SKIP TO MAIN CONTENT

One Nation ရဲ့ Superannuation ဆိုင်ရာ ဥပဒေသစ်က သင့်အတွက် ဘာကို ဆိုလိုတာလဲ

One Nation leader Pauline Hanson and One Nation member for New England Barnaby Joyce
One Nation leader Pauline Hanson and One Nation member for New England Barnaby Joyce speak to the media - AAP/Lukas Coch Source: AAP / LUKAS COCH/AAPIMAGE

ဩစတြေးလျနိုင်ငံမှာ အိမ်အကြွေးဆပ်နေရတဲ့ အိမ်ပိုင်ရှင်တွေနဲ့ အိမ်ငှားတွေအတွက် သူတို့ရဲ့ အိုစာမင်းစာအတွက် အလုပ်ကနေတဆင့် စုဆောင်းထားတဲ့ (Super) ရန်ပုံငွေထဲက ငွေအချို့ကို ထုတ်ယူပြီး အရေးပေါ် ဘေလ်တွေ ရှင်းနိုင်ဖို့ မူဝါဒအသစ်တစ်ခုကို One Nation ပါတီက အဆိုပြုလိုက်ပါတယ်။


Published

Updated

By Karishma Luthria, Angelica Waite, Anna Henderson

Presented by Mu Laing Thein

Source: SBS


Skip to podcast episode content

ဩစတြေးလျနိုင်ငံမှာ အိမ်အကြွေးဆပ်နေရတဲ့ အိမ်ပိုင်ရှင်တွေနဲ့ အိမ်ငှားတွေအတွက် သူတို့ရဲ့ အိုစာမင်းစာအတွက် အလုပ်ကနေတဆင့် စုဆောင်းထားတဲ့ (Super) ရန်ပုံငွေထဲက ငွေအချို့ကို ထုတ်ယူပြီး အရေးပေါ် ဘေလ်တွေ ရှင်းနိုင်ဖို့ မူဝါဒအသစ်တစ်ခုကို One Nation ပါတီက အဆိုပြုလိုက်ပါတယ်။


ဒီမူဝါဒကို အစိုးရက ပယ်ချဖို့ လုပ်ဆောင်နေသလို၊ တခြားအတိုက်အခံတွေနဲ့ စီးပွားရေးပညာရှင်တွေကလည်း ဒါဟာ ငွေကြေးဖောင်းပွမှုကို ပိုဆိုးစေနိုင်ပြီး၊ အတိုးနှုန်းတွေ ထပ်တက်လာအောင် လုပ်သလို ဖြစ်စေတဲ့အတွက် လူနေမှုစရိတ် ပိုမိုကြီးမြင့်လာစေမယ်လို့ သတိပေးထားပါတယ်။

အိမ်ရာ အကျပ်အတည်းကို ဖြေရှင်းဖို့ One Nation ပါတီရဲ့ ကြီးမားတဲ့ ကြိုးပမ်းချက်ကြောင့် နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုတွေ ဆက်လက် ဖြစ်ပေါ်နေပါတယ်။

ပါလင်း ဟန်ဆန် (Pauline Hanson) ရဲ့ အဆိုပြုချက်အရ အိမ်ငှားတွေနဲ့ အိမ်ရာချေးငွေ ပေးဆပ်နေရသူတွေဟာ သူတို့ရဲ့ စူပါ (Super) ရန်ပုံငွေထဲက ၃ ရာခိုင်နှုန်းကို သုံးနှစ်အထိ ထုတ်ယူ သုံးစွဲနိုင်တယ်လို့ ဆိုပါတယ်။

"ဒါဟာ သူတို့ရဲ့ငွေဖြစ်ပါတယ်။ ပြည်သူတွေရဲ့ငွေဖြစ်ပြီး အစိုးရရဲ့ငွေ မဟုတ်ပါဘူး။ သူတို့ရဲ့ငွေပါပဲ။ အဲဒါက လူတွေအတွက် ခေါင်မိုးတစ်ခု အမိုးချပေးနိုင်ဖို့ ဒါမှမဟုတ် ကိုယ့်အိမ်လေး ကိုယ်ပိုင်ဆိုင်ထားနိုင်ဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်၊ လူတွေက အိမ်လက်လွတ် ဆုံးရှုံးသွားပြီဆိုရင် သူတို့ရဲ့ဘဝတစ်ခုလုံး ပျက်စီးသွားနိုင်တဲ့အတွက် ဖြစ်တယ်။"

One Nation ပါတီရဲ့ ဒီမူဝါဒကို အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး၊ သြစတြေးလျပြည်သူ သန်းပေါင်းများစွာကို ပိုပြီးနက်တဲ့ ဆင်းရဲတွင်းထဲ ရောက်သွားစေနိုင်သလို ရှိပြီးသား စူပါရန်ပုံငွေ စနစ်ကိုလည်း ဖျက်ဆီးပစ်လိမ့်မယ်လို့ ဆိုပါတယ်။

အတိုက်အခံခေါင်းဆောင် Angus Taylor ကတော့ အသေးစိတ် အချက်အလက်တွေကို ပိုမိုသိရှိလိုကြောင်း တောင်းဆိုထားပါတယ်... အတိုက်အခံတွေဘက်က အိမ်ရာနဲ့ အိုးအိမ်မဲ့ဆိုင်ရာ ဝန်ကြီး အန်ဒရူး ဘရပ်ဂ် (Andrew Bragg) ကတော့ ညွန့်ပေါင်းအစိုးရအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင် စူပါရန်ပုံငွေ မူဝါဒတွေကို ပြန်လည် သုံးသပ်နေတယ်လို့ ဆိုပါတယ်။

လူတွေ ပင်စင်စားဘဝမှာ အိမ်မပိုင်သေးပဲ အိမ်အကြွေးဆက်ဆပ်နေရတဲ့ အခြေအနေကို လျှော့ချနိုင်ဖို့ စူပါရန်ပုံငွေကို အိမ်ရာချေးငွေ ပေးဆပ်ရာမှာ ပြန်လည် အသုံးပြုခွင့်ပေးတာမျိုးက အကောင်းဆုံး ဖြစ်မယ်နိုင်တယ်လို့ သူက ပြောပါတယ်။ 

"လူအများစုဟာ ကိုယ်ပိုင်အိမ် မရှိဘဲ ပင်စင်စား အနားယူနေကြရပါပြီ။ ဒါကြောင့် အိုမင်းမစွမ်း အနားယူချိန်မှာ လူတိုင်း ကိုယ်ပိုင်အိမ် ပိုင်ဆိုင်နိုင်ဖို့အတွက် အငြိမ်းစားစနစ်နဲ့ အိမ်ရာစနစ်ကို ဘယ်လို အကောင်းဆုံး ပုံစံချရမလဲဆိုတာကို ကျနော်တို့ ကြည့်ဖို့လိုပါတယ်။ အဲဒါက မူဝါဒ ရေးဆွဲသူတွေဖြစ်တဲ့ ကျနော်တို့ရဲ့ တာဝန်ဝတ္တရား ဖြစ်ပါတယ်။"

Senator Bragg ဆီးနေတာ ဘရပ်ဂ် ရဲ့ မှတ်ချက်တွေကြောင့် ဘဏ္ဍာရေးဝန်ကြီး ဂျင်မ် ချယ်မာစ် (Jim Chalmers) က ညွန့်ပေါင်းအစိုးရဟာ One Nation ရဲ့ မူဝါဒကို အတုခိုးနေတယ်လို့ စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

"အမှန်တော့ One Nation ရဲ့ စူပါရန်ပုံငွေ မူဝါဒဟာ အတော်လေး ရှုပ်ထွေးချို့ယွင်းနေတာပါ။ အခုတော့ ညွန့်ပေါင်းအစိုးရက အဲဒါကို အတုခိုးချင်တယ်လို့ ပြောလာပါပြီ။ ဒီလို အဓိပ္ပာယ်မရှိတဲ့ One Nation ရဲ့ စူပါမူဝါဒကနေ လူအများစုက ထွက်ပြေးတိမ်းရှောင်နေကြချိန်မှာ အန်ဒရူး ဘရပ်ဂ် က အဲဒါကို အတုခိုးချင်နေတယ်လို့ ကျနော်တို့ ကြားသိရပါတယ်။ ညွန့်ပေါင်းအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ အန်ဒရူး ဘရပ်ဂ် ဟာ One Nation ရဲ့ ရူးသွပ်တဲ့ မူဝါဒကို ပယ်ချမယ့်အစား မိတ္တူကူးချင်နေတယ်ဆိုတာကို အလွန် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသလိုက်ပါပြီ။"

လစ်ဘရယ် ဆီးနေတာ Paul Scarr ပေါ့ စကာ ကတော့ မူဝါဒတွေ ပြင်ဆင်နိုင်တဲ့အကြောင်း၊ ညွန့်ပေါင်းအစိုးရအနေနဲ့လည်း နည်းလမ်းတွေကို ရှာဖွေနေဆဲဖြစ်ပေမဲ့ ဖြစ်လာနိုင်တဲ့ ပြောင်းလဲမှုတွေအတွက် စိစစ်မှုတွေ လုပ်ဖို့က အလွန်အရေးကြီးတယ်လို့ ဆိုပါတယ်။

"ညွန့်ပေါင်းအစိုးရက လူတွေအနေနဲ့ ပထမဆုံးအိမ် ဝယ်ယူဖို့အတွက် သတ်မှတ်ချက်တွေနဲ့အညီ စူပါရန်ပုံငွေထဲက အချို့ကို ထုတ်ယူသုံးစွဲခွင့်ပြုတဲ့ မူဝါဒတွေ အရင်က ရှိခဲ့ဖူးပါတယ်။ အိမ်ရောင်းချတဲ့အခါ အဲဒီအိမ်က ရတဲ့ငွေတွေကို စူပါရန်ပုံငွေထဲ ပြန်လည်ထည့်ဝင်ရမယ့် သတ်မှတ်ချက်တွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် ညွန့်ပေါင်းအစိုးရအနေနဲ့ မူဝါဒကို ပြန်လည် စဉ်းစားနေတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ သင့်လျော်တဲ့ ထိန်းကျောင်းမှုတွေ ရှိဖို့ကတော့ အလွန်အရေးကြီးပါတယ်။"

ဂရင်းပါတီ ခေါင်းဆောင် လာရီဆာ ဝါတာစ် (Larissa Waters) ကတော့ သြစတြေးလျပြည်သူတွေအနေနဲ့ အိမ်ရာနဲ့ လူနေမှုစရိတ် အကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် သူတို့ရဲ့ အိုစာမင်းစာ ဆူပါငွေတွေကို ထုတ်သုံးဖို့ မလိုသင့်ဘူးလို့ ပြောပါတယ်။ 

"နေ့စဥ်လိုအပ်တဲ့ ကုန်တွေ ဝယ်ဖို့နဲ့ ခေါင်မိုးမှာ အမိုးအကာ တစ်ခု ရှိဖို့အတွက် ကိုယ့်ရဲ့ အငြိမ်းစားဘဝအတွက် စုဆောင်းတဲ့ အိုစာမင်းစာ ငွေတွေကို ထုတ်သုံးနေစရာ မလိုပါဘူး။ အစိုးရအနေနဲ့ အိမ်ငှားခတွေကို ထိန်းချုပ်ဖို့နဲ့ ဘဏ်တွေက ပြည်သူတွေရဲ့ အိမ်ရာချေးငွေတွေအပေါ် အမြတ်ကြီးစားပြီး ဈေးတင်နေတာတွေကို ရပ်တန့်ဖို့ အခုချက်ချင်း အရေးယူဆောင်ရွက်ပေးဖို့ လိုပါတယ်။"

One Nation ရဲ့ စူပါရန်ပုံငွေ ထုတ်ယူခွင့် တောင်းဆိုချက်အရ ပုံမှန်အချိန်ပြည့် အလုပ်လုပ်နေပြီး တစ်နှစ်ကို ၉၁,၀၀၀ ဒေါ်လာ ရရှိတဲ့ အလုပ်သမားတစ်ဦးဟာ သူတို့ဆူပါငွေကနေ တစ်ပတ်ကို ၄၄ ဒေါ်လာခန့် ထုတ်ယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

ဝင်ငွေပေါင်း ၁၆၈,၀၀၀ ဒေါ်လာရှိတဲ့ မိသားစုတစ်ခုအနေနဲ့ တစ်ပတ်ကို ၈၂ ဒေါ်လာခန့် ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

စီးပွားရေးထဲကို ငွေကြေးတွေ ပိုထည့်ပေးလိုက်တာဟာ ငွေကြေးဖောင်းပွမှုကို ပိုဆိုးစေပြီး၊ ဗဟိုဘဏ်က အတိုးနှုန်းတွေကို ထပ်မြှင့်ဖို့ အကြောင်းပြချက် ပိုဖြစ်လာစေနိုင်သလို ချေးငွေဆပ်ရမည့် ငွေနဲ့ အိမ်ငှားခတွေကိုပါ ပိုမိုမြင့်တက်စေလိမ့်မယ်လို့ စီးပွားရေးပညာရှင်တွေက သတိပေးထားပါတယ်။

(Australia Institute) မှ အကြီးတန်း စီးပွားရေးပညာရှင် မက် ဂရုဒ်နော့ဖ် (Matt Grudnoff) ကတော့ ဒီမူဝါဒဟာ နောက်ဆုံးမှာ လူနေမှုစရိတ် အကျပ်အတည်းကို ပိုမိုဆိုးရွားစေလိမ့်မယ်လို့ ဆိုပါတယ်။ 

"ဒီမူဝါဒက ဘာကြောင့် လူကြိုက်များနိုင်တယ်ဆိုတာကို ကျွန်တော် လုံးဝ နားလည်နိုင်ပါတယ်။ လက်ရှိမှာ လူတွေရဲ့ တကယ့်လစာငွေတွေက ကျဆင်းနေပါတယ်။ အဲဒါက သူတို့ ရှာဖွေရရှိတဲ့ ငွေနဲ့ ဝယ်ယူနိုင်စွမ်းတွေ လျော့နည်းလာတာကို ပြသနေတာပါ။ သူတို့ ငွေကြေးကျပ်တည်းမှုကို ခံစားနေရပြီး အဲဒီအတွက်လည်း ဒေါသထွက်နေကြပါတယ်။ ဒါပေမဲ့ ဒီမူဝါဒက တကယ်တမ်း လူတွေကို ဘာမှ မကူညီနိုင်ပါဘူး။ ဒီလိုသာ ဖြစ်လာမယ်ဆိုရင် ဗဟိုဘဏ်က အလွန်အမင်း စိုးရိမ်ပြီး အတိုးနှုန်းတွေကို ပိုတိုးမြှင့်လာပါလိမ့်မယ်။"

လူနေမှုစရိတ် ဖိအားကို သက်သာစေဖို့ ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်ပေမဲ့ နိုင်ငံရေးသမားတွေအနေနဲ့ အခြားသော ဖြေရှင်းချက်တွေကို ရှာဖွေသင့်တယ်လို့ သူက ပြောပါတယ်။

 "တကယ်တမ်း ပြဿနာက ဘာလဲဆိုတော့ ထိပ်တန်းမှာ ရှိနေတဲ့သူတွေကို အခွန်လျှော့ပေါ့မှု ကြီးကြီးမားမား ပေးထားတာက တကယ့်ပြဿနာပါပဲ။ ဒါကြောင့် One Nation အနေနဲ့ ဝင်ငွေနည်းတဲ့လူနဲ့ ဝင်ငွေအလယ်အလတ်ရှိတဲ့သူတွေကို တကယ် ကူညီချင်တယ်ဆိုရင် ထိပ်တန်းမှာ ရှိတဲ့သူတွေအတွက် စူပါရန်ပုံငွေ အခွန်လျှော့ပေါ့မှုတွေထဲက ထည့်ပေးနေတဲ့ ဘီလီယံ ၂၀ ထဲက အချို့ကို ဖြတ်တောက်ပြီး လူနေမှုစရိတ် ဖိအားတွေကို လျှော့ချဖို့အတွက် အသုံးပြုတာက ပိုကောင်းပါတယ်။ မိသားစုတွေကိုယ်တိုင် သူတို့ရဲ့ အိုစာမင်းစာ စူပါရန်ပုံငွေကို ထုတ်ယူသုံးခိုင်းမယ့်အစား တခြားနည်းနဲ့ ဖိအားတွေကို လျှော့ချပေးတာက ပိုပြီး အကျိုးရှိပါတယ်။"

စူပါရန်ပုံငွေ အဖွဲ့ဝင်များ ကောင်စီ (Super Members Council) ကတော့ One Nation ရဲ့ အဆိုပြုချက်ဟာ ရေတိုမှာ ခဏတာ သက်သာရာရစေမယ့် အချိုရည်တစ်ခွက် သောက်လိုက်သလို ဖြစ်ပြီး ရေရှည်မှာတော့ ဆိုးရွားပျက်စီးစေမယ့် အကျိုးဆက်တွေ ရှိလာမယ့် အစီအစဥ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကောင်စီရဲ့ အမှုဆောင်အရာရှိချုပ် မီရှာ ရှုဘတ် (Misha Schubert) ကတော့ ဒီမူဝါဒကြောင့် သြစတြေးလျ ပြည်သူ အများစုအနေနဲ့ အငြိမ်းစားယူချိန်မှာ ပိုက်ဆံ သောင်းနဲ့ချီ ဆုံးရှုံးသွားနိုင်တယ်လို့ ပြောပါတယ်။

"ဒါက တကယ်ကို ရှင်းလင်းပြီး ထင်ရှားတဲ့အပြင် စိုးရိမ်စရာလည်း ကောင်းပါတယ်။ ဒီမူဝါဒသာ အကောင်အထည် ပေါ်လာပြီး အဆိုပြုထားတဲ့ ၃ နှစ်တာ ကာလအတွင်းမှာ အဲဒီစနစ်ကို အသုံးပြုခဲ့မယ်ဆိုရင် ဒီနိုင်ငံက လစာအလယ်အလတ် ရရှိသူတစ်ဦးဟာ အငြိမ်းစားယူချိန်မှာ ငွေ ၂၅,၀၀၀ ဒေါ်လာ ဆင်းရဲသွားမှာဖြစ်ပြီး စုံတွဲတစ်တွဲဆိုရင် ၅၀,၀၀၀ ဒေါ်လာအထိ ဆင်းရဲသွားမှာ ဖြစ်ပါတယ်။ အဲဒါက ၃ နှစ်တာ ကာလရဲ့ သက်ရောက်မှု သက်သက်ပါပဲ။"

အဆိုပြုထားတဲ့ ပြောင်းလဲမှုတွေဟာ အခြားသော ဖွံ့ဖြိုးပြီးနိုင်ငံတွေပါ အားကျစွာ အတုယူနေကြတဲ့ စနစ်တစ်ခုကို ယိုယွင်းပျက်စီးစေလိမ့်မယ်လို့ သူက ဆိုပါတယ်။

"အခွန်ဆောင်သူတွေကနေ ရတဲ့ ရန်ပုံငွေ သက်သက်နဲ့ပဲ သက်ကြီးတွေကို ထောက်ပံ့တဲ့ ပင်စင်စနစ်တစ်ခုတည်းကိုသာ အဓိက အားကိုးနေကြတဲ့ အခြားနိုင်ငံတွေမှာဆိုရင် ...သြစတြေးလျကို ကြည့်ပြီး 'သြစတြေးလျစနစ်လို ခိုင်မာပြီး အောင်မြင်တဲ့ စနစ်မျိုးကို ငါတို့လည်း တည်ဆောက်ခဲ့မိရင် ဘလောက်ကောင်းမလဲ' လို့ တွေးနေကြပါတယ်။ ဒါကြောင့် အသက်အရွယ်ကြီးရင့်ချိန်မှာ လစာငွေအဖြစ် အားကိုးရမည့် သြစတြေးလျပြည်သူ သန်း ၁၇ ရဲ့ အနာဂတ်ကို ကာကွယ်ဖို့အတွက် သြစတြေးလျရဲ့ စူပါရန်ပုံငွေစနစ်မှာ ရှိတဲ့ ခိုင်မာတဲ့ အခြေခံမူတွေကို ဆက်လက် ထိန်းသိမ်းထားဖို့ တာဝန်နဲ့ ဝတ္တရား ရှိတယ်ဆိုတာ ကျနော်တို့အားလုံးအတွက် ရှင်းလင်းတဲ့ သတင်းစကားတစ်ခု ဖြစ်သင့်ပါတယ်။"

 


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now