Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ကျွန်ုပ်၏ သြစတြေးလျ - Ayah Khalid၊ လေတပ်အမှုထမ်း

RAAF Flying Officer Ayah Khalid

RAAF Flying Officer Ayah Khalid Source: SBS News

SBS အနေနဲ့ ကျနု်ပ်၏သြစတြေးလျ My Australia ဆိုတဲ့ သြစတြေးလျနိုင်ငံမှာ သူများတွေထက် တမူထူးခြား လုပ်ကိုင်နေသူတွေရဲ့အကြောင်းကို တင်ဆက်တဲ့ အစီအစဉ်ကို ထုတ်လွှင့်နေပြီး Ayah Khalidရဲ့ အကြောင်းကို တင်ပြထားပါတယ်။


Ayah Khalid ဟာ သြစတြေးလျနိုင်ငံ ကာကွယ်ရေးတပ်ရဲ့ မျက်နှာစာကို ပြောင်းလဲနေသူ ဖြစ်ပါတယ်။

သူမဟာ အင်္ဂလိပ်စကားပြောနောက်ခံကနေ လာတဲ့လူမဟုတ်တဲ့အတွက် သြစတြေးလျနိုင်ငံ ကာကွယ်ရေးတပ်မှာ အလုပ်လုပ်ခွင့်ရမှာ မဟုတ်ဘူးလို့ ယူဆသူဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနှစ်ကစပြီး သူမဟာ အက်ဒလိတ်မြို့မှာ flying officer အနေနဲ လေတပ်မှာ အမှုထမ်းဆောင်နေပါတယ်။

 

 

South Austrlaia ပြည်နယ် Edinburgh ဆိုတဲ့ RAAF လို့ အတိုကောက်ခေါ်တဲ့ သြစတြေးလျ လေတပ်စခန်းမှာ သူမ စတင်အမှုထမ်းလာတာ တစ်လတာ ရှိပါသေးတယ်။

RAAF လို့ အတိုကောက်ခေါ်တဲ့ သြစတြေးလျ လေတပ်မှာ armament engineer နဲ့ အလုပ်လုပ်နေတာဖြစ်ပြီး သူမဖြစ်ချင်တဲ့ လေတပ်အရာရှိဖြစ်ဖို့ ခြေလှမ်းစတင်ခါစ အချိန်သာ ဖြစ်ပါတယ်။ ဒီလို အလုပ်အကိုင်မျိုးကို သူလိုလူတစ်ဦးက လုပ်ကိုင်ခွင့်ရမှာ မဟုတ်ဘူးလို့ တောက်လျှောက်မြင်ခဲ့သူ ဖြစ်တယ်လို့ ပြောပါတယ်။

 

လူမျိုးမတူ၊ ဘာသာမတူ ယဉ်ကျေးမှုမတူတဲပ နောက်ခံကနေ ဆင်းသက်လာတဲ့ အမျိုးသမီးတစ်ဦးအနေနဲ့ ဘာလုပ်သင့်သလဲ ဆိုတာကို လက်တွေ့ကျကျ စဉ်းစားစမ်းပါလို့ ကိုယ့်ကိုကိုယ်တွေးမိပါတယ်။ အိမ်နဲ့နီးတဲ့နေရာတစ်ခုမှာ အလုပ်ရှာပြီး အခြေချဖို့ တွေးမိတယ်လို့ ပြောပြထားပါတယ်။

 

 

သူမဟာ ကူဝိတ်နိုင်ငံမှာ မွေးပြီး မောင်နှမ ၅ ယောက်ထဲမှာ ဒုတိယအကြီးဆုံး ဖြစ်ပါတယ်။

 

အိုင်ယာရဲ့ မိခင်ဟာ သြစတြေးလျနိုင်ငံသား လက်ဘနွန်လူမျိုးဖြစ်ပြီး ၁၉ ၈၃ ခုနှစ် လက်ဘနွန်ပြည်တွင်းစစ်အတွင်း သြစတြေးလျနိုင်ငံကို ရောက်လာခဲ့သူ ဖြစ်ပါတယ်။

အိုင်ယာရဲ့ ဖခင်က အီဂျစ်နိုင်ငံကဖြစ်ပြီး သူဟာ mechanical engineer တစ်ဦး ဖြစ်ပါတယ်။

အိုင်ယာ ၁၁ နှစ် အရွယ်လောက်မှာ မိသားစုတွေနဲ့ အတူတူနေထိုင်ဖို့နဲ့ ပညာရေးအတွက် အီဂျစ်နိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။

ဒါပေမဲ့ အဲဒီလို နေထိုင်ပြီး ၂ နှစ်အကြာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ အာရပ်တွေရဲ့ နွေဦးတော်လှန်ရေး ဖြစ်ပေါ်ခဲ့ပါတယ်။

 

၁၈ ရက်ကြာ ဆန္ဒပြမှုဟာ မြို့တော်အပြင် တခြားနေရာတွေအထိ ရောက်ရှိသွားပါတယ်။

အဲဒီလို ဆန္ဒပြမှုနဲ့ ရုန်းရင်းဆန်ခမှုအတွင်း ပြည်သူ အယောက် ၉ ၀၀ နီးပါးသေဆုံးရပြီး ထောင်နဲ့ချီ ဒဏ်ရာရရှိခဲ့ကြပါတယ်။

အဲဒီလိုနဲ့ အိုင်ယာတို့ မိသားစုဟာ သြစတြေးလျနိုင်ငံမှာ အခြေချဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ သူမရဲ့ မိခင်ဟာ သြစတြေးလျနိုင်ငံသားဆိုပေမယ့် နေထိုင်မှု မရှိတာ နှစ်ပေါင်း ၂၀ ရှိပြီး အိုင်ယာဟာ သြစတြေးလျဆိုတဲ့ နိုင်ငံကို တခါမှ မမြင်ခဲ့ဖူးဘူးလို့ ပြောပါတယ်။

 

 

ကျမတို့က သြစတြေးလျနိုင်ငံထဲကို ပြန်ဝင်လာတဲ့ နိုင်ငံသားလိုပဲ ဖြစ်ကြတဲ့အတွက် ဒုက္ခသည်တွေ၊ ခိုလှုံခွင့်တောင်းလိုသူတွေလို ကျမတို့ကို ကူညီပေးမယ့် ဝန်ဆောင်မှုတွေ မရခဲ့ပါဘူး။ နင်တို့က သြစတြေးလျနိုင်ငံသားတွေပဲ နင်တို့ ဒီနိုင်ငံမှာ ဘာလုပ်ရမလဲဆိုတာ နင်တို့ သိတယ်ဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဟိုတယ်မှာ ၅ ပတ်ကြာလောက် နေထိုင်ကြပြီး တရားဝင်နည်းနဲ့ ဘာတွေ လုပ်ကိုင်နိုင်သလဲ၊ နေထိုင်ဖို့ နေရာရဖို့ ဘယ်လို လုပ်ရမလဲ စတာတွေကို စဉ်းစားရပါတယ်။ ကျမရဲ့ မိဘတွေအတွက် အတော့်ကို ခက်ခဲမှာဖြစ်ပေမယ့် ကျမတို့တတွေ စုစုစည်းစည်းတော့ အတူရှိနေခဲ့ကြတယ်လို့ ပြောပါတယ်။

 

ဟိုတယ်မှာ ၅ ပတ်ကြာနေပြီး သြစတြေးလျနိုင်ငံမှာ ဘဝ ဘယ်လို ပြန်လည်စတင်ဖို့ စဉ်းစားခဲ့ကြတာပါ။

 

 

သူတို့ဟာ မဲလ်ဘူန်းမြို့ မြောက်ပိုင်းမှာ အခြေချပြီး အိုင်ယာဟာ ၁၁ တန်းစာ အမှီလိုက်ဖို့ ကြိုးစားမယ့်အစား ၁၂ တန်းကို တန်းဝင်ခဲ့ပါတယ်။

 

သူကျောင်းစစတက်တဲ့အချိန်တုန်းက အားလချိန်၊ နေလည်စာစားချိန်နဲ့ ကျောင်းပြီးချိန်တွေမှာ စာတွေနဲ့သာ အချိန်ကုန်ခဲ့ရပါတယ်။

သူဟာ တခြားကျောင်းသားတွေကို လိုက်မှီရုံသာမက စာတော်သူဖြစ်လို့ RMIT တက္ကသိုလ်ကနေ သူ့ကို

aerospace engineering လေ့လာဖို့ ကမ်းလှမ်းမှု ရခဲ့ပါတယ်။ ဒါဟာ နောက်နောင်ကြရင် သူမရဲ့ ကံကြမ္မာကို ပုံဖော်ခွင့်ရစေမယ့် ပထမခြေလှမ်း ဖြစ်ပါတယ်။  

 

အဲဒီတုန်းက ကျမက အသက် ၁၄ နှစ် ၁၅ နှစ်ပဲ ရှိပါသေးတယ်။ အဲဒီတော့ အင်ဂျင်နီယာဆိုတာ ဘာလဲ ဆိုတာတောင် မသိခဲ့ပါဘူး။  ဒါပေမဲ့ ကျမရဲ့ ဖခင်ကို တနေ့ကြရင် အဖေ့လိုပဲ အင်ဂျင်နီယာ လုပ်မယ်လို့ ပြောခဲ့ဖူးတယ်လို့ ပြောပြပါတယ်။

 

 သူမရဲ့ နောက်ဝါသနာတစ်ခုကတော့ စစ်ထဲ ဝင်ရောက်ရေး ဖြစ်ပါတယ်။ အင်ဂျင်နီယာအလုပ်နဲ့ ကာကွယ်ရေးတပ်အလုပ်ကို ပေါင်းလုပ်လို့ ရတယ်ဆိုတာကို သိရတဲ့နောက်ပိုင်း သူမဟာ လေတပ်ထဲ ဝင်ဖို့ ဆုံးဖြတ်လိုက်ပြီး လျှောက်လွှာတင်ခဲ့ပါတယ်။

ဆုံးဖြတ်ချက်ချပြီးနောက် သူ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း သူ့ရဲ့ မိသားစုဝင်တွေကို အသိပေးလိုက်ပါတယ်။

 

 

တချို့က အံ့အားသင့်တုန်လှုပ်ကြတယ်၊ တချို့ကလည်း အားပေးအားမြောက် ပြုကြပါတယ်။ အထူးသဖြင့် ကျမရဲ့ အဖိုးဆိုရင် အရမ်းကို အံ့အားသင့်တုန်လှုပ်မိသလို တအားကို အားပေးအားမြောက် ပြုခဲ့ပါတယ်။ နင်ဒီလို လုပ်မယ်လို့ ထင်မထားဘူးဆိုပြီး အကောင်းဖက်ဆောင်တဲ့အနေနဲ့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

 

 လေတပ်ထဲ ဝင်တဲ့အခါ ဘာတွေ ဖြစ်လာမလဲ ဆိုတာ မတွေးတတ်ခဲ့ဘူးလို့ ဆိုပါတယ်။ လေတပ်ရဲ့ ယူနီဖောင်းက သူရဲ့ ဘာသာတရားလိုအပ်ချက်နဲ့ ကိုက်ညီပါ့မလား၊ လေတပ်မှာ ဟာလာအစားအစာတွေ ရနိုင်ပါ့မလားလို့ တွေးပူခဲ့ပေမယ့် သူမလိုပဲ hijab ခေါင်းပေါင်းပေါင်းတဲ့ စစ်အမှုထမ်းတစ်ဦးရဲ့ လမ်းပြဦးဆောင်မှုကြောင့် အဆင်ပြေသွားခဲ့ပါတယ်။

လေတပ်ဝတ်စုံကို ပထမဆုံး ဝတ်တဲ့နေ့ကတော့ သူ့အတွက် မမေ့နိုင်ဆုံး နေ့တနေ့ ဖြစ်တယ်လို့ ပြောပါတယ်။  

 

 

အဲဒီစစ်ဝတ်စုံထဲမှာ ကျမ ကခုန်မတတ်ဖြစ်နေမိပါတယ် ဘာဖြစ်လို့လဲ ဆိုတော့ ဒီလိုနေရာ ရောက်လာလိမ့်မယ်လို့ မထင်ပဲ ရောက်လာခဲ့တယ်၊ ဒီလိုနေရာရဖို့ အများကြီး ကြိုးစားလာရတယ်ပြီးရင် ကျမ အိပ်မက်မက်တဲ့ အရာကို လုပ်ခွင့်ရတဲ့အတွက် ဖြစ်တယ်လို့ ပြောပြပါတယ်။

 

 

သူမရဲ့ အိပ်မက်လိုပဲ မက်ခဲ့သူကတော့ သူတို့အဖွဲ့ရဲ့  Captain Alison McCarthy ဖြစ်ပါတယ်။

သူကတော့ စစ်တပ်မိသားစုကနေ ဆင်းသက်လာသူဖြစ်ပြီး ၁၉ ၉ ၂ ခုနှစ်မှာ စစ်တပ်ထဲဝင်ဖို့ ဆုံးဖြတ်ခဲ့သူ ဖြစ်ပါတယ်။

အခုဆိုရင် လေတပ်မှာ အမှုထမ်းလာတာ နှစ်ပေါင်း ၃၀ ထဲဝင်နေပြီး ဒီကာလအတွင်း အပြောင်းအလဲတွေ အများကြီး တွေ့ရတယ်လို့ ပြောပြပါတယ်။

 

ကျမအလုပ်စဝင်တုန်းက အသုံးပြုခဲ့တဲ့ လေယာဉ်အမျိုးအစားတွေက F-111 နဲ့ Hornets တွေ ဖြစ်ပါတယ်။ အဲဒါတွေက အခုဆိုရင် ပြတိုက်ထဲကို ရောက်ရှိကုန်ပါပြီ။ အဲဒီတော့ အပြောင်းအလဲတွေက အများကြီးပါပဲ၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံလည်း ပိုများလာတယ်လို့ ပြောပါတယ်။

  

Group Captain McCarthy အနေနဲ့ လေတပ်ထဲ ဝင်တုန်းက သင်တန်းသား အယောက် ၃၀ မှာ အမျိုးသမီးတစ်ဦးအနေနဲ့သာ ပါဝင်ခဲ့တာဖြစ်ပေမယ့် အခုဆိုရင် သြစတြေးလျံ လေတပ်မှာ အမျိုးသမီးပါဝင်မှုက ၂၅%ရှိပြီး အရင်နှစ်တုန်းက ကျောင်းပြီးသွားတဲ့ လေတပ်သင်တန်းသား ၄၀% ဟာ အင်္ဂလိပ်မဟုတ်တဲ့ တခြားဘာသာစကားကို ပြောဆိုသူတွေ ဖြစ်ကြပါတယ်။

လေတပ်မှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ ဖြစ်လာတာက ဗဟုသုတပေါင်းစုံနဲ့ အမြင်ရှုထောင့်ပေါင်းစုံ ရရှိစေတယ်လို့ ပြောပါတယ်။

 

တမူထူးခြားတဲ့ အတွေ့အကြုံတွေ၊ ရှုထောင့်တွေကို ကျမတို့ရဲ အသင်းမှာ လိုချင်ပါတယ်။ အဲဒီတော့ အမြင့်ရှုထောင့်တွေ ပိုစုံလေလေ အနာဂတ်မှာ ကျမတို့ ရင်ဆိုင်ရနိုင်တဲ့ စိန်ခေါ်မှုတွေကို ပိုပြီး ဖြေရှင်းနိုင်လေလေ ဖြစ်မယ်လို့ ပြောပါတယ်။

 

အိုင်ယာဟာ ကူဝိတ်နိုင်ငံနဲ့ အီဂျစ်နိုင်ငံမှာ အရင်နေထိုင်ခဲ့လို့ သြစတြေးလျဟာ သူမရဲ့ တတိယမြောက် နိုင်ငံဆိုပေမယ့် သူအပျော်ဆုံးနဲ့ အိမ်လို့ အခံစားရဆုံးကတော့ သြစတြေးလျပဲလို့ ဆိုပါတယ်။

 

ဒီနှစ်မှာပဲ သြစတြေးလျံကာကွယ်ရေးတပ်မှာ စတင်အမှုထမ်းတာဖြစ်ပေမယ့် ဒီနိုင်ငံသစ်မှာ နှစ်ပေါင်းများစွာ ဆက်လက်ပြီး အမှုထမ်းဖို့ မျှော်လင့်နေတယ်လို့ ပြောပါတယ်။

 

Flying Officer အိုင်ယာ Khalid ဟာ လာမယ့် ၁၅ နှစ်အတွင်း squadron leader ရာထူးရအောင် ကြိုးစားဖို့ မျှော်လင့်နေပြီး ဒီနောက်ပိုင်း ဘာလုပ်မလဲ ဆိုတာ မသိသေးဘူးလို့ ပြောပါတယ်။  

 

Group Captain Alison McCarthy ကတော့ သြစတြေးလျနိုင်ငံက လူမျိုးခြား ဘာသာခြား အမျိုးသမီးတွေအတွက် လမ်းဖွင့်ပေးနိုင်အောင် လုပ်ဆောင်ပေးနေတယ်လို့ ပြောပါတယ်။

 

 

Flying Officer Eyerah Khalid လို လူတွေရှိခြင်းအားဖြင့် သူ့ရဲ့ အလုပ်မှာ သူအင်မတန် ပျော်ရွှင်နေတာကို ပြသနိုင်ပြီး အကယ်၍ သူမ အောင်မြင်သူတစ်ဦးဖြစ်သွားရင် တခြားလူတွေလည်း သူမကို အားကျပြီး လေတပ်မှာ အလုပ်လုပ်ချင်စိတ်တွေ ဖြစ်လာစေနိုင်တယ်လို့ ပြောပါတယ်။

အခုလောလောဆယ် အိုင်ယာ ခါလိဒ် အတွက်ကတော့ သူမလုပ်နိုင်တာမရှိဘူး sky is the limit ဆိုတဲ့အနေအထားမှာ ရှိနေတယ်လို့ ရေးထားတဲ့ Abby Dinham ရဲ့ ဆောင်းပါးကို တင်ဆက်လိုက်ပါတယ်ရှင်။


Share

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now