ဒီကာလဟာ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်ကာလဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် ဩဂုတ်လတုန်းက မြန်မာအာဏာပိုင်တွေရဲ့ ပေါ်လစီကြောင့် လောင်စာဆီစျေးနှုန်း အဆပေါင်းများစွာ မြင့်တက်မှုကြောင့် မငြိမ်မသက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး သံယာတော်တွေကလည်း ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။
သံဃာတော်တွေရဲ့ ဆန္ဒပြမှု တချို့ နှိမ်နင်းခံရပြီးနောက် အရင်တုန်းက ကြိုကြားကြိုကြား ဖြစ်ခဲ့တဲ့ သံဃာတော် ဆန္ဒပြမှုတွေဟာ စက်တင်ဘာလထဲမှာ တနိုင်ငံလုံးအဆင့် ဖြစ်ပွားခဲ့ပါတယ်။
အဲဒါကို ရွှေဝါရောင်တော်လှန်ရေးလို့ ခေါ်ဝေါ်လာခဲ့ကြပြီး အဲဒီတော်လှန်ရေးအတွင်း လူအများအပြား သေဆုံးသလို ဖမ်းဆီးထိန်းသိမ်းမှုတွေ ခံခဲ့ရပါတယ်။
ဒီအကြောင်းတွေနဲ့ ဆက်စပ်ပြီး ဩစတြေးလျနိုင်ငံမှာ ရှိနေတဲ့ စာရေးဆရာလည်းဖြစ်၊ ဆရာဝန်လည်းဖြစ်၊ နိုင်ငံရေးအကျဥ်းသားဟောင်းလည်းဖြစ်တဲ့ ဆရာမ မသီတာ စမ်းချောင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။
အရင်ဦးဆုံး မြန်မာပြည်တွင်းက စာရေးသူတွေရဲ့ အနေအထားကို မေးကြည့်ရာမှာ ဆရာမက အခုလို ပြောပြထားပါတယ်။






