Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

လေဘာပါတီဆိုတာ ဘာလဲ၊ ဘယ်လို စတင်လာသလဲ

Labor supporter hands out how to vote cards (AAP).jpg

မေလ ၃ ရက်နေ့ကြရင် ဩစတြေးလျနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိပါတယ်။ အဲဒီတော့ ဒီအစီအစဥ်မှာ ဩစတြေးလျနိုင်ငံရဲ့ နိုင်ငံရေးလောကမှာ အကြီးဆုံးဖြစ်တဲ့ ပါတီတွေထဲက လေဘာပါတီ အကြောင်းကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။


Published

Updated

By Rania Yallop

Presented by Mu Laing Thein

Source: SBS


Share this with family and friends


မေလ ၃ ရက်နေ့ကြရင် ဩစတြေးလျနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိပါတယ်။ အဲဒီတော့ ဒီအစီအစဥ်မှာ ဩစတြေးလျနိုင်ငံရဲ့ နိုင်ငံရေးလောကမှာ အကြီးဆုံးဖြစ်တဲ့ ပါတီတွေထဲက လေဘာပါတီ အကြောင်းကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။


လေဘာပါတီဆိုတာ အခုလောလောဆယ် အစိုးရဖြစ်နေတဲ့ ပါတီဖြစ်ပြီး ပါတီကို ဦးဆောင်သူကတော့ ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနီဇီ ဖြစ်ပါတယ်။

လေဘာပါတီဟာ၁၈၉၀ ပြည့်နှစ်တုန်းက အနောက်ကွင်းစလန်းပြည်နယ်မှာရှိတဲ့ သိုးမွေးရိတ်သမားတွေကနေ အကြီးအကျယ် ဆန္ဒပြရာကနေ ပေါ်ပေါက်လာတဲ့ ပါတီ ဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံရေးမှာ ပထမဦးဆုံးသော နိုင်ငံရေးပါတီ ဖြစ်ပါတယ်။

လေဘာပါတီကို အေအယ်လ်ပီ ပါတီလို့လည်း အတိုကောက်ခေါ်ဝေါ်ကြပြီး ၁၉ ရာစုတုန်းက ဩစတြေးလျနိုင်ငံက အလုပ်သမားတွေ၊ အလုပ်သမား သမဂ္ဂတွေရဲ့ လှုပ်ရှားမှုကနေ ပေါ်ပေါက်လာတဲ့ ပါတီဖြစ်ပါတယ်။

အဲဒီခေတ်တုန်းကဆိုရင် လုပ်ငန်းခွင်အနေအထားဟာ ဆိုးဝါးလှတဲ့အတွက် ကုန်သွယ်ရေးသမဂ္ဂတွေဟာ အလုပ်သမားတွေကို အသင်းအဖွဲ့ဖွဲ့ခိုင်းပြီး အလုပ်သမားအခွင့်အရေးတွေ ရဖို့ အစိုးရကို တောင်းဆိုမှု လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီလိုကနေ တဆင့် အလုပ်သမားပါတီ လေဘာပါတီဆိုတာကို ၁၉၀၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ အစပိုင်းမှာ လေဘာပါတီရဲ့ ပေါ်လစီတွေဟာ အလုပ်သမားတွေရဲ့ အခွင့်အရေးကိုသာ ဦးစားပေးခဲ့တာဖြစ်ပါတယ်။ ကမ္ဘာပေါ်က အလုပ်သမားတွေ တစ်ရက်မှာ အလုပ်လုပ်ချိန် ၈ နာရီအဖြစ် သတ်မှတ်ပေးဖို့ သူတို့က စတင်တောင်းဆိုတာဖြစ်ပြီး အလုပ်သမားတွေရဲ့ အနိမ့်ဆုံးလစာကို သတ်မှတ်ပေးဖို့အတွက်လည်း သူတို့က စတင်ခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက အလုပ်သမားတွေအတွက် ကောင်းမွန်တဲ့ ပေါ်လစီတွေ ဖြစ်ပေါ်လာအောင် လုပ်နိုင်တဲ့ အောင်မြင်မှုတွေသာမက မကြာခင်တုန်းက ရရှိတဲ့ လေဘာပါတီရဲ့ အောင်မြင်မှုတွေထဲမှာတော့ လူတိုင်း အခြေခံ အထွေထွေကျန်းမာရေးစောင့်ရှောက်မှု အခွင့်အရေးရသင့်တယ်ဆိုတာကို ၁၉၇၄ ခုနှစ်မှာ ချမှတ်နိုင်တာအပြင် ၁၉၉၃ ခုနှစ်တုန်းက ဌာနေတိုင်းရင်းသားတွေကို အခွင့်ပိုရစေတဲ့ Native Title Act ဥပဒေ ချမှတ်နိုင်ခြင်းအပြင် ၂၀၁၃ ခုနှစ်တုန်းက မသန်စွမ်းသူတွေ လူစေ့တန်းစေ့နေနိုင်စေဖို့အတွက် ချမှတ်တဲ့ National Disability Insurance Scheme, NDIS ကို ချမှတ်နိုင်ခြင်းတို့ ပါဝင်ပါတယ်။

Stolen Generations တွေကို အစိုးရက တောင်းပန်စကား ပြောဆိုခဲ့တာတွေ၊ အနိမ့်ဆုံးလစာတွေ တရိတ်ရိတ် တက်လာအောင် စွမ်းဆောင်နိုင်တာတွေဟာ အပြင်ပန်းကြည့်ရင် တအား စိတ်လှုပ်ရှားစရာ မကောင်းပေမယ့် ဒါတွေဟာ အစိုးရ၇ဲ့ လုပ်ငန်းအတွက် အရေးကြီးသလို ကံအကြောင်းမလှတဲ့ ဩစတြေးလျနိုင်ငံသားတွေကို အခြေခံ ဖူလုံလုံခြုံမှုတွေ ရရှိစေတယ်လို့ ပြောသွားခဲ့ပါတယ်။

နိုင်ငံတကာမှာ လေဘာလို့ စာလုံးပေါင်းတဲ့အခါ Labour ဆိုပြီး ယူ ကိုထည့်ပေါင်းကြပေမယ့် ဩစတြေးလျရဲ့ လေဘာပါတီကို Labor လို့သာ စာလုံးပေါင်းပြီး ယူကို ချန်ထားပါတယ်။ အကြောင်းရင်းကတော့ အမေရိကန်နဲ့ ဗြိတိန်လို လေဘာ လှုပ်ရှားမှုတွေနဲ့ ကွဲကွဲပြားပြားရှိကြောင်း တမူထူးခြားမှုရှိကြောင်း ပြသတဲ့အနေနဲ့ စာလုံးပေါင်းထဲမှာ ယူကို ချန်ထားခြင်း ဖြစ်ပါတယ်။

လေဘာပါတီရဲ့ ခေါင်းဆောင်အဖြစ် အချိန်အကြာဆုံး ဆောင်ရွက်ခဲ့သူက Bob Hawke ဖြစ်ပါတယ်။ သူဟာ အတင်းအဓ္ဓမ စစ်တပ်စုဆောင်းတဲ့ ဥပဒေကို ဖျက်သိမ်းခဲ့သူဖြစ်သလို လူတိုင်း အခမဲ့ ရနိုင်တဲ့ အထွေထွေကျန်းမာရေးစောင့်ရှောက်မှု စနစ်ကို တည်ထောင်သူဖြစ်ပါတယ်။ ဘီယာကိုလည်း သူများထက် တမူထူးခြား သောက်နိုင်သူ ဖြစ်ပါတယ်။

တခြား လူသိများတဲ့ လေဘာပါတီခေါင်းဆောင်တွေထဲမှာ ဝန်ကြီးချုပ် Gough Whitlam လည်း ပါဝင်ပြီးသူ့ကို ဘုရင်ခံချုပ်က ရာထူးကနေ ဖယ်ရှားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် နာမည်ကြီး ဝန်ကြီးချုပ်ကတော့ ကယ်ဗင်ရဒ်ဖြစ်ပြီး ပါတီအာဏာလုပွဲမှာ ဝန်ကြီးချုပ် ဂျူလီယာဂေးလဒ်ကို ရှုံးနိမ့်သွားခဲ့ပါတယ်။ ဂျူလီယာဂေးလဒ်ဟာလည်း ဩစတြေးလျနိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် သမိုင်းဝင်သွားခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ ကယ်ဗင်ရဒ်နဲ့ ခေါင်းဆောင်နေရာ လုပွဲ နောက်တစ်ကြိမ် ဖြစ်ခဲ့ပြီး ဒုတိယတစ်ကြိမ်မှာတော့ ကယ်ဗင်ရဒ်က အနိုင်ရရှိသွားပါတယ်။

အခုလောလောဆယ် လေဘာပါတီရဲ့ ခေါင်းဆောင်က ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနီဇီဖြစ်ပြီး ဒီရွေးကောက်ပွဲမှာ လေဘာပါတီကသာ ထပ်မံအနိုင်ရရင် သူက ဝန်ကြီးချုပ် ဆက်ဖြစ်မှာ ဖြစ်ပါတယ်။

သူဟာ နိုင်ငံရေးသမားအဖြစ် နှစ်ပေါင်း ၃၀ ကြာ လုပ်ကိုင်ခဲ့သူဖြစ်ပြီး သူ့ရဲ့ ငယ်ဘဝမှာ မိခင်တစ်ဦးနဲ့သာ အများပြည်သူပိုင် သက်သာအိမ်ယာမှာ ကြီးပြင်းလာခဲ့ရသူ ဖြစ်တဲ့အကြောင်း မကြာခဏ ပြောဖူးသူ ဖြစ်ပါတယ်။

သူဦးဆောင်တဲ့ အစိုးရအနေနဲ့ လူနေထိုင်မှု ကုန်ကျစရိတ်ဆိုင်ရာတွေ၊ ဌာနေတိုင်းရင်းသား အခွင့်အရေး ပိုမိုရရှိရေးတွေနဲ့ ပိုမိုတင်းကြပ်တဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာတွေ ဖြစ်ပေါ်လာအောင် ဆောင်ရွက်မယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဒီရွေးကောက်ပွဲမှာ လေဘာပါတီ အလွယ်တကူ အနိုင်ရဖို့ အလားအလာမရှိဘူးလို့ Mr Swan က သုံးသပ်ထားပါတယ်။

စိန်ခေါ်မှုတွေ အများကြီး ရှိပါတယ်။ ကုန်စျေးနှုန်းမြင့်မားမှု လူနေထိုင်မှုစရိတ် မြင့်မားတဲ့ ကာလအတွင်း နိုင်ငံတကာ ရွေးကောက်ပွဲတွေကို ကြည့်လိုက်ရင် ပြန်အရွေးခံရတဲ့ အစိုးရဆိုတာ ဒီနှစ်ပိုင်းတွေအတွင်း မရှိပါဘူး။ ဒီကာလအတွင်း ပြည်သူတွေ နားလည်အောင်လုပ်ဖို့ အစိုးရအတွက် ခက်ခဲတဲ့ အနေအထားဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

ဒီရွေးကောက်ပွဲအတွက် လေဘာပါတီရဲ့ ပေါ်လစီတွေထဲမှာ

- တက္ကသိုလ် ကျောင်းလခအတွက် အကြွေးတင်နေတာတွေကို လျှော့ပေးရေး

- ကလေးထိန်းခ သက်သာမှုရှိစေရေး

- Medicare စနစ် တိုးတက်လာစေရေးနဲ့

- ပြန်ပြည့်မြဲ စွမ်းအင်တွေမှာ ပိုမိုရင်းနှီးမြုပ်နှံရေးတွေ ပါဝင်ပါတယ်။

အခု လေဘာပါတီဟာ အရင်လေဘာပါတီနဲ့ မတူပဲ အများကြီး အပြောင်းအလဲ ရှိတယ်လို့Dr Sheppard က ပြောပါတယ်။

ဒီနေ့ခေတ် လေဘာပါတီဟာ လွန်ခဲ့တဲ့ နှစ် ၁၅၀ က လေဘာပါတီနဲ့ မတူပါဘူး။ အခုဆိုရင် သူတို့ဟာ အလုပ်သမားတွေကို ကိုယ်စားပြုရုံသာမက လူမှုရေးရာမှာ လစ်ဘရယ်ဆန်မှုတွေ၊ တိုးတက်မှုတွေရှိဖို့နဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံကို ကိုယ်စားပြုတဲ့ ပါတီဖြစ်ဖို့ လူတွေက မျှော်လင့်ထားကြတာလို့ ပြောသွားတဲ့အကြောင်း ရေးထားတဲ့ Rania Yallopရဲ့ ဆောင်းပါးကို တင်ဆက်လိုက်ပါတယ်ရှင်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now