လူသွားလမ်းကို လုံခြုံဘေးကင်းစွာ အသုံးပြုခြင်းလို့ ဆိုရာမှာ သာမာန် အသိတရား (common sense) ရှိရုံနဲ့ ဖြစ်နိုင်တဲ့ အရာဖြစ်ပေမယ့် တခါတရံ အဲဒါနဲ့တင် မလုံလောက်ဘူးလို့ NRMA က လမ်းလုံခြုံဘေးကင်းရေးဆိုင်ရာ ကျွမ်းကျင်သူ Dimitra Vlahomitros က ပြောပါတယ်။
လမ်းဖြတ်ကူးသူတွေဟာ လမ်းနဲ့ ပတ်သက်တဲ့ အန္တရာယ်ကို ကြုံတွေ့ရနိုင်ဖို့ အလားအလာအများဆုံး လူတွေထဲပါဝင်ပါတယ်။ အများဆုံး အန္တရာယ်ကြုံရနိုင်တဲ့ လူတွေက လူငယ်နဲ့ ကလေးငယ်တွေအပြင် သက်ကြီးတွေနဲ့ မူးနေတဲ့လူတွေ ဖြစ်တယ်လို့ ပြောပါတယ်။
ဩစတြေးလျနိုင်ငံရဲ့ လူသွားလမ်းဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေဟာ တချို့လူတွေအတွက် ပြင်းထန်လွန်းတယ်လို့ ထင်စရာဖြစ်ပေမယ့် အဲဒီဥပဒေမှာ လမ်းကို မျှဝေအသုံးပြုနေကြတဲ့လူတွေနဲ့ လမ်းတွေ အားလုံး လုံခြုံဘေးကင်းရေးအတွက် ထားရှိပေးထားတာ ဖြစ်ပါတယ်။
Royal Automobile Club of Victoria (RACV) အဖွဲ့ရဲ့ ပေါ်လစီဆိုင်ရာ အရာရှိချုပ် James Williams ရဲ့ အဆိုအရ pedestrian လို့ ပြောတဲ့အခါမှာ အဓိပ္ပာယ် အမျိုးမျိုး ရှိတယ်လို့ ပြောပါတယ်။
ဩစတြေးလျနိုင်ငံမှာ pedestrian လို့ ပြောတဲ့အခါမှာ လူသွားလမ်းပေါ် ဒါမှမဟုတ် လမ်းမပေါ်မှာ လမ်းလျှောက်သွားနေတဲ့ လူတွေကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ စက်ဘီး ဒါမှမဟုတ် skateboard, roller skates, roller blades, wheelchairs, မသန်စွမ်းသူတွေ၊ သက်ကြီးသူတွေစီးတဲ့ mobility scooter လို ဘီးပါတဲ့ တခြားအရာတွေကို တွန်းနေတဲ့လူတွေလည်း pedestrian တွေ ဖြစ်ပါတယ်။ အဲဒီတော့ mobility scooter အသုံးပြုတဲ့လူကိုလည်း ဥပဒေအရ pedestrian လို့ပဲ သတ်မှတ်ထားပါတယ်။
ပြည်နယ်အလိုက် ဒေသအလိုက်မှာ အဲဒီလို စည်းမျဥ်းစည်းကမ်းတွေကို ချမှတ်ထားတာရှိပေမယ့် တပြည်နယ်နဲ့ တပြည်နယ်မှာ ကွဲပြားမှုတွေ ရှိပါတယ်။
တချို့လူတွေက လမ်းဖြတ်ကူးတဲ့နေရာမှာ စည်းကမ်းချိုးဖောက်တာမျိုးကို နေ့တိုင်းပဲ ပြုလုပ်နေကြတယ်လို့ Ms Vlahomitros က ပြောပါတယ်။
အထွေထွေအားဖြင့်တော့ ကျမတို့ လမ်းဖြတ်ကူးဖို့အတွက် သတ်မှတ်ပေးထားတဲ့ ဆိုင်းဘုတ်တွေရှိပြီး အဲဒီလို နေရာကနေ လမ်းဖြတ်ကူးရင် လုံခြုံဘေးကင်းမှုရှိတဲ့ လမ်းဖြတ်ကူးခြင်း ဖြစ်ပါတယ်။ မီးပွိုင့်မှာဆိုရင် လူရုပ်က အစိမ်းရောင်ပြတဲ့အခါမှ လမ်းဖြတ်ကူးတာမျိုး လုပ်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီ ဥပဒေကတော့ ဩစတြေးလျ တခွင်မှာ အတူတူပဲ ဖြစ်ပါတယ်။ လမ်းသွားဖို့အတွက် မီးနီပြထားတဲ့အချိန် (လူရုပ်က နီနေတဲ့အချိန်) ဒါမှမဟုတ် မီးပွိုင့်နဲ့ မီတာ ၂၀ အတွင်း ဝေးတဲ့နေရာမှာ လမ်းဖြတ်သွားရင် ဥပဒေနဲ့ မညီတဲ့ လုပ်ရပ် jaywalking အဖြစ် သတ်မှတ်တယ်လို့ Pedestrian Council of Australia အဖွဲ့ကို တည်ထောင်သူလည်းဖြစ် စီအီးအိုလည်းဖြစ်သူ Harold Scruby က ပြောပါတယ်။
[A pedestrian is] in fact anyone pushing a bicycle or using a wheeled device such as a skateboard, roller skates, rollerblades, wheelchairs, but also mobility scooters.”James Williams, Head of Policy, RACV

ဩစတြေးလျနိုင်ငံမှာ jaywalking ဆိုတဲ့ ဥပဒေမရှိပါဘူး၊ အဲဒါက အမေရိကန်ကနေ လာတဲ့ အိုင်ဒီယာဖြစ်ပါတယ်။ ဒါပေမဲ့ ဩစတြေးလျနိုင်ငံမှာ စည်းမျဥ်းစည်းကမ်းကို ရှင်းလင်းစွာ သတ်မှတ်ထားပါတယ်။ လမ်းဖြတ်ကူးတဲ့လူတွေဟာ ဖြတ်သွားဖြတ်လာလုပ်ဖို့ သတ်မှတ်ပေးထားတဲ့နေရာရဲ့ မီတာ ၂၀ အတွင်းမှာ ရှိမနေရင် ဒါမှမဟုတ် လူရုပ်မီးနီတာမျိုး ဖြစ်မနေရင် ဒါမှမဟုတ် မီးပွိုင့်ရဲ့ ဥပဒေကို မချိုးဖောက်ဘူးဆိုရင် ကြိုက်တဲ့နေရာမှာ လမ်းဖြတ်ကူးခွင့်ရှိတယ်လို့ ပြောပါတယ်။
နယူးဆောက်သ်ဝေးလ် ပြည်နယ်မှာဆိုရင် အနီရောင်မီးကို မှိတ်တုတ်မှိတ်တုတ်နဲ့ အချက်ပြထားနေတုန်း လမ်းဖြတ်ကူးရင် ဒဏ်ကြေးပေးဆောင်ရနိုင်ပါတယ်။
လူရုပ်နဲ့ အချက်ပြမီးတွေ မရှိရင်လည်း မျဥ်းကြားတွေကို ရှာကြည့်ပြီး အဖြူရောင် မျဥ်းကြားတွေ သုတ်ထားတဲ့ နေရာကနေ လမ်းဖြတ်ကူးနိုင်ပြီး အဲဒီလိုနေရာကနေ လမ်းဖြတ်ကူးတဲ့လူတွေကို ကားတွေက ရှောင်ပေးရမှာ ဖြစ်ပါတယ်။
နယူးဆောက်ဝေးလ်မှာ လူသွားလမ်းအတွက် ထားပေးတဲ့ မီး နီနေတုန်း လမ်းဖြတ်ကူးရင် ဒဏ်ငွေပေးဆောင်ရနိုင်ပါတယ်။
အချက်ပြမီးတွေ မထားပေးတဲ့ နေရာမှာ လမ်းဖြတ်ကူးချင်ရင် zebra crossing လို့ ခေါ်တဲ့ အဖြူရောင် မျဥ်းကြားသုတ်ထားတဲ့ မျဥ်းကြားတွေရှိတဲ့နေရာကို ရှာပြီး လမ်းဖြတ်ကူးရမှာ ဖြစ်ပါတယ်။
တခါတလေကြရင် မျဥ်းကြားတွေအစား လူဖြတ်ကူးရမယ့်နေရာမှာ လမ်းကို မို့မို့လေးဖြစ်အောင် မြင့်ထားတာမျိုး လုပ်ပြီး အဲဒါကို wombat crossing လို့လည်း ခေါ်ပါတယ်။
ဒါပေမဲ့ တခါတလေ လူတွေက လူဖြတ်ကူးဖို့အတွက် အနည်းငယ် မြင့်ထားတဲ့ wombat crossing ကို ကားတွေ အရှိန်လျှော့မောင်းဖို့အတွက် လုပ်ထားတဲ့ လမ်း အဖုအထိ speed hump နဲ့ မှားတတ်တယ်လို့ Ms Vlahomitros က ပြောပါတယ်။

ဒီဟာက ကားအရှိလျှော့မောင်းအောင် ထားတဲ့ speed hump အခုံးလေးလား ဒါမှမဟုတ် လမ်းဖြတ်ကူးဖို့အတွက် ထားပေးတဲ့ အခုံးလားဆိုတာ ဇဝေဇဝါ ဖြစ်နိုင်ပါတယ်။ တခါတလေကြရင် ကောင်စီတွေကနေ လူဖြတ်ဖို့နေရာ မဟုတ်တဲ့ အခုံးဖြစ်ကြောင်း လူတွေသိအောင် ဘေးနားမှာ အပင်တွေနဲ့ ကာထားတာမျိုး လုပ်ပေးတတ်ပါတယ်။ အဲဒီတော့ လူသွားလမ်းက ကိုယ့်ကို ဟိုဖက်အထိ သွားနိုင်အောင် ဖွင့်ထားပေးတဲ့ နေရာဟုတ်မဟုတ်ဆိုတာကို ကြည့်နိုင်ပါတယ်။ ဒါမှမဟုတ် လူဖြတ်သွားနေတဲ့ ဆိုင်းဘုတ် ဒါမှမဟုတ် ခြေနှစ်ခြောင်းပါတဲ့ ဆိုင်းဘုတ် တတ်ထားသလား မတတ်ထားဘူးလားစသည်ဖြင့် လမ်းဖြတ်ကူးဖို့ နေရာဟုတ်မဟုတ် ပြထားတဲ့ ပုံတွေကို ကြည့်ပြီး သိနိုင်တယ်လို့ ပြောပါတယ်။
လမ်းဖြတ်ကူးရမယ့် အခုံးမဟုတ်ရင် ခြံလို အနည်းငယ် ကာဆီးထားတဲ့ အရာ ဒါမှမဟုတ် no pedestrian access ဆိုတဲ့ လမ်းမဖြတ်ကူးရ ဆိုတဲ့ ဆိုင်းဘုတ်တွေ အနီးအနားမှာ ထောင်ထားနိုင်ပါတယ်။
ကားတွေ အရှိန်လျှော့မောင်းဖို့အတွက် ထားပေးတဲ့ speed hump အခုံးတွေမှာ ဆိုရင် အဖြူရောင် မျဥ်းကြား ဆွဲထားပေးတာလည်း မရှိပဲ အဝါနဲ့ အနက်ရောင် မျဥ်းကြောင်းတွေ ထားရှိပေးသလို တခါတရံမှာ ပီယာနို ကီးဘုတ်တွေလို အရှည်အတို မတူညီတဲ့ အဖြူရောင် မျဥ်းကြောင်းတွေ ဆွဲထားပေးပါတယ်။
လမ်းဖြတ်ကူးတဲ့အခါမှာ လုံခြုံဘေးကင်းစွာ ဖြတ်ကူးဖို့ အင်မတန် အရေးကြီးတယ်လို့ Mr Williams က ပြောပါတယ်။

လမ်းဖြတ်ကူးဖို့ နေရာ အနီးအနားမှာ ရှိပြီး ကိုယ်က အဲဒီ လမ်းဆုံကို မသုံးမပြုတဲ့ အနေအထားမှာ လမ်းဖြတ်ကူးချင်ရင် တဖက်လမ်းကို ရောက်ဖို့ အတိုဆုံး ဖြတ်မယ့် နေရာမှာ လမ်းဖြတ်ကူးသင့်ပြီး လမ်းထောင့်နေရာမှာ လမ်းဖြတ်ကူးမှု မလုပ်ဖို့ အရေးကြီးပါတယ်။ နောက်တစ်ခု လူတွေ သိထားရမှာက အဲဒီလို နည်းနဲ့ လမ်းဖြတ်ကူးတာဟာ ဥပဒေနဲ့ မကိုက်ညီသလို အဲဒီနေရာမှာ ကားအသွားအလာရှိတဲ့နေရာ ဖြစ်တဲ့အတွက် မိမိကိုယ်ကို မတော်တဆမှု ဖြစ်သွားစေနိုင်တဲ့ အနေအထားကို ပို့ဆောင်သလို ဖြစ်နေလို့ သတိထားဖို့ ရှင်းပြထားပါတယ်။
လမ်းဖြတ်ကူးတဲ့အခါမှာ လမ်းကို အသုံးပြုနေတဲ့ တခြားလူတွေအတွက်လည်း ထည့်တွက်ရမှာဖြစ်ပြီး အဲလို ဂရုစိုက်မှု မရှိခြင်းက ဒဏ်ကြေးတွေ ရနိုင်တယ်လို့ Mr Williams က ပြောပါတယ်။
အများအားဖြင့်တော့ လမ်းမှာ pavement တွေnature strip တွေ ဘေးနားမှာ ရှိတဲ့အခါ လမ်းမပေါ် သွားလာရင် တရားမဝင်ပါဘူး။ ဒါပေမဲ့ pavement နဲ့ nature strip တွေ မရှိရင် လမ်းမပေါ်မှာ လမ်းလျှောက်လို့ ရပါတယ်။ လမ်းဖြတ်ကူးတဲ့အခါမှာ ကားတွေ လာနေတဲ့ဖက်ကို မျက်နှာမူပြီး သွားလာဖို့ RACV က အကြံပြုထားပါတယ်။ ကားတွေလာတဲ့ဖက်ကို မျက်နှာခြင်းဆိုင်ပြီး လမ်းလျှောက်တာက ကားကို နောက်ကျောပေးထားတာမျိုးထက် ပိုမို ဘေးကင်းလုံခြုံတယ်လို့ ပြောပါတယ်။
လမ်းဖြတ်ကူးခြင်းနဲ့ ဆိုင်တဲ့ စည်းမျဥ်းစည်းကမ်းတွေဟာ တပြည်နယ်နဲ့ တပြည်နယ်မှာ ဆင်တူကြပေမဲ့ ဒဏ်ကြေးဆောင်ရတဲ့အခါမှာ မတူညီကြပါဘူး။ ဥပမာ ဗစ်တိုးရီးယားပြည်နယ်ရဲ့ ဒဏ်ကြေးက မြင့်လေ့ရှိတယ်လို့ Mr. Williams က သတိပေးထားပါတယ်။
'Pedestrian zombies' are well known right around the world, and they unfortunately are responsible for causing a lot of road trauma.Harold Scruby, CEO, Pedestrian Council of Australia
လမ်းဖြတ်ကူးခြင်းဆိုင်ရာ ဒဏ်ကြေးအရ လမ်းအချက်ပြမီးကို လိုက်နာမှု မရှိရင် ဒါမှမဟုတ် လမ်းဖြတ်ကူးဖို့ လုပ်ထားတဲ့ နေရာနားရဲ့ မီတာ ၂၀ အတွင်းမှာ လမ်းဖြတ်ကူးရင် ဒဏ်ကြေးအနေနဲ့ ဒေါ်လာ ၉၆ ပေးရနိုင်ပါတယ်။ လူသွားလမ်းသွယ်မှာ လမ်းမလျှောက်ပဲ လမ်းမပေါ်မှာ လမ်းလျှောက်ရင်လည်း ၉၆ ဒေါ်လာ ဆောင်ရနိုင်ပါတယ်။ ရဲတွေက လမ်းဖြတ်ကူးဖို့အတွက် လမ်းညွန်ပေးနေတာကို လိုက်နာဖို့ ပျက်ကွက်ရင် ဒဏ်ကြေးအတွက် ၃၈၅ ဒေါ်လာ ပေးရနိုင်တယ်လို့ ရှင်းပြခဲ့ပါတယ်။
လမ်းဖြတ်ကူးတဲ့ ဥပဒေကို မလိုက်နာတဲ့အခါတိုင်း ဒဏ်ကြေးပေးရတာ မဟုတ်ပါဘူး ဒါပေမဲ့ လုံခြုံဘေးကင်းစွာ လမ်းဖြတ်ကူးခြင်းဟာ တစ်ဦးတစ်ယောက်စီရဲ့ တာဝန်ဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး အပြန်အလှန် နားလည်စာနာခြင်းကလည်း အရေးပါနိုင်ပါတယ်။
ဥပမာ လမ်းလျှောက်တဲ့အခါမှာ အားလုံးက ဘယ်ဖက်ကို ကပ်ပြီး သွားလာတဲ့အခါမှာ ရှုတ်ထွေးမှု နည်းပြီး အဆင်ပြေပြေနဲ့ လမ်းကို ပိုလျှောက်နိုင်ကြမှာ ဖြစ်ပါတယ်။ ပြီးရင် လမ်းလျှောက်တုန်း မိမိရဲ့ အာရုံကို ဆွဲယူသွားတဲ့ ဖုန်းနဲ့ တခြား ကိရိယာ အသုံးပြုမှုကို သတိထားဖို့လည်း အကြံပြုထားပါတယ်။
လူအများအပြားဟာ လမ်းဖြတ်ကူးရင်း သူတို့ရဲ့ ဖုန်းကိုပဲ အာရုံစိုက်ပြီး လမ်းအနေအထားကို သတိမထားတော့တာမျိုးတွေ များပြားနေပါတယ်။ ဖုန်းကို အာရုံပြုနေကြလို့ Zombie သွေးစုတ်ဖုတ်ကောင်လိုပဲ သွားလာနေကြပတဲ့အတွက် ‘pedestrian zombies’ ဆိုတဲ့ အသုံးအနှုန်းတွေလည်း ထွက်ပေါ်လာပါတယ်။
Pedestrian zombie တွေဟာ ကမ္ဘာတလွှားမှာ လူသိများတဲ့ အရာဖြစ်ပြီး အဲဒီလို လမ်းသွားလမ်းလာမှုကြောင့် လမ်းမှာ မတော်တဆမှု အများကြီး ဖြစ်စေပါတယ်။ ဖုန်းနည်းပညာတွေ တအားကို တိုးတက်လာတာနဲ့အမျှ လူတွေဟာ လမ်းသွားတဲ့အခါမှာ သတိတွေလွတ်ပြီး ဖုန်းပေါ်မှာပဲ အာရုံစိုက်ထားကြတာမျိုး ဖြစ်ကြရပါတယ်။ သူတို့က ဖုန်းကို ကြည့်နေတာ ဒါမှမဟုတ် ဖုန်းနားထောင်နေတာမျိုး လုပ်ပြီး လမ်းသွားရင်း ဖြစ်နိုင်တဲ့ အန္တရာယ်ကို သတိမမူနိုင်ကြတာမျိုး ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။
တချို့ ပြည်နယ်နဲ့ တချို့ကောင်စီမှာ လမ်းသွားလာတဲ့အခါမှာ စိတ်အာရုံက တခြားနေရာမှာ ရှိနေရင် ဒဏ်ကြေးတတ်တာမျိုး ရှိပေမယ့် သိပ်ပြီး ရှင်းရှင်းလင်းလင်း ဖော်ပြခြင်း မရှိပါဘူး။ အဲဒါကြောင့် အဲဒီလို ဥပဒေကို သတ်သတ်မှတ်မှတ် ချမှတ်နိုင်ဖို့ Pedestrian Council of Australia က ကြိုးစားနေပါတယ်။
လက်ထဲမှာ ဖုန်းလို ကိရိယာကို ကိုင်ထားရင် ရဲတွေက လမ်းဖြတ်ကူးရာမှာ အာရုံကို အနှောင့်အယှက် ဖြစ်စေတယ်လို့ ပြောဆိုနိုင်ပြီး အဲဒီအတွက် ဒေါ်လာ ၂၀၀ ဒဏ်ကြေးဆောင်ရနိုင်ပါတယ်။ အဲဒီလို လုပ်ရင် နံပတ်တစ်အနေနဲ့ မတော်တဆ ဖြစ်မှုကို သက်သာစေနိုင်သလို အဲဒီလို ပြုမှုနေကြလူတွေကို သင်ခန်းစာတွေ ရရှိစေမှာ ဖြစ်ပါတယ်။ အခုလောလောဆယ် လမ်းဖြတ်ကူးခြင်းဆိုင်ရာ ဥပဒေတွေ ထားရှိပေမယ့် အသက်သွင်း အရေးယူမှုတွေ အင်မတန် နည်းပါးတယ်လို့ ပြောသွားခဲ့ပါတယ်။
လမ်းဖြတ်ကူးခြင်း ဆိုင်ရာ ဥပဒေနဲ့ ပတ်သက်ပြီး သင်နေထိုင်ရာ ပြည်နယ်အလိုက်နဲ့ ဆိုင်တဲ့ ဥပဒေတွေကို National Transport Commission ရဲ့ ဝဘ်ဆိုက်မှာ လေ့လာနိုင်ပါတယ်။






