SKIP TO MAIN CONTENT

၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှု ၂၅ နှစ်ကြာပြီးနောက် ကမ္ဘာ့လုံခြုံရေးအခြေအနေ ဘယ်လိုရှိလဲ

A view of the south reflecting pool at the National September 11 Memorial at ground zero in New York - AAP
A view of the south reflecting pool at the National September 11 Memorial at ground zero in New York - AAP Source: AAP / JUSTIN LANE/EPA

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်တုန်းက အမေရိကန်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုဟာ ယခုဆိုရင် ၂၅ နှစ်တိုင်ခဲ့ပါပြီ။ တိုက်ခိုက်မှုကြောင့် လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့ရပြီး၊ အမေရိကန် ဦးဆောင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲတွေ ဖြစ်ပေါ်လာခဲ့သလို သြစတြေးလျနိုင်ငံကလည်း အမေရိကန်နဲ့အတူ ရပ်တည်တဲ့အနေနဲ့ အာဖဂန်နစ္စတန်နဲ့ အီရတ်စစ်ပွဲတွေထဲပါ ပါဝင်ခဲ့ပါတယ်။


Published

By Essam Al-Ghalib, Alex Jones

Presented by Mu Laing Thein

Source: SBS


Skip to podcast episode content

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်တုန်းက အမေရိကန်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုဟာ ယခုဆိုရင် ၂၅ နှစ်တိုင်ခဲ့ပါပြီ။ တိုက်ခိုက်မှုကြောင့် လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့ရပြီး၊ အမေရိကန် ဦးဆောင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲတွေ ဖြစ်ပေါ်လာခဲ့သလို သြစတြေးလျနိုင်ငံကလည်း အမေရိကန်နဲ့အတူ ရပ်တည်တဲ့အနေနဲ့ အာဖဂန်နစ္စတန်နဲ့ အီရတ်စစ်ပွဲတွေထဲပါ ပါဝင်ခဲ့ပါတယ်။


အဲဒီတိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၂,၉၇၇ ဦး သေဆုံးခဲ့ရပြီး၊ ထောင်နဲ့ချီတဲ့သူတွေလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ထိခိုက်သေဆုံးသူတွေဟာ နိုင်ငံပေါင်း ၉၀ ကျော်ကနေ လာရောက်ကြသူတွေ ဖြစ်ပါတယ်။

အခုအခါမှာတော့ ဝန်ကြီးချုပ်ဟောင်း ဂျွန် ဟောင်းဝပ် (John Howard) နဲ့ လုံခြုံရေး ကျွမ်းကျင်သူတွေက အကြမ်းဖက်ခြိမ်းခြောက်မှုဟာ ပိုမိုရှုပ်ထွေးတဲ့ ပုံစံမျိုးဆီ ပြောင်းလဲလာခဲ့ပြီဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ 

အဲဒီတုန်းက သြစတြေးလျနိုင်ငံရဲ့ ဝန်ကြီးချုပ် ဖြစ်သူ ဂျွန် ဟောင်းဝပ် ဟာ အဲဒီအချိန်က အမေရိကန်နိုင်ငံမှာ ရောက်ရှိနေခဲ့တာပါ။

သူဟာ ဒီအကြမ်းဖက် တိုက်ခိုက်မှုမဖြစ်ခင် တစ်ရက်အလိုမှာပဲ အမေရိကန် သမ္မတ ဂျော့ခ်ျ ဒဗလျူ ဘုရှ် (George W Bush) နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ 

"အဲဒါကို ကျွန်တော် ကွက်ကွက်ကွင်းကွင်း မှတ်မိနေပါတယ်။ ကျွန်တော် အဲဒီမှာ ရှိနေခဲ့တာပါ။ သတင်းစာရှင်းလင်းပွဲ လုပ်နေခဲ့တာကို ပြန်သတိရမိပါတယ်၊ အဲဒီသတင်းစာရှင်းလင်းပွဲ လုပ်နေတုန်းမှာပဲ တတိယလေယာဉ်က ပင်တဂွန် (Pentagon) အဆောက်အအုံကို ဝင်တိုက်ခဲ့တာပါ။ ပြတင်းပေါက် လိုက်ကာတွေကို လှန်ကြည့်လိုက်တဲ့အခါ ပိုတိုမက်မြစ် (Potomac River) တစ်ဖက်ကမ်းက ပင်တဂွန် အဆောက်အအုံဆီကနေ မီးခိုးတွေ တက်လာတာကို ကျွန်တော် မြင်ခဲ့ရပါတယ်။"

အဲဒီအကြမ်းဖက်မှုကြောင့် အမေရိကန် လေကြောင်းပိုင်နက်တွေ ပိတ်ချထားသလို ဝါရှင်တန်မြို့ တခုလုံးလည်း ပိတ်ဆို့ခံရချိန်မှာ ဝန်ကြီးချုပ်ဟောင်း ဂျွန်းဟောင်းဝုဒ်က သြစတြေးလျနိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့အတူ ခိုင်ခိုင်မာမာ ရပ်တည်သွားမယ်လို့ လူသိရှင်ကြား ကတိကဝတ်ပြုခဲ့ပါတယ်။ 

ရက်ပိုင်းအတွင်းမှာပဲ အဲဒီလို ခိုင်မာတဲ့ ရပ်တည်ချက်ဟာ စစ်ရေးအရ ကတိကဝတ်တစ်ခု အဖြစ် ပြောင်းလဲဖြစ်ပေါ်ခဲ့ပြီး၊ ဝန်ကြီးချုပ် ဟောင်းဝပ် ဟာ အဲတုန်းက နိုင်ငံခြားရေးဝန်ကြီး အလက်ဇန်းဒြား ဒေါင်းနား (Alexander Downer) နဲ့ ဆွေးနွေးပြီး အမေရိကန်ကို အကူအညီတောင်းနိုင်ဖို့ အန်ဇုစ် (ANZUS) စာချုပ်ကို ချုပ်ဆိုဖို့ အစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။ 

"အမေရိကန်တွေက သူတို့ရဲ့ 'အဲယားဖို့စ် တူး' (Air Force Two) လေယာဉ်ကို ကျွန်တော့်ကို သဘောကောင်းစွာနဲ့ စီးနင်းခွင့်ပေးခဲ့ပါတယ်။ အဲဒီလေယာဥ်က တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် အမေရိကန် လေကြောင်းပိုင်နက်ကနေ ပထမဆုံး ထွက်ခွာတဲ့ လေယာဉ်ဖြစ်ပြီး ဝါရှင်တန်မြို့ အင်ဒရူးစ် လေတပ်အခြေစိုက်စခန်းကနေ ဟာဝိုင်ယီကို ပို့ဆောင်ပေးခဲ့ပါတယ်။ အဲဒီမှာ ကန်တက်စ် (Qantas) လေယာဉ်တစ်စင်းနဲ့ ကျွန်တော် ပြောင်းစီးခဲ့ရပြီး အဲဒီ 'အဲယားဖို့စ် တူး' လေယာဉ်ပေါ်မှာတင် အလက်ဇန်းဒြား ဒေါင်းနား နဲ့ ကျနော် အကျယ်တဝင့် ဆွေးနွေးမှု လုပ်ခဲ့ပါတယ်။ အမေရိကန်ကို ထောက်ခံအားပေးကြောင်း ပြသတဲ့အနေနဲ့ အန်ဇုစ် စာချုပ်ကို ကျင့်သုံးသင့်တယ်လို့ သူက အကြံပြုခဲ့ပါတယ်။ အမေရိကန်က သြစတြေးလျနဲ့ နယူးဇီလန်ကို ကူညီဖို့အတွက် ရည်ရွယ်ရေးဆွဲထားတဲ့ အန်ဇုစ်စာချုပ်ဟာ ပြောင်းပြန်ဖြစ်သွားပြီး ဩစတြေးလျနဲ့ နယူးဇီလန်က အမေရိကန်ကို ပြန်ကူရတဲ့အနေအထားမျိုး ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ ဘယ်တုန်းကမှ မတွေးခဲ့မိပါဘူး။"

တစ်လမပြည့်တဲ့ ကာလအတွင်းမှာပဲ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေဟာ အယ်လ်ကိုင်းဒါး (al-Qaeda) အဖွဲ့နဲ့ သူတို့ရဲ့ ခေါင်းဆောင်မှုကို ခိုလှုံခွင့်ပေးထားတဲ့ တာလီဘန်အစိုးရတို့ကို တိုက်ခိုက်ဖို့ အာဖဂန်နစ္စတန်နိုင်ငံမှာ စစ်ရေးစစ်ဆင်ရေးတွေကို စတင်ခဲ့ပါတယ်။

သြစတြေးလျ စစ်သည်တွေလည်း အဲဒီစစ်ဆင်ရေးမှာ ပါဝင်ဖို့ စေလွှတ်ခံခဲ့ရပါတယ်။

ဒါဟာ သြစတြေးလျနိုင်ငံရဲ့ သက်တမ်းအရှည်ကြာဆုံး စစ်ပွဲ ဖြစ်လာခဲ့ပါတယ်။

နောက်နှစ်ပေါင်း နှစ်ဆယ်အတွင်း သြစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့ (ADF) ရဲ့ စစ်သည်တော် ၃၉,၀၀၀ ကျော်ဟာ အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။

စစ်သည် ၄၁ ဦး ကျဆုံးခဲ့ရပါတယ်။

မစ္စတာ ဟောင်းဝပ် ဟာ မကြာသေးခင်က SBS သတင်းထောက် Alexandra Jones အလက်ဇန်းဒြား ဂျုန်းစ် နဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အလက်ဇန်းဒြား - "ဒီစစ်ဆင်ရေးနဲ့ပတ်သက်ပြီး တွေဝေနှောင့်နှေးတာမျိုး တစ်စုံတစ်ရာ ရှိခဲ့ဖူးပါသလား။"

ဂျွန် ဟောင်းဝပ် - "ဘယ်တုန်းကမှ တွေဝေတာမျိုး မရှိသင့်ဘူးလို့ ကျွန်တော် အမြဲတမ်း တွေးခဲ့ပါတယ်။ သြစတြေးလျ စစ်တပ်ရဲ့ ပံ့ပိုးကူညီမှုကို သူတို့ တန်ဖိုးထားကြောင်း အမေရိကန်တွေက ရှင်းရှင်းလင်းလင်း ပြသခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စစ်သည်တွေကို စစ်မြေပြင် စေလွှတ်ရတာဟာ အသက်အန္တရာယ် ထိခိုက်တာ (သို့) ပြင်းထန်စွာ ဒဏ်ရာရတာတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ကျွန်တော် အမြဲတမ်း စိုးရိမ်ပူပန်ခဲ့ရပါတယ်။ အာဖဂန်နစ္စတန်မှာ ကျွန်တော်တို့ရဲ့ စစ်သား ၄၁ ဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ ဒါဟာ ကျနော်တို့လို နိုင်ငံငယ်တစ်ခုအတွက်တော့ အလွန်များပြားတဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်။ ကျွန်တော်တို့ အဖိုးအခကြီးကြီး ပေးခဲ့ရတာပါ။"

အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်ကနေ ဆုတ်ခွာသွားပြီးနောက် ၂၀၂၁ ခုနှစ်မှာ တာလီဘန်တွေက အာဏာကို ပြန်လည် ရရှိလာခဲ့ပါတယ်။

ဒါပေမဲ့ အာဖဂန်နစ္စတန် စစ်ပွဲဆိုတာ အကြမ်းဖက် တုံ့ပြန်ဆောင်ရွက်မှုတွေထဲက ဩစတြေးလျရဲ့ စစ်ဆင်ရေး တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်ပါတယ်။

အဲဒီစစ်ဆင်ရေး တိုက်ခိုက်မှုတွေဟာ အစိုးရတွေရဲ့ အကြမ်းဖက်မှုအပေါ် ရှုမြင်ကိုင်တွယ်ပုံ သဘောထားကို အခြေခံကျကျ ပြောင်းလဲပစ်ခဲ့ပါတယ်။

လေဆိပ်တွေမှာ လုံခြုံရေးကို ပိုမိုတင်းကျပ်လာခဲ့ပြီး၊ ထောက်လှမ်းရေး အေဂျင်စီတွေလည်း ပိုမိုကျယ်ပြန့်လာခဲ့သလို အစိုးရတွေကလည်း စောင့်ကြည့်ရေးနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး အတွက် လုပ်ပိုင်ခွင့် အာဏာအသစ်တွေကို ပြဋ္ဌာန်းခဲ့ပါတယ်။

ဒါ့အပြင် လုံခြုံရေး အေဂျင်စီတွေဟာ နယ်စပ်ဖြတ်ကျော်ပြီး အစွန်းရောက်အုပ်စုတွေကို ချိတ်ဆက်ပေးနေတဲ့ နိုင်ငံတကာ ကွန်ရက်တွေကိုပါ ပိုမိုနီးကပ်စွာ စတင်စောင့်ကြည့်မှု လုပ်လာခဲ့ကြပါတယ်။

ဒင်းနစ် ရစ်ချတ်ဆန် (Dennis Richardson) ဟာ အဲဒီအချိန်က သြစတြေးလျ လုံခြုံရေးနဲ့ ထောက်လှမ်းရေးအဖွဲ့ (ASIO) ရဲ့ ညွှန်ကြားရေးမှူးချုပ် ဖြစ်ပါတယ်။

အဲဒီအချိန်က ASIO မှာ ဝန်ထမ်း ၆၀၀ ခန့်သာ ရှိခဲ့ပေမဲ့ ယခုအခါမှာတော့ ဝန်ထမ်း ၂,၂၀၀ ကျော်အထိ တိုးတက်များပြားလာခဲ့ပါပြီ။

အဲဒီတိုက်ခိုက်မှုတွေဟာ အဖွဲ့အစည်းရဲ့ ဦးစားပေးလုပ်ငန်းတွေကို ချက်ချင်းပြောင်းလဲသွားစေခဲ့တယ်လို့ မစ္စတာ ရစ်ချတ်ဆန် က ပြောပါတယ်။

အာဖဂန်နစ္စတန်နဲ့ အခြားနေရာတွေမှာရှိတဲ့ အယ်လ်ကိုင်းဒါး (al-Qaeda) ဒါမှမဟုတ် ဆက်စပ်အုပ်စုတွေနဲ့အတူ စစ်ရေးသင်တန်း တက်ရောက်ခဲ့ဖူးတဲ့ သြစတြေးလျနိုင်ငံသားတွေကို ASIO က စတင်စုံစမ်း ရှာဖွေခဲ့ပါတယ်။

အဲဒီစုံစမ်းစစ်ဆေးမှုတွေဟာ ကမ္ဘာ့နေရာဒေသ အားလုံးနီးပါးအထိ ရောက်ရှိခဲ့တယ်လို့ မစ္စတာ ရစ်ချတ်ဆန် က ပြောပါတယ်။ 

"၉/၁၁ ဖြစ်စဉ်နောက်ပိုင်းမှာ အယ်လ်ကိုင်းဒါးနဲ့အတူ သင်တန်းတက်ခဲ့ဖူးတဲ့ သြစတြေးလျနိုင်ငံသား အားလုံးကို ဖော်ထုတ်ဖို့ ကျွန်တော်တို့ စတင်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီစုံစမ်းစစ်ဆေးမှုတွေက Antarctica တိုက်ကလွဲလို့ ကမ္ဘာ့တိုက်ကြီး အားလုံးဆီကို ရောက်ရှိခဲ့ပါတယ်။"

အဲဒီနောက် မကြာခင်မှာဘဲ အဆိုပါ ခြိမ်းခြောက်မှုဟာ သြစတြေးလျနဲ့ ပိုမိုနီးစပ်တဲ့ နေရာဆီကို ရောက်ရှိလာခဲ့ပါတယ်။

စက်တင်ဘာ ၁၁ အကြမ်းဖက်မှု ဖြစ်ပွားပြီး နောက်တစ်နှစ်ကျော်အကြာမှာပဲ ဘာလီကျွန်းက ခရီးသွားဒေသတစ်ခုမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

လူပေါင်း ၂၀၂ ဦး သေဆုံးခဲ့ပြီး၊ အဲဒီထဲမှာ သြစတြေးလျနိုင်ငံသား ၈၈ ဦး ပါဝင်ပါတယ်။

အဲဒီတိုက်ခိုက်မှုကို အယ်လ်ကိုင်းဒါးနဲ့ ချိတ်ဆက်ထားတဲ့ ဒေသတွင်း အစွန်းရောက်အုပ်စုတစ်ခုဖြစ်တဲ့ ဂျမာအာ မီယာ (Jemaah Islamiyah) က ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံသားတွေအတွက်တော့ အကြမ်းဖက်မှုဆိုတာ နူးယောက် (New York) ဒါမှမဟုတ် ဝါရှင်တန်မြို့မှာ ဖြစ်နေတာကို ရုပ်မြင်သံကြားကတဆင့် ကြည့်ရှုရတဲ့ အရာတစ်ခု မဟုတ်တော့ပဲ အိမ်နဲ့နီးတဲ့နေရာမှာ ဖြစ်လာတာပါ။

ဘာလီဟာ နှစ်စဉ် သြစတြေးလျနိုင်ငံသား သောင်းနဲ့ချီ သွားရောက်လည်ပတ်ကြတဲ့ ခရီးသွားနေရာတစ်ခုဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း နှစ်တွေမှာ ကမ္ဘာတစ်ဝန်း တိုက်ခိုက်မှုတွေနဲ့ ကြံစည်မှုတွေ ဆက်လက် ဖြစ်ပွားခဲ့ပြီး အစိုးရတွေကလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး စွမ်းရည်တွေကို ဆက်လက် တိုးချဲ့ဆောင်ရွက်ခဲ့ပါတယ်။

ဒေါက်တာ လီဗီ ဝက်စ် (Dr Levi West) ဟာ အကြမ်းဖက်မှုနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ပညာရှင်တစ်ဦးဖြစ်ပြီး လက်ရှိမှာ သြစတြေးလျ အမျိုးသား တက္ကသိုလ် (ANU) ရဲ့ သုတေသန ပညာရှင်တစ်ဦး ဖြစ်ပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့ကလို ရှုပ်ထွေးပြီး လူအများအပြား ထိခိုက်သေဆုံးစေတဲ့ စနစ်ကျတဲ့ တိုက်ခိုက်မှုမျိုးတွေကို လုပ်ဆောင်နိုင်ဖို့ ပိုမိုခက်ခဲလာစေတာဟာ အဲဒီကာလရဲ့ အောင်မြင်မှုတစ်ခု ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ အဲဒီကာလမှာ ပြုခဲ့တဲ့ ဆုံးဖြတ်ချက်တွေကြောင့် ယခုတိုင် အငြင်းပွားနေဆဲဖြစ်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေလည်း ထွက်ပေါ်လာခဲ့တယ်လို့ သူက ဆိုပါတယ်။

"လက်ရှိ ရှိနေတဲ့ အကြမ်းဖက် ပုံစံအများစုဟာ အရင်တုန်းကလည်း ရှိခဲ့တာပါပဲ၊ ဒါပေမဲ့ အဲဒီရဲ့ ပမာဏ၊ ပြင်းထန်မှုနဲ့ သဘောသဘာဝကတော့ သေချာပေါက် ပြောင်းလဲသွားပါပြီ။ အဲဒီရှုတ်ထွေးမှုတွေထဲက နိုင်ငံခြားတိုင်းပြည်ရဲ့ တိုက်ရိုက် စွက်ဖက်မှုတွေကိုပါ ပေါင်းထည့်လိုက်မယ်ဆိုရင် အနေအထားက ပိုမိုရှုပ်ထွေးတဲ့ မြင်ကွင်းတစ်ခု မြင်ရပါလိမ့်မယ်။"

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့မှာ ဟားမတ်စ် (Hamas) ဦးဆောင်ပြီး အစ္စရေးကို တိုက်ခိုက်ခဲ့မှုနဲ့ အဲဒီနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ဂါဇာစစ်ပွဲတို့အပြီးမှာ နောက်ထပ် အဓိကျတဲ့ ပြောင်းလဲမှုတစ်ခု ထပ်မံ ပေါ်ပေါက်လာခဲ့တယ်လို့ Dr West ဒေါက်တာ ဝက်စ် က ယုံကြည်နေပါတယ်။

လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက စက်တင်ဘာ ၁၁ ရက်နေ့ဟာ ကမ္ဘာ့လုံခြုံရေးကို ပုံစံပြောင်းလဲပစ်ခဲ့ပါတယ်။

အကြမ်းဖက်မှုကို တုံ့ပြန်သည့်အနေနဲ့ တည်ဆောက်ခဲ့တဲ့ စနစ်တွေကတော့ ဆက်လက် တည်ရှိနေဆဲဖြစ်ပေမဲ့၊ ခြိမ်းခြောက်မှုတွေကတော့ စနစ်တကျ ဖွဲ့စည်းထားတဲ့ အကြမ်းဖက်မှုတွေကနေ တစ်ဦးတည်း လှုပ်ရှားမှုတွေ၊ အွန်လိုင်း အစွန်းရောက်ဝါဒနဲ့ နိုင်ငံခြားရဲ့ စွက်ဖက်မှုတွေဆီကို ပြောင်းလဲလာခဲ့ပါပြီ။

၂၅ နှစ်ကြာပြီးနောက် လုံခြုံရေး အေဂျင်စီတွေဟာ ပိုမိုရှုပ်ထွေးလှတဲ့ လုံခြုံရေး ပတ်ဝန်းကျင် အခြေအနေတစ်ခုကို ရင်ဆိုင်နေရပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now