ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး သွင်းယူနိုင်တဲ့ ဘုရင်တစ်ပါး ပေါ်ထွက်လာခဲ့သလို၊ မုန်တိုင်းကြောင့်လည်း ဒီပြိုင်ပွဲရဲ့ ပထမဆုံးအကြိမ် ပွဲစဉ်ရွှေ့ဆိုင်းမှု ဖြစ်ပွားခဲ့ပါတယ်။ ဒါကတော့ ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ၁၂ ရက်မြောက်နေ့ သတင်းအကျဉ်းချုပ်ပဲ ဖြစ်ပါတယ်။
အာဂျင်တီးနား ကစားသမား လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းတဲ့ ကစားသမား ဖြစ်လာခဲ့ပါပြီ။ ဒါးလပ်စ် (Dallas) မြို့မှာ ကစားခဲ့တဲ့ပွဲမှာ အာဂျင်တီးနားက သြစတြီးယားကို ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရပြီး အုပ်စု (J) ရဲ့ ပထမနေရာနဲ့အတူ နောက်ကောက်ကျော့အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တဲ့ပွဲမှာ မက်ဆီက ၂ ဂိုးစလုံး သွင်းယူပေးခဲ့တာပါ။ ပွဲအစောပိုင်းမှာ ရရှိခဲ့တဲ့ ပင်နယ်တီကို မက်ဆီတစ်ယောက် လွဲချော်ခဲ့ပေမဲ့ ပထမပိုင်း မပြီးခင်မှာ တစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး၊ ဒုတိယပိုင်းမှာလည်း နောက်ထပ်တစ်ဂိုး ထပ်မံဖြည့်စွက်ခဲ့တာကြောင့် သူ့ရဲ့ ကမ္ဘာ့ဖလား သွင်းဂိုးစုစုပေါင်းဟာ ၁၈ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဒီအုပ်စုထဲကပဲ အခြားပွဲစဉ်တစ်ခုမှာတော့ အယ်လ်ဂျီးရီးယားက ဂျော်ဒန်ကို နောက်ကနေ လိုက်ကစားပြီး ၂ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာကြောင့် ဒီနှစ်ပြိုင်ပွဲရဲ့ ပထမဆုံး အမှတ်တွေကို စတင်ပိုင်ဆိုင်သွားခဲ့ပါပြီ။ ပထမပိုင်းမှာ ဂျော်ဒန်က အရင်ဦးဆောင်ဂိုး သွင်းယူခဲ့ပေမဲ့ ဒုတိယပိုင်းမှာ အယ်လ်ဂျီးရီးယားက ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို သွင်းယူပြီး အနိုင်ပွဲကို ဖော်ဆောင်သွားခဲ့တာပါ။
အုပ်စု (I) မှာတော့ သြစတြေးလျနိုင်ငံသား ဂရေဟမ် အာနိုးလ် (Graham Arnold) ကိုင်တွယ်နေတဲ့ အီရတ်အသင်းဟာ ဖီလာဒဲလ်ဖီးယားမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ပြင်သစ်ကို ၃ ဂိုး၊ ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲမှာ Kylian Mbappé ကီလီယန် အမ်ဘာပေ က သူ့ရဲ့ နိုင်ငံတကာပွဲအကြိမ် ၁၀၀ ပြည့်မြောက်မှုကို ၂ ဂိုး သွင်းယူပြီး အောင်ပွဲခံသွားခဲ့တာပါ။ ဒီပွဲစဉ်ဟာ ရာသီဥတု ဆိုးရွားလွန်းတာကြောင့် နှစ်နာရီကျော်ကြာ ရွှေ့ဆိုင်းခဲ့ရပြီး ဒါဟာ ဒီနှစ်ပြိုင်ပွဲရဲ့ ပထမဆုံးအကြိမ် ရာသီဥတုကြောင့် ပွဲစဉ်အနှောင့်အယှက် ကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ နော်ဝေက ဆီနီဂေါကို ၃ ဂိုး၊ ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အာလင်း ဟာလန်း (Erling Haaland) က ၂ ဂိုး သွင်းယူခဲ့တာကြောင့် ပြိုင်ပွဲရဲ့ ဂိုးအများဆုံးသွင်းသူဆု ဖြစ်တဲ့ ရွှေဖိနပ်ဆု (Golden Boot) ကို ရရှိဖို့ သူ့ရဲ့ မျှော်လင့်ချက်တွေကို ပိုမိုတောက်ပလာစေခဲ့ပါတယ်။

အခုတစ်ခါတော့ ဆော့ကာရူးစ် (Socceroos - သြစတြေးလျလက်ရွေးစင်အသင်း) ဘက်ကို လှည့်ကြည့်လိုက်ရအောင်ပါ... သြစတြေးလျအသင်းဟာ ပါရာဂွေးနဲ့ ကစားရမယ့် ကမ္ဘာ့ဖလား အဆုံးအဖြတ်ပွဲစဉ်အတွက် ပြင်ဆင်နေချိန်မှာပဲ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးဇီ (Anthony Albanese) က သြစတြေးလျအသင်းကို တစ်ခဲနက် အားပေးကြဖို့ လူထုကို တိုက်တွန်းလိုက်ပြီး၊ ဒီအသင်းဟာ သြစတြေးလျရဲ့ မတူကွဲပြားမှုနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ထင်ဟပ်စေတဲ့ အသင်းဖြစ်တယ်လို့လည်း ချီးကျူးစကား ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ဆီမှာ ကြွယ်ဝတဲ့ ရိုးရာယဉ်ကျေးမှု ရှိပါတယ်။ ဆော့ကာရူးစ် အသင်းကို ကြည့်လိုက်ရင်လည်း အဲဒီ ကြွယ်ဝတဲ့ ယဉ်ကျေးမှုရဲ့ ပြယုဂ်တွေကို မြင်တွေ့နိုင်မှာပါ။ သူတို့ဟာ သူတို့ရဲ့ မျိုးနွယ်စုနဲ့ ဖြစ်တည်မှုအပေါ် ဂုဏ်ယူကြသလို၊ သြစတြေးလျနိုင်ငံသားတွေ ဖြစ်ရတာကိုလည်း ဂုဏ်ယူကြပြီး ကျွန်တော်တို့ရဲ့ ကြီးမြတ်တဲ့ နိုင်ငံတော်ကို ကိုယ်စားပြုခွင့်ရကြတဲ့အပေါ်လည်း ဂုဏ်ယူနေကြတာပါ။ ဒါကြောင့် လာမယ့် သောကြာနေ့ နေ့လယ် ၁၂ နာရီမှာ တစ်နိုင်ငံလုံးက သူတို့ကို အားပေးကြမှာဖြစ်ပြီး၊ အဲဒီအချိန်အတောအတွင်းမှာ တစ်နိုင်ငံလုံး ခဏလောက် အလုပ်တွေနားပြီး အားပေးကြလိမ့်မယ်လို့လည်း ကျွန်တော် မျှော်လင့်ပါတယ်။”
ဒီပွဲမှာ သြစတြေးလျအသင်းအနေနဲ့ အနိုင်ရရှိရင်ဖြစ်စေ၊ သရေကျရင်ဖြစ်စေ အုပ်စု (D) ရဲ့ ထိပ်ဆုံး နှစ်သင်းစာရင်းထဲ ဝင်မှာဖြစ်လို့ နောက်တဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၃ ရက်မြောက်နေ့ကို ကြည့်ရမယ်ဆိုရင်တော့ အရေးပါတဲ့ ပွဲစဉ်ကြီး လေးပွဲ ကစားဖို့ ရှိနေပါတယ်။ အုပ်စု (K) မှာ ပေါ်တူဂီက ဥဇဘက်ကစ္စတန်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး၊ ကိုလံဘီယာကတော့ ဒီမိုကရက်တစ် ကွန်ဂို (DR Congo) နဲ့ ကစားရမှာပါ။ အုပ်စု (L) မှာတော့ အင်္ဂလန်က ဂါနာနဲ့ စတင်ရင်ဆိုင်မှာဖြစ်ပြီး၊ အဲဒီနောက်မှာတော့ ပနားမားနဲ့ ခရိုအေးရှားတို့ ထိပ်တိုက်တွေ့ဆုံကြမှာ ဖြစ်ပါတယ်။
အခု နားဆင်ခဲ့ရတာကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၂ ရက်မြောက်နေ့အတွက် 'World Cup Daily Update' နေ့စဉ်သတင်းတိုများပဲ ဖြစ်ပါတယ်။ ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ ပွဲစဉ်တိုင်းကို SBS နဲ့ SBS On Demand တို့ကနေပြီး တိုက်ရိုက်နဲ့ အခမဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။






