အိန္ဒိယ ဝန်ကြီးချုပ် Narendra မိုဒီအစိုးရကို ဆန့်ကျင်တဲ့ အကြီးမားဆုံး လူထုဆန္ဒပြပွဲကြီးတစ်ခုမှာ၊ ပညာရေးဝန်ကြီး နှုတ်ထွက်ပေးဖို့ တောင်းဆိုရင်း ဆန္ဒပြသူ သောင်းနဲ့ချီပြီး အိန္ဒိယပါလီမန်ရှေ့မှာ စုဝေးခဲ့ကြပါတယ်။
အရှိန်အဟုန်နဲ့ ကြီးထွားလာနေတဲ့ "ပိုးဟပ်" လို့အမည်ပေးထားတဲ့ လူငယ် ဦးဆောင်လှုပ်ရှားမှုကတော့၊ လာဘ်စားမှုတွေနဲ့ ပျက်စီးနေတဲ့ ပညာရေးနဲ့ အလုပ်အကိုင်စနစ်ကို ပြုပြင်ပြောင်းလဲပေးဖို့ တောင်းဆိုနေကြတာပါ။
ပညာရေးစနစ်ထဲက လာဘ်စားမှုတွေကို အဆုံးသတ်ပေးဖို့ တောင်းဆိုနေကြတဲ့ လူငယ်ဆန္ဒပြသူတွေကို အိန္ဒိယရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ တုတ်တွေနဲ့ ဖြိုခွင်းခဲ့ပါတယ်။
လွန်ခဲ့တဲ့ လပိုင်းအနည်းငယ်ကမှ စတင်ခဲ့တဲ့ ဒီလူငယ်လှုပ်ရှားမှုဟာ၊ အိန္ဒိယအစိုးရကို ဆန့်ကျင်တဲ့ နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး လူထုဆန္ဒပြပွဲ ဖြစ်လာခဲ့ပါတယ်။
အသက် ၃၀ အရွယ် အဘီဂျိ ဒစ်ပ်ကေး (Abhijeet Dipke) ဟာ ပြီးခဲ့တဲ့ မေလတုန်းက အိန္ဒိယ တရားသူကြီးချုပ်က အလုပ်လက်မဲ့လူငယ်တွေကို "ပိုးဟပ်တွေ" လို့ ခေါ်ဆိုလိုက်တာကို ပြက်လုံးတစ်ခုပါပဲလို့ သူထင်ခဲ့တာပါ။
ဒါပေမဲ့ လပေါင်းများစွာအကြာမှာတော့၊ အမေရိကန်မှာ တက္ကသိုလ်ဘွဲ့ရရှိခဲ့တဲ့ အဲဒီလူငယ်ဟာ အိန္ဒိယပါလီမန်ကို ဦးတည်ချီတက်နေတဲ့ ဆန္ဒပြသူ ထောင်ပေါင်းများစွာကို ဦးဆောင်နေပါပြီ။
"အစိုးရကတော့ ကျနော်တို့က ကလေး လူငယ်တွေမို့လို့ လျစ်လျူရှုထားရင် အိမ်ပြန်သွားကြလိမ့်မယ်လို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ ကျနော်တို့ဟာ ဒီတိုက်ပွဲအတွက် ရေရှည်ရင်ဆိုင်ဖို့ ရောက်နေတာဖြစ်ပြီး အိမ်ပြန်မှာမဟုတ်ဘဲ ဆက်လက်တိုက်ပွဲဝင်သွားမယ်ဆိုတာကို သက်သေပြလိုက်နိုင်ပြီလို့ ထင်ပါတယ်။"
လတ်တလော လေ့လာမှုတစ်ခုအရ အိန္ဒိယမှာ အသက် ၂၅ နှစ်အောက် ဘွဲ့ရသူတွေရဲ့ ၄၀ ရာခိုင်နှုန်းနီးပါးဟာ အလုပ်လက်မဲ့ ဖြစ်နေကြတာပါ။ မေလတုန်းက တရားသူကြီးချုပ်က အလုပ်လက်မဲ့လူငယ်တွေကို "ပိုးဟပ်တွေ" နဲ့ "ကပ်ပါးကောင်တွေ" လို့ ခေါ်ဆိုခဲ့ချိန်မှာ Abhijeet Dipke အဘီဂျိ ဒစ်ပ်ကေး ဟာ အွန်လိုင်းမှာ နှိုးဆော်စာတစ်စောင် တင်ခဲ့ပါတယ်။
အဲဒီတုန်းက ပြက်လုံးတစ်ခုကနေ စတင်ခဲ့တာပါလို့ သူက The Hindu အိန္ဒိယ သတင်းစာ ကို ပြောပြခဲ့ပါတယ်။
"ပိုးဟပ်တွေလို့ အခေါ်ခံရတာကို စိတ်တိုသွားတာနဲ့ ကျနော်က Twitter မှာ 'ပိုးဟပ်တွေအားလုံး ပေါင်းစည်းလိုက်ရင် ဘာဖြစ်မလဲ' ဆိုပြီး တွစ်လိုက်မိတာပါ။ ကျနော်တို့ရဲ့ သဘောထားကို ဖော်ထုတ်ချင်တာမို့လို့ ဒေါသထွက်ထွက်နဲ့ ရေးလိုက်တဲ့ စာတစ်ကြောင်းပါပဲ။ ဒါပေမဲ့ Gen Z လူငယ်တွေဆီက တုံ့ပြန်မှု တော်တော်ကောင်းကောင်း ရခဲ့ပါတယ်။ လူငယ်တွေက ဟုတ်တယ်၊ ငါတို့အားလုံး ပေါင်းစည်းပြီး ကန့်ကွက်ဆန္ဒပြကြရအောင်ဆိုပြီး တုံ့ပြန်စာ ၅ ခုကနေ အခုပေါင်း ၆၀၀ လောက်အထိ ပြန်ရခဲ့တယ်။"
တုံ့ပြန်မှုတွေ အများကြီးရရှိခဲ့ပြီးနောက် Dipke ဒစ်ပ်ကေးဟာ "Cockroach Janta Party" CJP (ပိုးဟပ်ပြည်သူ့ပါတီ) ဆိုတဲ့ သရော်စာပါတီ စာမျက်နှာတစ်ခုကို ဖန်တီးခဲ့ပြီး၊ မကြာမီမှာပဲ ဆိုရှယ်မီဒီယာမှာ ဖော်လိုဝါ ၂၂ သန်းကျော် ရရှိခဲ့ပါတယ်။
ဒီလှုပ်ရှားမှုဟာ အမျိုးသား ပညာရေးအခြေအနေပေါ် မကျေနပ်မှုတွေကြောင့် အရှိန်အဟုန်နဲ့ ထောက်ခံမှု ပိုရလာခဲ့တာပါ။
ဇွန်လဆန်းပိုင်းမှာ ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲ မေးခွန်းတွေ ပေါက်ကြားခဲ့တာကြောင့် လူသန်းပေါင်းများစွာဟာ ခက်ခဲလှတဲ့ စာမေးပွဲကို ပြန်လည်ဖြေဆိုခိုင်းခဲ့ရပြီး၊ ဒါဟာ အွန်လိုင်းအပြင်ဖက်မှာ ပထမဆုံး ဆန္ဒပြပွဲတွေကို မီးမွှေးပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။
ဇွန်လအတွင်း ဒုတိယအကြိမ်မြောက် အဓိကဆန္ဒပြပွဲအပြီးမှာတော့ ထင်ရှားတဲ့ ပညာရှင်တစ်ဦးလည်းဖြစ် တက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ ဆာနမ် ဝမ်းချွခ် (Sonam Wangchuk) ပါဝင်လာခဲ့ပြီး၊ ပညာရေးဝန်ကြီး နှုတ်မထွက်မချင်း အစာငတ်ခံ ဆန္ဒပြမယ်လို့ သစ္စာဆိုခဲ့ပါတယ်။
ဆာနမ် ဝမ်းချွခ် ဟာ အခုဆိုရင် အစာငတ်ခံ ဆန္ဒပြနေတာ ၃ ပတ်ကျော်သွားပြီ ဖြစ်ပါတယ်။
"ဒါဟာ ဘယ်အစိုးရလက်ထက်မှာပဲ ဖြစ်ဖြစ် အရေးကြီးတဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့အတွက်ကို တောင်းဆိုတာပါ။ အစာငတ်ခံ ဆန္ဒပြမှုမလုပ်ရင် ဘာလုပ်ရမလဲ? လမ်းပေါ်ထွက်ပြီး သောင်းကျန်းရမလား? ဒါမျိုးကို ကျနော်တို့မလုပ်ချင်ပါဘူး။ ဒါကြောင့် အစာငတ်ခံတာဟာ အစိုးရဆီကို မေတ္တာရပ်ခံတဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းတစ်ခုပါပဲ။ အစိုးရအနေနဲ့ မငြိမ်းချမ်းတဲ့ နည်းလမ်းတွေကို စောင့်မနေဘဲ ဒီလို ငြိမ်းချမ်းတဲ့ နည်းလမ်းတွေကို အသိအမှတ်ပြုဖို့ မျှော်လင့်ပါတယ်။"
ရဲတပ်ဖွဲ့က ဝမ်းချွခ်ကို ဆန္ဒပြနေရာကနေ အတင်းအဓမ္မ ဖယ်ရှားပြီး ဆေးရုံကို ခေါ်ဆောင်သွားခဲ့ရာကနေ ဆန္ဒပြပွဲလှိုင်းဟာ အသစ်တဖန် ဖြစ်ပေါ်လာခဲ့ပါတယ်။
ဆေးရုံခုတင်ပေါ်ကနေ အစာငတ်ခံ ဆန္ဒပြမှုကို ဆက်လက်လုပ်ဆောင်နေရင်း ဝမ်းချွခ်က သူ့ကို ထောက်ခံသူတွေကို ဆန္ဒပြမှုတွေ ဆက်လက်လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
CJP ပါတီရဲ့ တောင်းဆိုချက်တွေထဲမှာ ဝမ်းချွခ်ကို လွှတ်ပေးဖို့၊ ပညာရေးဝန်ကြီး နှုတ်ထွက်ပေးဖို့နဲ့ မေးခွန်းပေါက်ကြားမှုကြောင့် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့ရတဲ့ ကျောင်းသားတစ်ဦးစီအတွက် ရူပီး ၁၀ သန်း လျှော်ကြေးပေးဖို့တို့ ပါဝင်ပါတယ်။
သတင်းဖော်ပြချက်တွေအရ မေးခွန်းပေါက်ကြားမှုကြောင့် လူ ၁၂ ဦး ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့ကြတယ်လို့ သိရပါတယ်။
နားဆင်နိုင်ပါပြီ။






