SKIP TO MAIN CONTENT

Omicron ကြောင့် သြစီဝင်ဖို့ ဗီဇာရထားသူတွေအတွက် နှောင့်နှေးမှုဖြစ်

သြစတြေးလျနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးထားတဲ့ ဦးရေ များပြားလာပြီးနောက် အစိုးရက ဒီဇင်ဘာလ ၁ ရက်ကစပြီး ပြည်ပက ဝင်ခွင့်ဗီဇာရရှိထားသူတွေကို ပြည်ဝင်ခွင့်စတင်ပေးဖို့ ရည်ရွယ်ထားပေမယ့် Omicron အိုမီခရွန် မျိုးကွဲကြောင့် ခေတ္တဆိုင်းငံ့ထားပါတယ်။

A graphic showing planes and a traveller
The easing of border measures was put back due to the emergence of the Omicron variant. Source: SBS

2 min read

Published

By Alexander Britton

Source: SBS News



Skip to article content

ဒီဇင်ဘာလ ၁ ရက်ကစပြီး အလုပ်အကိုင်ဗီဇာဖြစ်ဖြစ် နိုင်ငံတကာ ကျောင်းသားတွေဖြစ်ဖြစ် စတင်လက်ခံဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် တောင်အာဖရိကမှာ စတင်တွေ့ရှိတဲ့ အိုမီခရွန်မျိုးကွဲကို အခုအခါ Northern Territory နဲ့ နယူးဆောက်သ်ဝေးလ်ပြည်နယ်က ဆစ်ဒနီမြို့နဲ့ တချို့မြို့တွေမှာ တွေ့ရှိလာပြီးနောက် အစိုးရက ပြည်ဝင်ခွင့်မှာ ပြန်လည် တင်းကြပ်မှု လုပ်လိုက်ပါတယ်။

ဒီဇင်ဘာလနဲ့ ဇန်နဝါရီလအတွင်း ပြည်ပက လူပေါင်း ၂၀၀၀၀၀ လောက် သြစတြေးလျနိုင်ငံထဲ ဝင်လာလိမ့်မယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။

အဲဒီအထဲမှာ နိုင်ငံတကာ ကျောင်းသားတွေ၊ ပြည်ပက အရည်အချင်းပြည့် အမှုထမ်းတွေ၊ မိသားစုပေါင်းစည်းဗီဇာနဲ့ ဒုက္ခသည်အဖြစ် လက်ခံသူတွေပါဝင်မှာ ဖြစ်ပါတယ်။

ဒီဇင်ဘာလကစပြီး ဂျပန်၊ တောင်ကိုရီးယားနိုင်ငံက ကမာ္ဘလှည့်ခရီးသည်ကိုပါ စတင်လက်ခံဖို့ စီစဉ်ပေမယ့် နှောင့်နှေးမှု ဖြစ်နေပါတယ်။

အိုမီခရွန် မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သြစတြေးလျအစိုးရက South Africa, Lesotho, Eswatini, Namibia, Botswana, Zimbabwe, Mozambique နဲ့ Malawi နိုင်ငံက သြစတြေးလျနိုင်ငံသား မဟုတ်တဲ့ လူတွေကို ဝင်ခွင့်မပေးတော့သလို အဲဒီနိုင်ငံတွေနေ လွန်ခဲ့တဲ့ ၂ ပတ်အတွင်း ရောက်ရှိလာသူ မှန်သမျှ ၁၄ ရက် ကွာရန်တင်း ဝင်ခိုင်းနေပါတယ်။

ခါတိုင်းဆိုရင် ဟိုတယ်မှာ ကွာရန်တင်းဝင်ရုံပဲ လိုအပ်ပေမယ့် အခုအခါမှာ ကြီးကြပ်ကွာရန်တင်း supervised quarantine ဝင်ရပါတယ်။

တခြားနိုင်ငံကနေ ရောက်လာသူတွေ ကွာရန်တင်းဝင်ရမယ်လို့ ဖက်ဒရယ်အစိုးရက မသတ်မှတ်ထားပေမယ့် ဆိုက်ရောက်ရာ ပြည်နယ်နဲ့ ဒေသအစိုးရရဲ့ သတ်မှတ်ချက်ကို လိုက်နာရမှာ ဖြစ်ပါတယ်။

ပြည်ပကနေ New South Wales, Victoria နဲ့ ACT ထဲ ဝင်လာရင် နေအိမ်မှာ ၇၂ နာရီကြာ ကွာရန်တင်းဝင်ရမှာ ဖြစ်ပြီး South Australia ပြည်နယ်မှာတော့ ခွင့်ပြုထားတဲ့ ဟိုတယ်တွေမှာသာ ၁၄ ရက်ကြာ ကွာရန်တင်း ဝင်ရမှာ ဖြစ်ပါတယ်။

20211101001591594077-original.jpg

အိုမီခရွန် မျိုးကွဲရဲ့ အနေအထားကို လေ့လာတဲ့ကာလအတွင်း အစိုးရက နှစ်ပတ်ကြာ ပြည်ဝင်ခွင့် နှောင့်နှေးလိုက်တာဖြစ်ပြီး ဒီဇင်ဘာလ တတိယပတ်လောက်မှာ ပြန်လည်ဖွင့်လှစ်ဖို့ ရည်ရွယ်ထားပါတယ်။

လက်ရှိ အသုံးပြုနေတဲ့ ကာကွယ်ဆေးတွေက အိုမီခရွန် မျိုးကွဲအပေါ် ထိရောက်မှု ရှိမရှိ စမ်းသပ်စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှာ အသက်၁၆ နှစ်ကျော်သူ လူပေါင်း ၉ ၃%က အနည်းဆုံး ကာကွယ်ဆေး တစ်ချောင်းထိုးပြီးကြပြီး ၈၇%က နှစ်ချောင်းစလုံး ထိုးပြီးကြပြီ ဖြစ်ပါတယ်။

အိုမီခရွန် မျိုးကွဲကြောင့် ပြည်ဝင်ခွင့် တင်းကြပ်မှုကို သြစတြေးလျ တစ်နိုင်ငံကပဲ ပြုလုပ်တာမဟုတ်ပဲ တခြားနိုင်ငံတွေကလည်း အလားတူ ပြုလုပ်နေကြပါတယ်။

အခုလောလောဆယ် ဒီဇင်ဘာလ ၁၅ ရက် နောက်ပိုင်းမှာ ပြည်ပက ဗီဇာရရှိထားသူတွေကို ပေးဝင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ အစိုးရကတော့ ကျန်းမာရေးပညာရှင်တွေရဲ့ အကြံပြုချက်အပေါ် မူတည်ပြီး လိုအပ်ရင် လိုအပ်သလို ဆောင်ရွက်နိုင်တယ်လို့ အစောပိုင်းတုန်းက ပြောဆိုထားတာ ရှိပါတယ်။

သြစတြေးလျနိုင်ငံထဲ ဝင်လာမယ့် လူတွေအနေနဲ့ သြစတြေးလျနိုင်ငံမှာ ထိုးပေးတဲ့ Pfizer, AstraZeneca, Merdona စတဲ့ဆေးတွေအပြင် Sinovac, Sinopharm, AstraZeneca (Covidshield) နဲ့ Covaxin (Bharat Biotech) ကာကွယ်ဆေးတွေကိုသာ အသိအမှတ်ပြုတာ ဖြစ်ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now