Key Points
- Prevalence of vaping in under 18s is well documented in Australia.
- Turning off the tap for legal sale of vaping products may not deter access if black market availability continues.
- Being addicted to nicotine without realising could be a reason making it hard for a teenager to quit vaping.
ဆေးလိပ်သောက်တာလောက် မဆိုးဘူးလို့ ယူဆကြလို့ အနံ့အရသာစုံနဲ့ အလွယ်တကူ ဝယ်ယူနိုင်တဲ့ vaping တွေကို ဆယ်ကျော်သက်တွေက ဝယ်ယူသုံးစွဲကြပါတယ်။
ဒီတစ်ပတ်အတွက် Australia Explained အစီအစဥ်မှာ ဆယ်ကျော်သက်တွေအနေနဲ့ vaping ကို အသုံးမပြုအောင်လုပ်ဖို့ အခက်အခဲကြုံနေရပြီး သူတို့ မစွဲလမ်းတော့အောင် ဘယ်လို ပံ့ပိုးကူညီနိုင်သလဲ ဆိုတဲ့အကြောင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
ဩစတြေးလျနိုင်ငံ ကျန်းမာရေးဌာနရဲ့ အချက်အလက်တွေအရ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ဩစတြေးလျနိုင်ငံက အလယ်တန်းကျောင်းသူကျောင်းသား ၃ ယောက်ထဲမှာ တစ်ယောက်နှုန်းလောက် e-cigarettes ကို အသုံးပြုကြတယ်လို့ ဖော်ပြထားပါတယ်။
Becky Freeman ဟာ ဆစ်ဒနီတက္ကသိုလ် အများပြည်သူ့ကျန်းမာရေးဌာနက တွဲဖက်ပါမောက္ခဖြစ်ပြီး Generation Vape Project ကို ဦးဆောင်သူ ဖြစ်ပါတယ်။ သူတို့က လူငယ်တွေရဲ့ အီးစီးကရက်အသုံးပြုတဲ့ အမူအကျင့်ကို လေ့လာကြတာ ဖြစ်တယ်လို့ ပြောပါတယ်။
ကျမတို့ သိရတာကတော့ ဩစတြေးလျနိုင်ငံတလွှားက ဆယ်ကျော်သက်အရွယ် ၃ ဦးထဲမှာ တစ်ဦးနှုန်းလောက်ဟာ vaping ကို အသုံးပြုဖူးကြသူတွေ ဖြစ်ပါတယ်။ သုံးစွဲသူ ဦးရေက လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း တရှိန်ထိုး ပိုများလာတာကိုလည်း သိရပါတယ် အထူးသဖြင့် ကိုဗစ် မတိုင်ခင်နဲ့ ကိုဗစ်အလွန်အနေအထားကို ကြည့်ရင် ကိုဗစ်ကာလနောက်ပိုင်း အများပြည်သူ့ ကျန်းမာရေးက ကိုဗစ်ကိုသာ ပစ်မှတ်ထားကြတာဖြစ်ပါတယ်။ Vaping အတွက် အသုံးပြုတဲ့ ပစ္စည်းတွေဟာ အထူးသဖြင့် အနံ့အရသာပေါင်းစုံနဲ့ နီကိုတင်းဓာတ်တွေအများအပြားပါဝင်တဲ့ vaping ပစ္စည်းတွေဟာ ဩစတြေးလျနိုင်ငံမှာ တအားကို ပေါ်ပြုလာဖြစ်လာပါတယ်။ အဲဒီ ပစ္စည်းတွေကို လူငယ်တွေကို ပစ်မှတ်ထား ထိုးရောင်းကြပြီး နောက်ပိုင်းမှာ အဲဒီပစ္စည်းတွေကို ဆယ်ကျော်သက်အရွယ်တွေ အများအပြားအသုံးပြုတဲ့ ပစ္စည်း ဖြစ်လာတယ်လို့ ပြောသွားခဲ့ပါတယ်။
Vaping ပစ္စည်းတွေကို ဆေးဝါးတွေ ရောင်းတဲ့ ဆိုင်တွေမှာပဲ ဝယ်လို့ရတယ်လို့ သတ်မှတ်ပေမယ့် တကယ့်တော့ တခြားနေရာမှာလည်း တရားမဝင် ရောင်းချတာမျိုးရှိလို့ ဆယ်ကျော်သက်တွေဟာ အလွယ်တကူ ဝယ်ယူနိုင်ကြတယ်လို့ ပါမေက္ခ Freeman က ပြောပါတယ်။
တရားမဝင် စျေးကွက်လို့ လူတွေပြောတဲ့အခါ ကျမ ရီချင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ သာမာန် အသက် ၁၄ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးအနေနဲ့ vape လုပ်ဖို့အတွက် အလွယ်တကူ ရှာဝယ်လို့ရတဲ့အရာဟာ တရားမဝင်စျေးကွက်လို့တောင် ပြောဆိုဖို့ မသင့်တော့တဲ့အတွက် ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းကို ရောင်းဝယ်နေကြတာပါ။ အဲဒါကြောင့် ကျမတို့အနေနဲ့ အလွယ်တကူ ဝယ်ယူလို့ မရအောင် တကယ်ပစ်မှတ်ထားပြီးလုပ်ဆောင်ရမှာပါ။ အခုလောလောဆယ် vaping ပစ္စည်းတွေကို လွယ်လွယ်ကူကူ ရယူနိုင်သေးတဲ့အတွက် ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။
Vaping ပစ္စည်းတွေ ပေါ်ပေါက်လာတာ အခုဆိုရင် နှစ်အနည်းငယ် ရှိသွားပြီ ဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းကို လူငယ်တွေအကြား ခေတ်မစားတော့တဲ့အခါ vaping ကို စီးကရက်ရက် မတူဘူးဆိုပြီး စျေးကွက်မှာ ဖြန့်ဖြူးတဲ့အတွက် လူငယ်တွေက vaping ဟာ စီးကရက်လို မဆိုးဘူးလို့ ယူဆပြီး vaping ကို အများအပြား သုံးစွဲကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

အထူးသဖြင့် လူငယ်တွေဟာ ဆေးလိပ်သောက်ခြင်းကို ဆန့်ကျင်ကြတဲ့လူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ စိတ်ထဲမှာ စွဲနေတာက ဆေးလိပ်ဟာ စျေးလည်းကြီးတယ်၊ ဆေးလိပ်ဗူးပေါ်မှာဆိုရင်လည်း စီးကရက်ကြောင့် ဖြစ်တတ်တဲ့ ရောဂါဆိုးတွေအကြောင်း သတိပေး ရေးသားဖော်ပြကြတာရှိသလို နေရာတကာမှာ ဆေးလိပ်သောက်ခွင့်မရှိလို့ ဆေးလိပ်သောက်ခြင်းကို လူမှုရေးလောကက လက်မခံသလို သူတို့ ယုံကြည်ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ vaping လို့ ပြောတဲ့အခါ လူငယ်တွေက အဲဒီလို မမြင်ကြပါဘူး။ အဲဒါကို အန္တရာယ်ရှိတယ်လို့ မြင်မဲ့အစား vaping က ဘေးကင်းတယ်၊ လူမှုရေးလောကမှာ ကျင်ဖယ်ခြင်းမခံရနိုင်ဘူးဆိုတဲ့ အမြင်မျိုး လူငယ်တွေမှာ ရှိကြတဲ့အတွက် vaping လုပ်ငန်းမှာ အဲဒီသတင်းအမှားကမ်ပိန်းက အင်မတန်အောင်မြင်မှုရခဲ့ကြတယ်လို့ ပြောပါတယ်။
ပါမောက္ခ Nick Zwar ဟာ Royal Australian College of General Practitioners Expert Advisory Group ရဲ့ ဥက္ကဌဖြစ်ပြီး လူတွေ ဆေးလိပ်တွေ အီးစီးကရက်တွေ ဖြတ်ဖို့ ကြိုးစားတဲ့အခါမှာ ကျန်းမာရေးပညာရှင်တွေအနေနဲ့ ဘယ်လို အကြံပေးသင့်သလဲ ဆိုတဲ့ လမ်းညွန်ချက်ကို ချမှတ်ပေးတာဖြစ်ပါတယ်။
Vape လို့ ပြောတဲ့အခါမှာ နီကိုတင်းပါတဲ့ vaping ပစ္စည်းတွေကသာ ကျန်းမာရေးအတွက် ဆိုးဝါးရုံသာမက နီကိုတင်းဓာတ်မပါတဲ့ vaping ပစ္စည်းတွေဟာလည်း ကျန်းမာရေးအတွက် ဆိုးဝါးတယ်လို့ ပြောပါတယ်။ အကြောင်းရင်းကတော့ အဲဒီအထဲမှာ ပါဝင်တဲ့ aerosols တွေကြောင့်ဖြစ်ပြီး အဲဒီအထဲမှာ glycerine နဲ့ propylene glycol ဓာတ် ပါဝင်တဲ့အတွက် ဖြစ်တယ်လို့ ပြောပါတယ်။
Vaping အတွက် သုံးတဲ့ ပစ္စည်းတွေမှာ နီကိုတင်းဓာတ်တွေ ပါမပါ မရေးထားပေမယ့် အများအားဖြင့် နီကိုတင်းဓာတ်တွေ ပါဝင်လေ့ရှိတယ်လို့ ပါမောက္ခ Zwar က ပြောပါတယ်။
ကုန်ပစ္စည်းတွေကို မှတ်ပုံတင်ပေးတဲ့ Therapeutic Goods Administration နဲ့ တခြားအဖွဲ့အစည်းတွေဟာ vaping တွေမှာ နီကိုတင်းမပါဘူးလို့ ဖော်ပြထားပေမယ့် တကယ်တော့ အဲဒီကုန်ပစ္စည်းတွေရဲ့ ၈၀ % ၊ ၉၀% မှာ နီကိုတင်းဓာတ်တွေ ပါဝင်တယ်လို့ ပြောပါတယ်။
ဆယ်ကျော်သက်နဲ့ လူငယ်လေးတွေ နီကိုတင်းဓာတ်နဲ့ ထိတွေ့မှုများရင် ဆိုးဝါးတဲ့ ကျန်းမာရေး အန္တရာယ်ကို ခံစားရနိုင်ပြီး ကိုယ်ခန္စာနဲ့ ဥာဏ်ရည်ကြီးထွားမှုကိုလည်း ထိခိုက်နိုင်တယ်လို့ ပြောပါတယ်။

လူငယ်တွေအတွက် နီကိုတင်းနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတစ်ခုကတော့ သူတို့ရဲ့ အာရုံကျော ဖွံ့ဖြိုးမှုအပေါ် သက်ရောက်နိုင်ပြီး အထူးသဖြင့် ဦးနှောက်ကို ထိခိုက်နိုင်ပါတယ်။ လူငယ်တွေ ဆေးလိပ်သောက်တာပဲ ဖြစ်ဖြစ် vaping လုပ်တာပဲ ဖြစ်ဖြစ် ကျန်းမာရေးအတွက် ဆိုးဝါးနိုင်ပါတယ်။ ရေရှည်မှာ vaping သုံးသွားမယ်ဆိုရင် အဆုတ်နဲ့ နှလုံးဆိုင်ရာ တွေကိုပါ ထိခိုက်နိုင်ပေမယ့် ဘယ်အတိုင်းအတာအထိ ဆိုးဝါးသလဲ ဆိုတာကိုတော့ သေချာမသိနိုင်သေးဘူးလို့ ပြောပါတယ်။
Vaping ကို ဖြတ်တော့မယ်လို့ ဆုံးဖြတ်တဲ့အခါမှာ ကြုံရတဲ့ စိန်ခေါ်မှုတွေက လူတိုင်းအတွက် ကွဲပြားခြားနားတယ်လို့ Quit Victoria ရဲ့ ဒါရိုက်တာ Rachael Andersen က ပြောပါတယ်။
အရိုးရှင်းဆုံး ဖြေရမယ်ဆိုရင်တော့ ဆေးလိပ် တို့ vaping တွေ ဖြတ်ဖို့ဆိုတာ လူတိုင်းအတွက် မတူညီပါဘူး။ ဆေးလိပ်ဖြတ်ဖို့ သို့မဟုတ် vaping ဖြတ်ဖို့ နည်းလမ်း တစ်ခုတည်း မရှိပါဘူး။ လူတွေက ဆေးလိပ်တို့ ဖြတ်တဲ့အခါ ခံစားရတတ်တဲ့ လက္ခဏာတွေ ခပ်ဆင်ဆင် ရှိတတ်ကြပါတယ်။ Nicotine withdrawal တွေကို ခပ်ဆင်ဆင် ခံစားရမှာဖြစ်ပြီး အဲဒီ စိန်ခေါ်မှုတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာကတော့ ကျန်းမာရေးပရော်ဖက်ရှင်နာတွေရဲ့ အကြံပေးချက်အပေါ် မူတည်တယ်လို့ ပြောပါတယ်။
ပါမောက္ခ Zwar ရဲ့ အဆိုအရ vaping ပစ္စည်းတွေကို အကန့်အသတ်နဲ့ ရောင်းချပေမယ့် အဲလို လုပ်ရပ်က လူငယ်တွေကို vaping အသုံးမပြုအောင် ပြုလုပ်နိုင်မလား မလုပ်နိုင်ဘူးလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပြီး တချို့ လူငယ်တွေအတွက် နီကိုတင်းဓာတ် စွဲလမ်းမှုကို မိသားစုဝင်တွေ မိတ်ဆွေသူငယ်ချင်းတွေရဲ့ ပံ့ပိုးမှုနဲ့ ဖြတ်နိုင်တာမျိုး ဖြစ်နိုင်ပေမယ့် တချို့လူတွေက ကျန်းမာရေးပရော်ဖက်ရှင်နာတွေရဲ့ အကူအညီ ရယူဖို့ လိုအပ်နိုင်တယ်လို့ ပြောပါတယ်။

တချို့လူငယ်တွေက vaping ပစ္စည်း အလွယ်တကူ မရနိုင်တော့တဲ့အခါ နီကိုတင်းဖြတ်နိုင်ဖို့ လုပ်လာကြတာတွေ ဒါမှမဟုတ် မိသားစုဝင်တွေ ဒါမှမဟုတ် သူငယ်ချင်းတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ပြတ်သွားကြတာမျိုးရှိပြီး တချို့က vaping လုပ်ချင်တဲ့အခါ ရေသောက်လိုက်တာတွေလုပ်ပြီး တချို့လူတွေက ကျန်းမာရေး ပရော်ဖက်ရှင်နာတွေရဲ့ အကြံဥာဏ်ရယူတာမျိုးလည်း ရှိတယ်လို့ ပြောပါတယ်။
Rachael Andersen ရဲ့ အဆိုအရ လူငယ်တွေအနေနဲ့ vaping စွဲလမ်းတာကို ဖြတ်ဖို့ ခက်ခဲနိုင်တဲ့ အကြောင်းရင်းကို အခုလို ရှင်းပြထားပါတယ်။
မိဘတွေ ဆရာ၊ ဆရာမတွေအနေနဲ့ vaping ဟာ မကောင်းဘူးဆိုတဲ့အကြောင်း လူငယ်တွေ သိအောင်လုပ်ဖို့ သင့်ပါတယ်။ ပြီးရင် အဲဒီ ပစ္စည်းထဲမှာ နီကိုတင်းဓာတ်ပါဝင်ပြီး နီကိုတင်းက လူကို စွဲလမ်းမှုဖြစ်စေနိုင်တယ်ဆိုတာကို သိအောင် လုပ်ဖို့သင့်ပါတယ်။ လူငယ်တွေဟာ အရင်တုန်းက ဒီလို စွဲလမ်းတတ်တဲ့ အရာကို အသုံးမပြုဖူးတဲ့အတွက် အဲဒီလို အရာကို စွဲလမ်းခြင်းရဲ့ နောက်ဆက်တွဲကို မသိ နားမလည်လို့ vaping လုပ်ကြတာလည်းဖြစ်နိုင်ပါတယ်။ အဲဒီအကြောင်းပြချက်တွေက လူကို vaping ဖြတ်ဖို့ ခက်ခဲစေနိုင်တဲ့ အကြောင်းအရာတွေ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ပါမောက္ခ Freemanဟာ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးရဲ့ မိခင်လည်းဖြစ်ပြီး တခြား လူငယ်တွေ vaping စွဲပြီး ဖြတ်ရခက်တာကို တွေ့ရတဲ့အခါ သူ့ကလေးလို စာနာပြီး စိတ်မကောင်း ဖြစ်ရတယ်လို့ ပြောပါတယ်။
လူငယ်တွေ vaping ဖြတ်နိုင်ဖို့အတွက် အရေးတကြီး လုပ်စရာ အဆင့် ၂ ခု ရှိပြီး တစ်ခုက အကောင်းဖက်ဆောင်တဲ့ ဆွေးနွေးမှုတွေ လုပ်ပြီး နောက်တစ်ဆင့်က ကျွမ်းကျင်သူတွေရဲ့ အကူအညီကို ရယူရေး ဖြစ်တယ်လို့ ပြောပါတယ်။

လူငယ်တွေနဲ့ ဖေးဖေးမမရှိပြီး အကောင်းဖက်ဆန်တဲ့ ပြောဆိုဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ အင်မတန် အရေးကြီးပါတယ်။ သူတို့ကို ဆိုးသွမ်းတဲ့ ဆယ်ကျော်သက်တွေ ဒါမှမဟုတ် ခလောက်ဆန်တဲ့ ဆယ်ကျော်သက်တွေလို့ မြင်မဲ့အစား သူတို့တွေကို vaping ကဏ္ဏရဲ့ သားကောင်တွေအဖြစ် မြင်သင့်ပါတယ်။ ကျောင်းက သူနာပြု ဒါမှမဟုတ် ကိုယ်စိတ်ကျန်းမာရေးဆိုင်ရာ အမှုထမ်းတစ်ဦးနဲ့ ဆက်သွယ်မှု လုပ်နိုင်ရင်လည်း သူတို့ရဲ့ ပံ့ပိုးကူညီမှုကို ရယူနိုင်ပါတယ်။ မိဘတွေကို တိုက်တွန်းချင်တာကတော့ မိသားစုရဲ့ ဂျီပီဆရာဝန်ဆီသွားပြီး သူတို့ရဲ့ အကူအညီကို ရယူတာတွေ ပြီးတော့ Quitline လို ဒါမှမဟုတ် iCanQuit လို ဝဘ်ဆိုက်မှာလည်း ဘယ်လို ကိုင်တွယ်ဖြေရှင်းနိုင်သလဲ ဆိုတာတွေကို အကြံဥာဏ်တွေ ရယူနိုင်ပါတယ်။
လူငယ်တွေကို ဆိုးသွမ်းသူလို့ မမြင်ပဲ သူတို့ရဲ့ အတွေ့အကြုံကို မျှဝေချင်စိတ်ရှိလာအောင် လုပ်ဖို့ အရေးကြီးတဲ့အကြောင်းနဲ့ ကျွမ်းကျင်သူတွေရဲ့ အကြံတွေကို ရယူဖို့ Ms Andersen က ပြောပါတယ်။
ဂျီပီကနေတဆင့် ဖြစ်နိုင်ပါတယ်။ အဲဒီတော့ မိမိရဲ့ ကျန်းမာရေးပရော်ဖက်ရှင်နာနဲ့ တိုင်ပင်ဆွေးနွေးမှုလုပ်ပါ။ Quitline ကို ဖုန်းဆက်အကူအညီတောင်းသလို မိဘတွေအနေနဲ့လည်း Quitline ကို ဖုန်းဆက်နိုင်ပါတယ်။ အဲဒီလို ဆက်သွယ်မှု အားလုံးကို တခြားလူမသိအောင် confidential လုပ်ပေးထားတာဖြစ်ပြီး ဘယ်သူကမှ မိမိကို အပြစ်မြင်မှာ မဟုတ်ပဲ သူတို့က စွဲနေတာကို ဖြတ်နိုင်ရာမှာ အကူအညီပေးဖို့သာ ဖြစ်ပါတယ်။ သင်နဲ့ ကိုက်ညီမယ့် ပုံစံမျိုးကို သူတို့က ကူညီရေးဆွဲပေးမှာ ဖြစ်ပါတယ်။ သူတို့က သင့်အတွက် အထောက်အကူ ဖြစ်နိုင်မယ့် အရာတွေကို အထွေထွေအားဖြင့် ကူညီပံ့ပိုးနိုင်ပါတယ်။ ပြီးရင် ဘယ်လို ဆွေးနွေးမှုတွေကို စတင်နိုင်သလဲ ဆိုတာကို အကြံဥာဏ်တွေပေးပြီး သင်ဘယ်နားတွေမှာ အကူအညီ ရယူနိုင်သလဲ ဆိုတာတွေကို လမ်းညွန်ပေးနိုင်တယ်လို့ ပြောသွားတဲ့အကြောင်း ရေးထားတဲ့ Zoe Thomaidou ရဲ့ ဆောင်းပါးကို တင်ဆက်လိုက်ပါတယ်။






