Voice to Parliament လွှတ်တော်ဆီသို့ အသံ ဆိုတာ ဘာလဲ။
၂၀၁၇ ခုနှစ်တုန်းက ဌာနေတိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်တွေဟာ Uluru ကျောက်ဆောင်နီနားမှာ ညီလာခံကျင်းပခဲ့ကပြီး အဲဒီညီလာခံကနေ ရရှိတဲ့ သဘောတူညီချက်နဲ့ ဆက်စပ်ပြီး လူတွေ သိရအောင် ရင်ထဲကလာတဲ့ အူလူယူး ထုတ်ပြန်ကြေညာချက် Uluru Statement from the Heart ကနေတဆင့် ချပြခဲ့ပါတယ်။
အူလူယူး ထုတ်ပြန်ကြေညာချက်က ပြုပြင်ပြောင်းလဲရေးအတွက် အချက် ၃ ချက်ကို အခြေခံဖို့ ကမ်းလှမ်းမှုလုပ်ထားပြီး အဲဒီအချက်တွေကတော့ Voice အသံ၊ (Makarrata or Treaty) သဘောတူညီချက်နဲ့ (Truth) အမှန်တရား တို့ ဖြစ်ပါတယ်။
အဓိက အချက်အလက်များ
- လွှတ်တော်မှာ ဌာနေတိုင်းရင်းသားဆိုင်ရာ အကြောင်းအရာများကို လမ်းညွန်မှု လုပ်နိုင်ဖို့အတွက် ဌာနေတိုင်းရင်းသားရေးရာဆိုင်ရာ အကြံပေးအဖွဲ့ကနေ လွှတ်တော်မှာ အသံတစ်သံ Voice to Parliament ရရှိအောင် လုပ်ပေးဖို့ တောင်းဆိုကြတာ ဖြစ်ပါတယ်။
- ရင်ထဲကလာတဲ့ အူလူယူးထုတ်ပြန်ကြေညာချက်အရ အဓိက ပြုပြင်ပြောင်းလဲရေး အချက် ၃ ချက်ကို တောင်းဆိုထားပြီး အဲဒီအထဲမှာ Voice to Parliamant ကို ပထမဦးစားပေးအနေနဲ့ လုပ်ဆောင်ဖို့ ပါရှိပါတယ်။
ရင်ထဲကလာတဲ့ အူလူယူးထုတ်ပြန်ကြေညာချက်ကို ရေးသားတဲ့လူတွေက ၂၀၂၃ ခုနှစ် မေလ ဒါမှမဟုတ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ဖြစ်လိမ့်မယ်လို့ အကြံပြုထားကြပါတယ်။
ပထမ ဦးစားပေး လုပ်ဆောင်ရမယ့်အရာက လွှတ်တော်မှာ အသံရရှိရေး Voice to Parliament ဖြစ်ပြီး အဲဒီလို ဖြစ်လာဖို့အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်ရမှာ ဖြစ်ပါတယ်။
ဆိုလိုတာကတော့ ဖွဲ့စည်းပုံပြင်ဆင်နိုင်ဖို့ ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲ ကျင်းပရမှာပါ။
ဩစတြေးလျံ တရားရေးရာဌာန၊ နိုင်ငံရေးစနစ်နဲ့ ပြည်သူတွေ ပူးပေါင်းပြီး ဌာနေတိုင်းရင်းသားတွေကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲမှာ အသိအမှတ်ပြုနိုင်ရေးအတွက် ဆယ်စုနှစ်နဲ့ချီကြာအောင် လုပ်ဆောင်ရတဲ့ လုပ်ငန်းစဥ် ဖြစ်ပါတယ်။
ဩစတြေးလျံတွေအတွက် ဘယ်လို သက်ရောက်မှု ဖြစ်စေနိုင်သလဲ။
လွှတ်တော်မှာ Voice to Parliament ဆိုတဲ့ အကြံပြုဌာနတစ်ခုကို ထားသင့်မသင့်ဆိုတာကို ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲကနေတဆင့် ပြုလုပ်သွားဖို့ ဖြစ်ပါတယ်။
၁၉၀၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှာ စတင်ပြီး လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကျင့်သုံးလာတာဖြစ်ပြီး ဖွဲ့စည်းပုံထဲမှာ ဌာနေတိုင်းရင်းသား Aboriginal နဲ့ Torres Strait Islander တွေကို ဩစတြေးလျမှာ ပထမဆုံး နေထိုင်တဲ့ ဌာနေတိုင်းရင်းသားအဖြစ် အသိအမှတ် မပြုထားသလို သူတို့ရဲ့ မြေယာပိုင်ဆိုင်မှုကိုလည်း အသိအမှတ် ပြုထားခြင်း မရှိပါဘူး။
အတိုချုပ်အနေနဲ့ ပြောရမယ်ဆိုရင် Voice of Parliament ကို ထားရှိခြင်းအားဖြင့် ရှေးကတည်းက ဒီတိုက်ကြီးပေါ်လာ တည်ရှိလာတဲ့ နှစ် ၆၀၀၀၀ ကျော် နိုင်ငံရေးကို အသိအမှတ်ပြုရာရောက်သလို သူတို့ရဲ့ အသံနဲ့ သူတို့ရဲ့ ဒီမိုကရေစီမှာ ပါဝင်မှုကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲ သတ်မှတ်ပေးခြင်း ဖြစ်ပါတယ်။
အူလူယူး ဆွေးနွေးညိနှိုင်းရေးအဖွဲ့ရဲ တွဲဖက်ဥက္ကဌလည်းဖြစ် နယူးဆောက်သ်ဝေးလ် တက္ကသိုလ်က လူ့အခွင့်အရေး ရှေ့နေလည်းဖြစ်သူ Megan Jane Davis က ဒီလို အသိအမှတ်ပြုခြင်းအားဖြင့် နိုင်ငံရဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် ရှေ့တိုးစေတဲ့ ခြေလှမ်းဖြစ်စေမယ်လို့ ပြောပါတယ်။
ရင်ထဲကလာတဲ့ အူလူယူးထုတ်ပြန်ကြေညာချက်မှာ ဖော်ပြတဲ့ ပြုပြင်ပြောင်းလဲမှုကို အကောင်အထည်ဖော်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို ဌာနေတိုင်းရင်းသားတွေကို ပိုမိုကြံ့ခိုင်မှု ရရှိစေပြီး အဲဒီအထဲမှာ သဘောတူညီမှု လက်မှတ်ရေးထိုးမှုတွေဖြစ်လာအောင် Makarrata Commission ဖွဲ့စည်းဖို့လည်း ပါဝင်တယ်လို့ ပြောပါတယ်။
“ဌာနေတိုင်းရင်းသားတွေရဲ့ အသံကို အသိအမှတ် ပြုခြင်းအားဖြင့် ကျမတို့ဘဝအပေါ် သက်ရောက်နိုင်တဲ့ ဥပဒေတွေ၊ မူဝါဒတွေကို ပြောဆိုဆွေးနွေးရာမှာ ကျမတို့ကို စားပွဲဝိုင်းမှာ ပါဝင်စေနိုင်တဲ့အတွက် ဖြစ်ပါတယ်” လို့ ပြောပါတယ်။
လက်ရှိ ဘယ်အဆင့်မှာ ရောက်နေပြီလဲ။
ဝန်ကြီးချုပ် အယ်လ်ဘာနီဇီဟာ ရွေးကောက်ပွဲ နိုင်တဲ့ညမှာပဲ acknowledgement of country ကို ပြုလုပ်ပြီးတဲ့နောက် "ဩစတြေးလျ လေဘာပါတီကိုယ်စား ကျနော့်အနေနဲ့ ကတိပြုလိုတာကတော့ ကျနော်တို့အနေနဲ့ ရင်ထဲက လာတဲ့ အူလူယူးထုတ်ပြန်ကြေညာချက်ပါ အချက်အလက်တွေ ဖြစ်ပေါ်လာရေးအတွက် ကြိုးစားလုပ်ဆောင်သွားမယ့်အကြောင်း ကတိပြုပါတယ်" လို ကြေညာခဲ့ပါတယ်။
ထုတ်ပြန်ကြေညာချက်ထဲမှာ ပါမောက္ခ Davis က ဒီလို အဆင့်အထိ ရောက်လာတဲ့အပေါ် စိတ်သက်သာမှုရပြီး အောင်မြင်မှု ရသလို ခံစားရပေမယ့် အများကြီး ဆက်လက် လုပ်ဆောင်ရဦးမှာ ဖြစ်တယ်လို့ ပြောပါတယ်။
“ကျမတို့ စိတ်လှုပ်ရှားမိပါတယ်။ ဩစတြေးလျမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အပြောင်းအလဲဖြစ်ခဲပါတယ်။ ကျမတို့လူမျိုးတွေကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာ အခွင့်အာဏာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ အဲဒီတော့ ဒီဟာက ကျမတို့အတွက် တကယ့်ကို ထူးခြားတဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။ ၁၉၆၇ ခုနှစ် လူထူဆန္ဒခံယူပွဲနဲ့ မတူပဲ ဒီတချီက ကျမတို့ကို လုပ်ပိုင်ခွင့်ပေးမယ့် အခွင့်အရေးဖြစ်တယ်” လို့ ပြောပါတယ်။
အူလူယူးကြေညာချက်အရ ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲ ကျင်းပနိုင်ဖို့ ကတိကဝတ်တွေ ရှိလာပြီး ဒါဟာ ကြေညာချက်ရဲ့ ပထမပိုင်းဖြစ်ပြီး အဲဒီလို ဖြစ်လာဖို့ အစိုးရက အုတ်မြစ်ချ လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။
နောက်အဆင့်များ
ဖွဲ့စည်းအုပ်ချုပ်ပုံထဲမှာ ဌာနေတိုင်းရင်းသားတွေရဲ့ အသံကို ကြားနိုင်ဖို့ မလုပ်ခင်မှာ အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေ အရင်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ ကာကွယ်ထားရင် ဌာနေတိုင်းရင်းသားတွေရဲ့ အသံက အဓွန့်ရှည်မှာဖြစ်ပြီး နိုင်ငံရေးအချိန်ဇယားထက် ကြာရှည်ခံစေမှာ ဖြစ်ပါတယ်။
အဲဒါက ဌာနေတိုင်းရင်းသားတွေကို လုပ်ပိုင်ခွင့်အာဏာပေးမှာဖြစ်သလို နိုင်ငံရဲ့ ဒီမိုကရေစီအရေးမှာ တက်ကြွစွာ ပါဝင်မှု ဖြစ်စေမှာဖြစ်ပြီး အာဏာရနေတဲ့ နိုင်ငံရေးပါတီရဲ့ အာဏာအပေါ် မှီခိုစရာ မလိုတော့တာမျိုး ဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။
အရင် ညွန့်ပေါင်းအစိုးရလက်ထက်တုန်းက လွှတ်တော်မှာ အသံရရှိအောင် လုပ်ဆောင်ပေးဖို့ ရည်ရွယ်ချက်ရှိပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲ ပါဝင်တဲ့အထိ လုပ်ဆောင်ပေးဖို့ အစီအစဥ်မရှိတဲ့အတွက် လွှတ်တော်မှာ ဌာနေတိုင်းရင်းသားတွေရဲ့ အသံရှိအောင် လုပ်ဆောင်ရင်တောင် အဲဒါကို အချိန်မရွေး ပယ်ဖျက်လိုက်နိုင်တဲ့အနေအထား ဖြစ်ပါတယ်။
ဒါပေမဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ထည့်သွင်းနိုင်ရင်တော့ အလွယ်တကူ ပယ်ဖျက်နိုင်မှာ မဟုတ်တော့ပဲ ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲကနေတဆင့်သာ ပြောင်းလဲနိုင်မယ့်အတွက် ဖြစ်ပါတယ်။
အဲဒီအဆင့်အထိ မရောက်ခင်မှာ အရင်ဆုံး နိုင်ငံရေး ထောက်ခံမှုနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။
ဥပဒေမူကြမ်းကို ဖက်ဒရယ် ပါလီမာန်ကနေ အတည်ပြုပေးလိုက်တာနဲ့ လွှတ်တော်မှာ ဌာနေတိုင်းရင်းသားရေးရာ ဆိုင်ရာ အကြံပေးဌာန ထားသင့်မသင့်ဆိုတာကို ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲကို ၆ လအတွင်း ကျင်းပရမှာဖြစ်ပါတယ်။
ရင်ထဲက လာတဲ့ အူလူယူးထုတ်ပြန်ကြေညာချက် ရေးသားသူတွေကတော့ ၂၀၂၃ ခုနှစ် မေလ သို့မဟုတ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ လူထုဆန္ဒ ခံယူပွဲ ကျင်းပနိုင်တယ်လို့အကြံပြုထားတာ ရှိပါတယ်။

