Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE starting June 12 2026

အစိုးရရဲ့ ဘတ်ဂျက်ကို ဘယ်လိုတွေ တုန့်ပြန်ကြသလဲ

Treasurer Jim Chalmers and Prime Minister Anthony Albanese.

Treasurer Jim Chalmers and Prime Minister Anthony Albanese. Source: AAP / AAP / Mick Tsikas

ဘဏ္ဏာရေးဝန်ကြီး Jim Chalmers က မနေ့ည (မေလ ၉ ရက်) မှာပဲ ၂၀၂၃-၂၄ ဘဏ္ဏာရေးနှစ်အတွက် ဘတ်ဂျက်ကို ကြေညာခဲ့ပါတယ်။


Published

By Soofia Tariq

Presented by Mu Laing Thein

Source: SBS


Share this with family and friends


ဘဏ္ဏာရေးဝန်ကြီး Jim Chalmers က မနေ့ည (မေလ ၉ ရက်) မှာပဲ ၂၀၂၃-၂၄ ဘဏ္ဏာရေးနှစ်အတွက် ဘတ်ဂျက်ကို ကြေညာခဲ့ပါတယ်။


ကြေညာချက်ထဲမှာ လူတွေအတွက် ကုန်ကျစရိတ်သက်သာအောင် လုပ်ဆောင်ပေးတာတွေ၊ အလုပ်လက်မဲ့ ဖြစ်သူတွေနဲ့ ဝင်ငွေနည်းသူတွေနဲ့ ကလေးတွေအတွက် ကျန်းမာရေးဆိုင်ရာမှာ သက်သာမှုရအောင် လုပ်ပေးမယ်လို့ ပြောဆိုထားပါတယ်။

ဒီဘတ်ဂျက်နဲ့ ဆက်စပ်ပြီး အမျိုးမျိုး တုန့်ပြန်ပြောဆိုမှုတွေ ပြုလုပ်နေကြပါတယ်။

ဂရင်းနိုင်ငံရေးပါတီနဲ့ လူမှုရေးလုပ်ငန်း လုပ်ကိုင်သူတွေကတော့ အစိုးရကနေ အလုပ်လက်မဲ့ဖြစ်သူတွေ၊ ဝင်ငွေနည်းသူတွေကို ထောက်ပံ့ကြေးတိုးပေးတယ်ဆိုပေမယ့် မဖြစ်စလောက် တိုးပေးတာဖြစ်လို့ သိပ်ထူးခြားမှု မရှိဘူးလို့ ဝေဖန်ကြချိန်မှာပဲ အတိုက်အခံဖက်ကတော့ ဒီလို ထောက်ပံ့ကြေးတိုးပေးခြင်းက ငွေကြေးဖောင်းပွမှုကို ပိုဖြစ်စေမယ်လို့ ပြောဆိုနေကြပါတယ်။

အစိုးရကတော့ ဒီဘတ်ဂျက်ဟာ အခက်အခဲကြုံရသူတွေ သက်သာမှုရအောင် လုပ်ဆောင်ပေးတာဖြစ်ပြီး ငွေကြေးဖောင်းပွမှု မဖြစ်အောင် လုပ်ဆောင်ထားတယ်လို့ ပြောပါတယ်။

ဘဏ္ဏာရေးဝန်ကြီးက လူတွေအတွက် အခက်အခဲ သက်သာမှုရအောင် ဒေါ်လာ ၁၄.၆ ဘီလီယံတန်ဖိုးရှိတဲ့ ငွေကြေးကို ချပေးဖို့ရှိပါတယ်။

အဲဒီအထဲမှာ အလုပ်လက်မဲ့ဖြစ်သူတွေ၊ ဝင်ငွေနည်းသူတွေ၊ single parent ထောက်ပံ့ကြေးတိုးပေးတာတွေအပြင် နေအိမ်တွေမှာ စွမ်းအင်သုံးစွဲမှုအတွက် ပေးရတာတွေ သက်သာအောင် ကူညီပေးတာတွေ ပါဝင်ပါတယ်။

ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနီဇီက ဒီဘတ်ဂျက်ကို ကျေနပ်အားရမိတယ်လို့ ပြောပါတယ်။

ဒီဘတ်ဂျက်ဟာ လူတွေကို အကျိုးပြုတဲ့ဘတ်ဂျက်ဖြစ်ပြီး ကောင်းမွန်တဲ့အပြောင်းအလဲတွေ ဖြစ်စေပါတယ်။ Single parent payment နဲ့ ပတ်သက်ပြီး အပြောင်းအလဲလုပ်တဲ့အပေါ်လည်း ဂုဏ်ယူမိပြီး ကလေး အသက် ၁၄ နှစ်ပြည့်တဲ့အထိ အစိုးရက ၁၇၆ ဒေါ်လာ ကူညီသွားမှာ ဖြစ်ပါတယ်။ အလုပ်ရှာနေတဲ့လူတွေရဲ့ ထောက်ပံ့ကြေးကိုလည်း နှစ်ပတ်မှာ ဒေါ်လာ ၄၀ တိုးပေးမှာဖြစ်ပြီး အိမ်ငှားရသူတွေကိုပေးတဲ့ rent assistance ကိုလည်း ၁၅% တိုးမြင့်ပေးမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ချက်ဟာ တာဝန်သိတတ်တဲ့ ဘတ်ဂျက်ဖြစ်ပြီး မိသားစုတွေ ကြုံရတဲ့ ဖိအားတွေ သက်သာမှုလုပ်ပေးတာဖြစ်ပြီး တဖက်မှာလည်း ငွေကြေးဖောင်းပွမှုမှာ ဖိအားမပေးမိအောင် လုပ်ဆောင်ပေးထားတဲ့ ဘတ်ဂျက် ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဂရင်ပါတီကတော့ အစိုးရရဲ့ ဘတ်ဂျက်ဟာ အိမ်ငှားရသူတွေနဲ့ အစိုးရထောက်ပံ့ကြေးရရှိသူတွေကို လုံလောက်စွာ ကူညီတာမျိုး မဟုတ်ဘူးလို့ ပြောပါတယ်။

အစိုးရက ဆင်းရဲသူတွေကို ကယ်တင်မဲ့အစား လူချမ်းသာတွေအတွက် အခွန်သက်သာအောင် လုပ်ဆောင်ပေးနေတယ်လို့ ဂရင်းပါတီခေါင်းဆောင် Adam Bandt က ပြောပါတယ်။

ဒီဘတ်ဂျက်က လူသန်းနဲ့ချီကို နောက်ကျကျန်ရစ်စေပါတယ်။ လေဘာအစိုးရက လူတွေကို ဆင်းရဲတွင်းကနေ ကယ်တင်မဲ့အစား လူချမ်းသာတွေ ဒေါ်လာ ၁ ထရီလီယံ သက်သာအောင် လုပ်ဆောင်ပေးနေပါတယ်။ အလုပ်လက်မဲ့ ဖြစ်နေသူတွေကိုပေးတဲ့ ထောက်ပံ့ကြေးဟာလည်း အဲဒီလူတွေကို ဆင်းရဲတွင်းမှာပဲ ဆက်ရှိစေသလိုဖြစ်နေပြီး လေဘာရဲ့ လက်ထက်မှာ အလုပ်လက်မဲ့မှု ပြဿနာ ပိုများလာဖို့ရှိပြီး တချို့လူတွေကို ဆင်းရဲတွင်းထဲ တွန်းပို့ရာဖြစ်နိုင်ပါတယ်။ အလုပ်လက်မဲ့ဖြစ်နေသူတွေကို ပေးတဲ့ ထောက်ပံ့ကြေးကို တစ်ရက်မှာ နောက်ထပ် ၂.၈၅ ဒေါ်လာပဲ တိုးမြင့်ပေးတာဟာ ပေါင်မှုန့်တစ်လုံး ဝယ်ဖို့တောင် မလုံလောက်ဘူးလို့ ပြောပါတယ်။

Australian Council of Social Services ရဲ့ စီအီးအို Cassandra Goldie က single-parent payment တိုးမြင့်ပေးတာတွေ၊ ဂျီပီဆရာဝန်တွေနဲ့ အခမဲ့တွေ့ဆုံခွင့်ရဖို့ လုပ်ပေးတာတွေနဲ့ သက်ကြီးစောင့်ရှောက်ရေးအလုပ် လုပ်တဲ့အမှုထမ်းတွေကို လစာတိုးမြင့်ပေးလိုက်တဲ့အပေါ် ကြိုဆိုလိုက်ပါတယ်။

ဒါပေမဲ့ အလုပ်လက်မဲ့သူတွေကို ပေးတဲ့ ထောက်ပံ့ကြေးကတော့ ဒီထက်မက များသင့်တယ်လို့ ပြောပါတယ်။

ဒီဘတ်ဂျက်မှာ ကျမတို့လိုချင်တာတွေ မရကြပါဘူး၊ တစ်ရက်မှာ ၂.၈၆ ဒေါ်လာပဲ ထပ်တိုးပေးတာဟာ လူတွေ လိုအပ်တာတွေကို မဖြည့်ဆည်းပေးနိုင်ဘူးဆိုတာ လွှတ်တော်မှာ ရှိနေတဲ့လူတိုင်းက သိကြပါတယ်။ အဲဒီတော့ Jobseeker, Youth Allowance ထောက်ပံ့ကြေးတွေက တစ်ရက်မှာ ၅၂.၈၀ ဒေါ်လာ ထက်မက ဖြစ်သင့်တယ်လို့ ပြောပါတယ်။

အတိုက်အခံ လစ်ဘရယ်-နေရှင်နယ်ညွန့်ပေါင်းကတော့ အစိုးရရဲ့ ဘတ်ဂျက်ဟာ သာမာန်ဩစတြေးလျတွေအတွက် ဘာမှ ထူးခြားမှုမရှိသလို ထောက်ပံ့ကြေးတိုးမြင့်ပေးလိုက်တာတွေက ငွေကြေးဖောင်းပွမှုတောင် ပိုဖြစ်စေမယ်လို့ ငွေရေးကြေးရေးဆိုင်ရာ ပြောခွင့်ရသူ Jane Hume က ပြောပါတယ်။

ဒီဘတ်ဂျက်က ကျမတို့ မျော်လင့်ထားတဲ့အတိုင်းပါပဲ၊ ခါတိုင်းလိုပဲ အခွန်တိုးမြင့်ပြီး အသုံးကြမ်းတဲ့ ဘတ်ဂျက်ဖြစ်ပါတယ်။ အကယ်၍ သင်က အသက် ၁၆ နှစ်အောက် မဟုတ်ရင်၊ ကလေးငယ်မရှိရင် ဒါမှမဟုတ် အစိုးရဆီက ထောက်ပံ့ကြေးမရရင် ဒီဘတ်ဂျက်မှာ သင့်ကို သာမာန်ဩစတြေးလျအတွက် ဘာမှ မထူးလှပါဘူး။ ဒီဘတ်ဂျက်မှာ ငွေကြေးဖောင်းပွမှု သက်သာအောင် ဘာလုပ်မလဲဆိုတဲ့ ပေါ်လစီ တစ်ခုမှတောင် မတွေ့ရပါဘူး။ ငွေကြေးဖောင်းပွမှုဟာ ညအချိန်ထွက်တဲ့ သူခိုးလိုပါပဲ၊ ကိုယ့်ရဲ့ ဝယ်ယူအားကို ခိုးယူလိုက်မယ်၊ စုဆောင်းငွေတွေ ယူစားမယ်၊ သင့်ရဲ့ လူနေမှုဘဝ အဆင့်နိမ့်အောင် လုပ်ဆောင်နေတာလို့ ပြောပါတယ်။

နေရှင်နယ် လွှတ်တော်အမတ် Michelle Landry ကလည်း ဒီဘတ်ဂျက်မှာ နယ်ဒေသမှာ နေထိုင်သူတွေအတွက် ဘာမှ ထူးခြားမှုမရှိဘူးလို့ ပြောပါတယ်။

မနေ့ညက ကြေညာတဲ့ လေဘာပါတီရဲ့ ဘတ်ဂျက်အပေါ် အင်မတန် စိတ်ပျက်မိပါတယ်။ နယ်ဒေသတွေ ထပ်မံထိန်ချန်ခံလိုက်ရတာပါပဲ။ Rockhampton Ring Road ဆိုရင် ဘတ်ဂျက်တိုးရမယ့်အလားအလာရှိခဲ့ပါတယ်၊ အဲဒါကို ချပေးမဲ့အနေအထားမျိုး အများကြီးပြောဆိုထားတာရှိပေမဲ့ အောက်တိုဘာလတုန်းက သန်း ၈၀ ချမှတ်ပေးမယ်လို့ ကတိပေးထားတဲ့အတိုင်း ထပ်တိုးလာဖို့မရှိတဲ့အနေအထား ဖြစ်နေပါတယ်။ အဲဒီတော့ နယ်ဒေသက ထပ်မံထိန်ချန်ခံနေရပြန်တာပါပဲ။ ဘဏ္ဏာရေးဝန်ကြီးက အရင်နှစ်ဘတ်ဂျက်မှာ ဒေါ်လာ ၄ ဘီလီယံအပိုငွေရှိတဲ့အပေါ် ကြွားဝါနေပေမယ့် အဲဒီ အပိုငွေဟာ ကွင်းစလန်းပြည်နယ် အလယ်ပိုင်း ကျောက်မီးသွေးတွင်းက ရရှိတာဖြစ်ပေမယ့် အဲဒီအကျိုးကို ကျမတို့ ဘာမှ ခံစားခွင့်မရကြဘူးလို့ ပြောပါတယ်။

ဘဏ္ဏာရေးဝန်ကြီး Jim Chalmers ကတော့ အစိုးရအနေနဲ့ လူတွေရဲ့ နေထိုင်စရိတ် သက်သာအောင်လုပ်ပေးတဲ့အပြင် ငွေကြေးဖောင်းပွမှုကို ပိုမဆိုးဝါးစေပဲ မျှတတဲ့ ဘတ်ဂျက် ဖြစ်တယ်လို့ ပြောပါတယ်။

ကျန်းမာရေးကဏ္ဏမှာ အသက် ၁၆ နှစ်အောက်တွေ၊ သက်ကြီးတွေနဲ့ concession card ကိုင်ဆောင်သူလူပေါင်း ၁၁.၆ သန်းအတွက် ဆရာဝန်နဲ့ တွေ့တဲ့အခါ အခမဲ့တွေ့ဆုံနိုင်အောင် ဒေါ်လာ ၃.၅ သန်း ထပ်မံချပေးလိုက်တဲ့အပေါ် ဆရာဝန်များအဖွဲ့က ကြိုဆိုလိုက်ပါတယ်။

ဒီလို အစီအစဥ်က ဆေးရုံနဲ့ အရေးပေါ် ဌာနအပေါ် ဝန်ထုတ်ဝန်ပိုး လျော့ကျစေနိုင်ပြီး လူနာတွေအတွက် အကျိုးရှိရုံသာမက ဂျီပီဆရာဝန်တွေအတွက်လည်း အကျိုးရှိစေတယ်လို့ ပြောဆိုနေကြပါတယ်။

အစိုးရရဲ့ ဘတ်ဂျက်မှာ ဌာနေတိုင်းရင်းသားတွေရဲ့ ရိုးရာ ယဥ်ကျေးမှု၊ အနုပညာတွေကို မြင့်တင်ဖို့အတွက် ဒေါ်လာ သန်းချီချမှတ်ပေးတာမျိုး ရှိတဲ့အတွက် အဲဒီအရေးဆောင်ရွက်သူတွေကလည်း ကျေနပ်နေကြပါတယ်။

အတိုက်အခံပါတီက မနက်ဖြန် (ကြာသပတေး)ကြရင် သူတို့ရဲ့ ဘတ်ဂျက်ကို ချပြမှာ ဖြစ်ပါတယ်။

အတိုက်အခံပါတီ ခေါင်းဆောင်က လေဘာပါတီရဲ့ ဘတ်ဂျက်တချို့ကို ထောက်ခံပေမယ့် ဝေဖန်စရာတွေလည်းရှိနေပြီး သူတို့ရဲ့ အစီအစဥ်ကို မနက်ဖြန်မှ အသေးစိတ် ချပြမယ်လို့ ပြောပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now