အင်္ဂလန်အသင်း တိုက်စစ်မှူး ဟာရီကိန်းရဲ့ ပြောင်မြောက်တဲ့ ခြေစွမ်းပြမှုနဲ့အတူ အင်္ဂလန်အသင်းက ခရိုအေးရှားကို အသာစီးနဲ့ အနိုင်ယူသွားခဲ့ပြီး ပေါ်တူဂီအသင်းကတော့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအသင်းနဲ့ ပွဲစဉ်မှာ ရုန်းကန်ခဲ့ရပါတယ်။ ကမ္ဘာ့ဖလား နေ့စဉ်သတင်းသုံးသပ်ချက်ကနေ ကြိုဆိုပါတယ်။ ကျွန်မ မူလှိုင်းသိမ့် ဖြစ်ပါတယ်။ ဒါကတော့ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၇ ရက်မြောက်နေ့ ပွဲစဉ်တွေအပြီး စုစည်းတင်ဆက်မှုပဲ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ခရိုအေးရှားအသင်းကို ၄ ဂိုး - ၂ ဂိုးနဲ့ အနိုင်ယူပြီး သူတို့ရဲ့ ကမ္ဘာ့ဖလားခရီးစဉ်ကို အကောင်းဆုံးပုံစံနဲ့ စတင်လိုက်ပါတယ်။ ဒီပွဲမှာ ကစားသမား ဟာရီကိန်းက ပထမပိုင်းမှာတင် ပြန်ကန်ခဲ့ရတဲ့ ပင်နယ်တီအပါအဝင် ၂ ဂိုး သွင်းယူပေးခဲ့တာပါ။
ခရိုအေးရှားအသင်းဟာ ပထမပိုင်း မပြီးခင်မှာ ၂ ကြိမ်တိုင်တိုင် ချေပဂိုးတွေ ပြန်သွင်းပြီး အကြိတ်အနယ် ကစားခဲ့ပေမဲ့ အင်္ဂလန်အသင်းက ဒုတိယပိုင်းမှာ ပွဲကို ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။ ခရိုအေးရှားဂိုးသမားရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေသာမရှိရင် အင်္ဂလန်အသင်း ဒီထက်မက ပိုပြီး ဂိုးတွေ ရသွားနိုင်ပါတယ်။
——-
အဲ့ဒီပွဲမတိုင်ခင် ဟူစတန်မှာ ကစားခဲ့တဲ့ အုပ်စု (K) အဖွင့်ပွဲစဉ်မှာတော့ ပေါ်တူဂီအသင်းဟာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအသင်းနဲ့ ၁ ဂိုး - ၁ ဂိုးစီ သရေကျသွားခဲ့ပါတယ်။ မိနစ် ၉၀ ပြည့်အထိ ပါဝင်ကစားခဲ့တဲ့ နာမည်ကြီး ပေါ်တူဂီကစားသမား ခရစ်စတီယာနို ရော်နယ်ဒိုအတွက်တော့ စိတ်ပျက်စရာကောင်းတဲ့ ညတစ်ည ဖြစ်ခဲ့ရပါတယ်။
ရလဒ်များ - https://canva.link/rfamgi2pzkfh0vk
——
နောက်ထပ် အောင်ပွဲခံနိုင်ခဲ့တဲ့ အာဖရိကနိုင်ငံတစ်ခုကတော့ ဂါနာအသင်း ဖြစ်ပါတယ်။ တိုရွန်တိုမှာ ကစားခဲ့တဲ့ စိတ်လှုပ်ရှားစရာ အုပ်စု (L) အဖွင့်ပွဲစဉ်မှာ ပနားမားအသင်းကို ၁ ဂိုး - ၀ နဲ့ ကပ်နိုင်သွားခဲ့တာပါ။
ဒီနေ့ရဲ့ နောက်ဆုံးပွဲစဉ်မှာတော့ ကိုလံဘီယာအသင်းက Uzbekistan ဥဇဘက်ကစ္စတန် အသင်းကို ၃ ဂိုး - ၁ ဂိုးနဲ့ အနိုင်ယူသွားခဲ့ပါတယ်။
—-
အခု ဆက်လက်ပြီးတော့ ဆော့ကာရူးစ် (Socceroos - သြစတြေးလျအသင်း) ရဲ့ နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါ့မယ်။
Socceroos ဆော့ကာရူးစ်အသင်းဟာ စနေနေ့မှာ အိမ်ရှင် အမေရိကန်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်မတိုင်ခင် ကာလီဖိုးနီးယားပြည်နယ်၊ Oakland အုတ်ကလန်မှာ ပရိသတ်မပါဘဲ ကွင်းပိတ်လေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။
သြစတြေးလျကစားသမားတွေကတော့ တူရကီအသင်းကို အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း ယုံကြည်မှုတွေ အပြည့်ရှိနေပြီး Seattle ဆီအက်တဲလ်မှာ ကစားမယ့် အမေရိကန်နဲ့ပွဲကို ရင်ဆိုင်ဖို့ စိတ်အားထက်သန်နေကြတယ်လို့ ပြောပါတယ်။
မေဂျာလိဂ် (MLS) ကလပ် New York City FC မှာ ကစားနေတဲ့ နောက်ခံလူ ကိုင် ထရူးဝင်း (Kai Trewin) က အခုလို ပြောကြားသွားခဲ့ပါတယ်။
"ဟုတ်ကဲ့၊ အခု ကျွန်တော်တို့ ပွဲဦးထွက် အရမ်းကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က အဲဒီလိုပဲ ရှေ့ဆက်ဖို့နဲ့ ဒီထက်ပိုပြီး ကြိုးစားသွားဖို့ ပြောထားကြပါတယ်။ ကမ္ဘာ့ဖလားမှာ ကျွန်တော်တို့ အရင်ကထက် ပိုကောင်းတဲ့ ရလဒ်မျိုး သမိုင်းမှတ်တမ်းသစ် ရေးထိုးချင်ပါတယ်။ အဲ့ဒီလိုဖြစ်ဖို့ဆိုရင် အမေရိကန်နဲ့ပွဲမှာ နောက်ထပ် ရလဒ်ကောင်းတစ်ခု ရယူပြီး အုပ်စုအဆင့်ကို ဖြတ်ကျော်နိုင်ဖို့ လိုပါတယ်။ တူရကီနဲ့ပွဲကနေ အပြုသဘောဆောင်တဲ့ အားသာချက်တွေ အများကြီး ရခဲ့သလို၊ အဲ့ဒါတွေကို ပိုကောင်းအောင် ပြင်ဆင်သွားမှာပါ။ ကျွန်တော် အစောက ပြောခဲ့သလိုပါပဲ၊ နောက်ထပ် ရလဒ်ကောင်းတစ်ခု ထပ်ရအောင် ကြိုးစားသွားကြမှာပါ"
သြစတြေးလျနဲ့ အမေရိကန်အသင်းတို့ရဲ့ ပွဲစဉ်ကို စနေနေ့ မနက် ၄ နာရီကစပြီး SBS ရုပ်သံလိုင်းကနေ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။
——-
မနက်ဖြန်အတွက် ပွဲစဥ်များ - https://canva.link/665x0uwso7k1dn1
မနက်ဖြန်ပွဲစဉ်တွေမှာတော့ ချက်သမ္မတနိုင်ငံနဲ့ တောင်အာဖရိက နိုင်ငံအသင်းတို့ ယှဥ်ပြိုင်ဖို့ ရှိပြီး၊ ဆွစ်ဇာလန်အသင်းက Bosnia and Herzegovina ဘော့စနီးယားနဲ့ -ဟာဇီဂိုဗီးနားနဲ့ ကစားမှာဖြစ်ပြီး၊ ကနေဒါအသင်းက ကာတာနဲ့ ကစားပြီး မက္ကဆီကိုက တောင်ကိုရီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
——
သောတရှင်တွေ အခုနားဆင်ခဲ့ကြတာကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၇ ရက်မြောက်နေ့ နေ့စဉ်သတင်းသုံးသပ်ချက်ပဲ ဖြစ်ပါတယ်။ ကျွန်မ [ထုတ်လုပ်သူအမည်] ဖြစ်ပါတယ်။ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ ပွဲစဉ်တိုင်းကို SBS On Demand ကနေ တစ်မိနစ်မကျန် စောင့်မျှော်ကြည့်ရှုနိုင်တယ်လို့ ပြောရင်း အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။






