဆင်ခဲ့ရတာတွေကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၃၃ ရက်မြောက်နေ့အတွက် 'World Cup Daily Update' (ကမ္ဘာ့ဖလား နေ့စဉ်သတင်းစုစည်းမှု) ကို နားဆင်ခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်မက မူလှိုင်းသိမ့်ပါ။
၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပွဲစဉ်တိုင်းကို SBS နဲ့ SBS On Demand တို့ကနေ အခမဲ့ တိုက်ရိုက် ကြည့်ရှုလိုက်ပါ။






