SKIP TO MAIN CONTENT

နီပေါနိုင်ငံမှာ အခက်အခဲတွေကြားထဲ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်နေကြ

Flood affected people stand atop a mini truck carrying salvaged goods from their damaged dwellings (AAP)
Flood affected people stand atop a mini truck carrying salvaged goods from their damaged dwellings in Trishuli, Nuwakot district, Nepal Source: AAP / Rajesh Kumar Singh/AP Photo/Rajesh Kumar Singh

နီပေါနဲ့ တိဘက်နယ်စပ်မှာ ရွှံ့မြေပြိုမှုဖြစ်ပြီးနောက် လူ ၉၅၀ ကျော် သေဆုံးခဲ့ပြီး ၄,၄၀၀ နီးပါး ပျောက်ဆုံးနေတုန်းပဲ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ရာသီဥတု ဆိုးရွားမှုတွေ၊ မြစ်ရေတက်လာတာနဲ့ နောက်ထပ် ရေကြီးမှာ စိုးရိမ်ရတဲ့ အနေအထားမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဖို့ အခက်အခဲရှိနေပေမဲ့ အသက်ရှင်ကျန်ရစ်သူတွေဆီရောက်ဖို့ အချိန်နဲ့အမျှ အပြိုင် ကြိုးစားနေကြပါတယ်။


Published

Updated

By Sydney Lang

Presented by Mu Laing Thein

Source: SBS


Skip to podcast episode content

နီပေါနဲ့ တိဘက်နယ်စပ်မှာ ရွှံ့မြေပြိုမှုဖြစ်ပြီးနောက် လူ ၉၅၀ ကျော် သေဆုံးခဲ့ပြီး ၄,၄၀၀ နီးပါး ပျောက်ဆုံးနေတုန်းပဲ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ရာသီဥတု ဆိုးရွားမှုတွေ၊ မြစ်ရေတက်လာတာနဲ့ နောက်ထပ် ရေကြီးမှာ စိုးရိမ်ရတဲ့ အနေအထားမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဖို့ အခက်အခဲရှိနေပေမဲ့ အသက်ရှင်ကျန်ရစ်သူတွေဆီရောက်ဖို့ အချိန်နဲ့အမျှ အပြိုင် ကြိုးစားနေကြပါတယ်။


ဒီသဘာဝဘေးမှာ ဩစတြေးလျနိုင်ငံသားတစ်ဦး သေဆုံးသွားတာကိုလည်း သူရဲ့ အိမ်ထောင်ဖက်ဖြစ်သူက ပထမဆုံး အတည်ပြုခဲ့ပါတယ်။

သဘာဝဘေး ကျရောက်ချိန်မှာ နယူးဆောက်ဝေးလ်စ် (NSW) တောင်ဘက်ကမ်းရိုးတန်းက မိုက်ကယ် ကီးတ်စ် (Michael Keats) ဟာ အဲဒီဒေသမှာ တောင်တက်လမ်းလျှောက်နေခဲ့တာပါ။

နုဝါကုတ် (Nuwakot) ခရိုင်ရဲ့ မြို့တော် ဘီးဒူးရ် (Bidur) မှာ ပျက်စီးသွားတဲ့ ဘိုးဘွားရိပ်သာမှာတော့ သက်ကြီးရွယ်အို ၃၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပြီး တောင်ကုန်းပေါ်က ဆေးရုံကို ပို့ပေးခဲ့ပါတယ်။

အဲဒီဘိုးဘွားရိတ်သာက ပြုစုစောင့်ရှောက်သူ ဆာရက်စ်ဝတီ ဂျီဂျီ (Saraswati Gigi) က လူ ၄ ဦး ပျောက်ဆုံးနေတုန်းပဲလို့ SBS ကို ပြောပါတယ်။

ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘာနီစီ (Anthony Albanese) က ရေဘေးသင့်သူတွေကို ကူညီဖို့ လူသားချင်းစာနာမှု ထောက်ပံ့ရေးပစ္စည်းတွေ၊ ကိရိယာတွေနဲ့ ဝန်ထမ်းတွေကို တင်ဆောင်ပြီး ဩစတြေးလျ လေကြောင်းလိုင်းကနေ C-17A လေယာဉ်တစ်စင်း နီပေါကို လာမယ့်ရက်ပိုင်းအတွင်း ပို့ဆောင်မယ်လို့ ပြောခဲ့ပါတယ်။

အယ်လ်ဘာနီစီက ဩစတြေးလျအနေနဲ့ အကူအညီတွေ အလိုအပ်ဆုံးနေရာတွေကို ရောက်ရှိဖို့ နီပေါနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။

ဩစတြေးလျနိုင်ငံသား ၄၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

နီပေါနိုင်ငံ စစ်စခန်းတစ်ခုရဲ့ နံရံတွေပေါ်မှာ ကပ်ထားတဲ့ နာမည်စာရင်းတွေကို မိသားစုဝင်တွေဟာ ကူကယ်ရာမဲ့ လိုက်ကြည့်ရင်း ပျောက်ဆုံးနေတဲ့ သူတို့ ချစ်ခင်ရသူတွေရဲ့ သတင်းအစအနကို ရှာဖွေနေကြပါတယ်။

လွန်ခဲ့တဲ့အပတ်က နီပေါ-တိဘက် နယ်စပ်မှာ ဆူနာမီလှိုင်းလို ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ထောင်နဲ့ချီတဲ့လူတွေ ပျောက်ဆုံးနေဆဲဖြစ်လို့ အခုဆိုရင် အသက်ရှင်ကျန်ရစ်သူတွေကို တွေ့ရှိဖို့ မျှော်လင့်ချက်ဟာ အတော်လေး နည်းပါးသွားပါပြီ။

အသက် ၄၄ နှစ်အရွယ် ဘက္ကတာ ရာဂျ် သာပါ (Bhakta Raj Thapa) ကတော့ သူတို့ရွာသားတွေကို လိုက်ရှာနေဆဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တောင်ကြားတွေနဲ့ မြစ်တွေထဲ စီးဆင်းသွားခဲ့တဲ့ ရေခဲတုံးကြီးတွေ၊ ရွှံ့တွေ၊ ကျောက်တုံးနဲ့ အပျက်အစီး ပေါင်းစုံပါတဲ့ ပြင်းထန်တဲ့ ရေဟုန်ကြောင့် လူ ၉၀,၀၀၀ ကျော် ထိခိုက်ခဲ့တယ်လို့ ကြက်ခြေနီးအသင်းက ပြောပါတယ်။ သေဆုံးသူ အရေအတွက်ဟာလူ ၉၅၀ ကျော်ပြီး နှစ်ဖက်စလုံးမှာ ပျောက်ဆုံးနေသူ ၄၄၀၀ နီးပါး ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

နီပေါနိုင်ငံခြားရေး အတွင်းဝန် အမရစ် ဗာဟာဒူး ရိုင်း (Amrit Bahadur Rai) ကတော့

“ကျနော်တို့နိုင်ငံရဲ့ အရေးကြီးဆုံး လက်ငင်းဆောင်ရွက်ရမယ့် အလုပ်က ရှင်းပါတယ်။ အသက်တွေကို ကယ်ဖို့၊ ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ဖို့၊ အသက်ရှင်ကျန်သူတွေကို အရေးပေါ် ကူညီထောက်ပံ့ပေးဖို့နဲ့ ထိခိုက်ခံစားရတဲ့ နီပေါနိုင်ငံသားတွေရော နိုင်ငံခြားသားတွေကိုပါ လိုအပ်တဲ့ အကူအညီနဲ့ ပံ့ပိုးမှုတွေ ရရှိစေဖို့ပါပဲ။”

ပြန်လည်ထူထောင်ရေး စရိတ်ဟာ ဒေါ်လာဘီလီယံပေါင်းများစွာ ကုန်ကျနိုင်တယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားတာကြောင့် နီပေါနိုင်ငံဟာ နိုင်ငံတကာဆီက ဘဏ္ဍာရေး အကူအညီတင်မကဘဲ DNA စစ်ဆေးတဲ့ ကိရိယာတွေနဲ့ ရုပ်အလောင်းထိန်းသိမ်းရေးအတွက် ရေခဲသေတ္တာတွေလို အထူးပြု ကယ်ဆယ်ရေး ပစ္စည်းတွေကိုပါ ကူညီဖို့ မေတ္တာရပ်ခံနေပါတယ်။

“အိန္ဒိယ၊ ယူအေအီး၊ တရုတ်နဲ့ အခြားနိုင်ငံတွေဆီက ကူညီထောက်ပံ့ရေး ပစ္စည်းတွေ ရရှိထားပြီးပါပြီ။ အမေရိကန်၊ ဂျပန်၊ ကာတာ၊ စင်ကာပူ၊ ဩစတြေးလျ၊ မလေးရှား၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နဲ့ အခြား မိတ်ဖက်နိုင်ငံတွေဆီကလည်း လိုအပ်တဲ့ ပစ္စည်းတွေကို လက်ခံရရှိနေပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေတာနဲ့အမျှ နောက်ထပ် လိုအပ်ချက်တွေကို ဆန်းစစ်နေပြီး လိုအပ်သလို အိမ်နီးချင်းတွေနဲ့ နိုင်ငံတကာ မိတ်ဖက်တွေထံ ထပ်မံ အကူအညီ တောင်းခံသွားပါမယ်။”

နီပေါဟာ ရှာဖွေကယ်ဆယ်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀,၀၀၀ နီးပါး (၁၉,၈၄၅ ဦး) စေလွှတ်ထားပြီး တရုတ်နိုင်ငံကလည်း ၂,၀၀၀ ကျော် (၂,၁၄၁ ဦး) စေလွှတ်ထားတယ်လို့ တရုတ် အစိုးရမီဒီယာက ပြောပါတယ်။

အိန္ဒိယ၊ တရုတ်နဲ့ တောင်ကိုရီးယားတို့က အထူးပြုအဖွဲ့တွေဟာ ရေအားလျှပ်စစ် လိုဏ်ဂူအများအပြားထဲမှာ ပိတ်မိနေတယ်လို့ ယူဆရတဲ့ အလုပ်သမာရာနဲ့ချီ ကယ်ဆယ်ဖို့ ပူးပေါင်း ဆောင်ရွက်နေကြပါတယ်။

နီပေါရဲ့ သိပ္ပံဆိုင်ရာဝန်ကြီး မဟာဗီးရ် ပန်း (Mahabir Pun) က တရုတ်နိုင်ငံဟာ ပစ္စည်းနဲ့ နည်းပညာ အကူအညီတွေ ပေးအပ်ထားတယ်လို့ ပြောပါတယ်။

"လက်ရှိမှာ တည်ဆောက်ဆဲ ရေအားလျှပ်စစ်စက်ရုံ အတော်များများ ရှိပါတယ်။ အဲဒီ ရေအားလျှပ်စစ် စက်ရုံတွေမှာ လိုဏ်ဂူအဝင်ဝတွေ ပိတ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ အပြင်းအထန် ကြိုးစားနေပါတယ်။ မနေ့ကနဲ့ ဒီနေ့ တရုတ်အစိုးရ ပို့ပေးလိုက်တဲ့ အကူအညီတွေဟာ ဂူဝကို ဖွင့်ဖို့အတွက် အများကြီး အထောက်အကူ ပြုပါလိမ့်မယ်၊ အဲဒီထဲမှာ လူအများကြီး ပိတ်မိနေပါတယ်။"

ဩစတြေးလျနိုင်ငံသား ၄၃ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီဖို့ ခတ္တမန္ဒူးမြို့မှာ ဩစတြေးလျ တုံ့ပြန်ရေးအဖွဲ့ဝင် ၁၄ ဦး ရောက်ရှိနေပါတယ်။

ဩစတြေးလျမှာတော့ အရေးပေါ် ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်အဖွဲ့ (Emergency Action Alliance) ရဲ့ အကူအညီတောင်းခံမှုကြောင့် ဖက်ဒရယ်အစိုးရရဲ့ ထည့်ဝင်ငွေ ဒေါ်လာ ၂ သန်း အပါအဝင် ဒေါ်လာ ၃.၅ သန်းကျော် ရရှိခဲ့ပါတယ်။

မဟာမိတ်အဖွဲ့ကို ကူညီတာအပြင် နီပေါနိုင်ငံကို တိုက်ရိုက်ပေးအပ်မယ့် အကူအညီအဖြစ် နောက်ထပ် ဒေါ်လာ ၂ သန်း ထပ်မံပေးအပ်မယ်လို့ အစိုးရက ပြောပါတယ်။

ဗစ်တိုရီးယားပြည်နယ်ရှိ နီပေါအသင်းဥက္ကဋ္ဌ ဆူဒီးပ် ရှရက်စ်သာ (Sudip Shrestha) က ဩစတြေးလျအနေနဲ့ နောင်ဖြစ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ် ထိခိုက်မှုတွေကို လျှော့ချရာမှာ ကူညီပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now