ကုလသမဂ္ဂရဲ့ အဆိုအရ နိုဝင်ဘာလ ၁၅ ရက် ဒီအင်္ဂါနေ့မှာပဲ ကမ္ဘာ့လူဦးရေက ၈ ဘီလီယံ ရှိသွားပြီလို့ ပြောပါတယ်။ ၁၉၅၀ ပြည့်နှစ်တုန်းက ကမ္ဘာ့လူဦးရေဟာ ၂.၅ ဘီလီယံသာရှိခဲ့ပေမယ့် အခုဆိုရင် ၃ ဆ ပိုများလာပြီး ၈ ဘီလီယံ ရှိသွားတာပါ။
လူဦးရေက တဖြေးဖြေး တိုးများလာနေတယ်ဆိုပေမယ့် အရင်ကနဲ့ယှဥ်ရင် နှေးကွေးလာတယ်လို့ ပြောပါတယ်။ ၂၀၈၀ ပြည့်နှစ်လောက်မှာ လူဦးရေက ၁၀.၄ ဘီလီယံရှိမယ်လို့လည်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
၂၀၂၁ ခုနှစ်အတွင်း ကလေးမွေးမှုနှုန်းလည်း ကျဆင်းလာနေပြီး ပျှမ်းမျှအားဖြင့် အရွယ်ရောက်ပြီးသူ အမျိုးသမီး တစ်ဦးစီဟာ ကလေး ၂.၃ ဦးနှုန်းသာ ရှိကြပြီး ၂၀၅၀ လောက်ကြရင် ပျှမ်းမျှက ၂.၁ ဦးနှုန်းအထိ ကျဆင်းသွားမယ်လို့ဆိုပါတယ်။
လူဦးရေအများဆုံး တရုတ်နိုင်ငံမှာဆိုရင် လူဦးရေ တိုးပွားမှုနှုန်း နှေးကွေးလာချိန်မှာပဲ တဖက်မှာလည်း သက်ကြီး ဦးရေတွေ ပိုများလာနေတယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ လာမယ့်နှစ်ကစပြီး တရုတ်နိုင်ငံရဲ့ လူဦးရေ စတင်ကျဆင်းလာမှာဖြစ်ပြီး အိန္ဒိယနိုင်ငံက လူဦးရေအများဆုံး နိုင်ငံ ဖြစ်လာနိုင်ပါတယ်။
လူဦးရေ ပုံမှန် တိုးတက်ဖို့အတွက် နိုင်ငံတစ်နိုင်ငံရဲ့ ပျှမ်းမျှသားဖွားမှုနှုန်းဟာ ၂.၁ ရှိရမယ်လို့
Organisation for Economic Co-operation and Development က သတ်မှတ်ထားပေမယ့် ၂၀၂၁ ခုနှစ်တုန်းက တရုတ်နိုင်ငံရဲ့ သားဖွားမှုနှုန်းဟာ ၁.၆ သာ ရှိခဲ့ပါတယ်။
နားဆင်နိုင်ပါပြီ။






