သြစတြေးလျမှာ စောင့်ရှောက်သူပေါင်း ၂.၇ သန်းနီးပါး ရှိပါတယ်။ အသက်မရွေး၊ ကျား/မ မရွေး နဲ့ လူမှုဘဝ နောက်ခံအမျိုးမျိုးက လာကြပေမဲ့ သူတို့အားလုံးမှာ တူညီတာတစ်ခုကတော့ အကူအညီ လိုအပ်နေတဲ့ သူတို့ ဘဝထဲက လူတစ်ယောက်ယောက်အပေါ်ထားတဲ့ သူတို့ရဲ့ စိတ်ရင်းစေတနာပါပဲ။
“ပုံမှန်အားဖြင့် စောင့်ရှောက်သူဆိုတာ အလုပ်ရဖို့ လျှောက်ထားရတဲ့ အလုပ်မျိုးမဟုတ်ပဲ၊ အများအားဖြင့် မျှော်လင့်မထားတဲ့ အခြေအနေ ဒါမှမဟုတ် စိတ်ဖိစီးမှု အခြေအနေအရ အဲလို ပြုစုစောင့်ရှောက်သူ ဖြစ်သွားရတာမျိုး များပါတယ်။
အဲလို ရှင်းပြသူကတော့ counsellor လည်းဖြစ် လူမှုဝန်ထမ်း တစ်ဦးလည်းဖြစ်တဲ့ Patty Kikos (ပတ်တီ ကီကို့စ်) ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း စောင့်ရှောက်သူတစ်ဦးဖြစ်ပြီး Ms Kikos ဟာ သြစတြေးလျအစိုးရက ထောက်ပံ့ပေးတဲ့ Carer Gateway ရဲ့ 'Carer Conversations' ပေါ့ဒ်ကတ်စ် အစီအစဉ်မှူးလည်း ဖြစ်ပါတယ်။
တစ်ချို့လူတွေက သူတို့ရဲ့ မိသားစုဝင် တဦးဦး ဒါမှမဟုတ် ချစ်ခင်ရသူတစ်ဦးဦး မတော်တဆ ထိခိုက်မှု ကြုံခဲ့ရလို့ ဒါမှမဟုတ် ဆိုးဝါးတဲ့ ရောဂါတစ်ခုခုကြောင့် ချက်ခြင်းဆိုသလို မရည်ရွယ်ပဲ ရုတ်တရက် စောင့်ရှောက်သူ ဖြစ်လာကြရတာပါ။ တစ်ချို့လူတွေကလည်း စောင့်ရှောက်သူ ဖြစ်လာဖို့အတွက် မွေးလာသလို ဖြစ်နေပြီး တချို့လူတွေကတော့ တဖြေးဖြေးခြင်းနဲ့ အဲဒီလို ပြုစုစောင့်ရှောက်သူ ဖြစ်လာရတာ ဖြစ်ပါတယ်။
A carer is not a care worker or a support worker, who is getting paid to go to people's homes and offer support.Patty Kikos, counsellor, social worker and podcast host.
ပြုစုစောင့်ရှောက်ခြင်း၏စိန်ခေါ်မှုများ
“စောင့်ရှောက်သူတွေဆိုတာ မသန်စွမ်းတဲ့လူတွေ၊ စိတ်ကျန်းမာရေးပြဿနာရှိသူတွေ၊ နာတာရှည်ရောဂါ၊ ကုသလို့မရတဲ့ ရောဂါရှိတဲ့လူ ဒါမှမဟုတ် အရက်၊ မူးယစ်ဆေးပြဿနာရှိသူ၊ ဒါမှမဟုတ် အသက်အရွယ်ကြောင့် အားနည်းနေသူတစ်ဦးဦးကို အခကြေးငွေမယူဘဲ အဲဒီလူတွေ နေ့စဥ်ဘဝအတွက် ပြုစုစောင့်ရှောက်မှုနဲ့ အကူအညီပေးနေတဲ့သူတွေ ဖြစ်ပါတယ်။ ပြုစုစောင့်ရှောက်သူ carer တွေဆိုတာ လုပ်အားခလစာယူပြီး လူတွေကို အကူအညီသွားပေးရတဲ့ Care Worker သို့မဟုတ် Support Worker တွေ မဟုတ်ပါဘူး။ လမ်းလျှောက်တတ်ခါစ၊ စကားပြောတတ်စ အရွယ်ကတည်းက carer ရဲ့ အခန်းကဏ္ဍကို သိနားလည်ခဲ့တဲ့ လူငယ်စောင့်ရှောက်သူတွေလည်း ရှိသလို၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ နိုင်ငံပေါင်းစုံက carer တွေလည်း ရှိပါတယ်။
စောင့်ရှောက်သူတစ်ယောက်ရဲ့ တာဝန်တွေထဲမှာ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ပြုစုစောင့်ရှောက်ခြင်းသာမက စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ ပံ့ပိုးမှုတွေအထိ အမျိုးမျိုး ရှိပါတယ်။
ပုံမှန်လုပ်ရလေ့ရှိတဲ့ အရာတွေကတော့ သူတို့ ပြုစုရတဲ့လူတွေကို အဝတ်အစားဝတ်ပေးတာ၊ ရေချိုးပေးတာ၊ အိမ်သာတက်ရာမှာ ကူညီပေးတာ၊ အစားအစာကျွေးတာ၊ သန့်ရှင်းရေးလုပ်တာနဲ့ ဆေးဝါးတွေ တိုက်ပေးခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ ရက်ချိန်းတွေ စီစဉ်ပေးတာ၊ လိုက်ပို့ပေးတာ၊ ဘဏ်ကိစ္စတွေနဲ့ အရေးပေါ်အခြေအနေတွေမှာ ကူညီပေးရတာတွေလည်း ရှိပါတယ်။
ဒီလို အခကြေးငွေမယူတဲ့ စောင့်ရှောက်သူတွေရဲ့ ကူညီမှုမပါဘဲ သြစတြေးလျရဲ့ ကျန်းမာရေးနဲ့ လူမှုကူညီပံ့ပိုးရေး စနစ်တွေက ရေရှည်မှာ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အစိုးရက စောင့်ရှောက်သူတွေအတွက် လိုအပ်တဲ့ မိမိကိုယ်ကိုယ် ပြုစုစောင့်ရှောက်မှု (self-care) ကို ပံ့ပိုးပေးဖို့ အရေးကြီးတယ်လို့ သဘောပေါက်ပါတယ်။
စောင့်ရှောက်သူတွေ လျှောက်ရတဲ့ ခရီးလမ်းက ရေရှည်လမ်းကြောင်း၊ တစ်ဘဝလုံးစာ ဖြစ်နေတတ်ပြီးတာဝန်တွေ ပိုများလေလေ၊ ပင်ပန်းရလေလေ ဖြစ်ပါတယ်။

“စောင့်ရှောက်သူတွေ လုပ်ရတဲ့ အရာတွေက တော်တော်ကို ရှုပ်ထွေးနိုင်ပါတယ်။ အမြဲတမ်း တိကျတဲ့ လုပ်ရပ်တွေ ဖြစ်ရပ်တွေ မရှိပဲ ပေါ်လာရင် ပေါ်လာသလို လုပ်လိုက်ရတာဖြစ်ပါတယ်။ များသောအားဖြင့် 'ဟာ၊ ဒါလေး ဖြစ်သွားပြန်ပြီ! ဘုရားရေ! အိပ်ရာပေါ်မှာ ဆီးသွားထားပြန်ပြီ! နေမကောင်းဖြစ်နေပြန်ပြီ၊ ဆရာဝန်ဆီ ခေါ်သွားရမလား၊ ဆေးရုံကို ခေါ်သွားရမလား' ဆိုတာမျိုးတွေနဲ့ ဆက်စပ်နေတတ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ အချိန်ဇယားက အမြဲတမ်း အပြောင်းအလဲ ဖြစ်နေတတ်ပြီ ပုံမှန်အနေအထားမရှိပဲ ဖြစ်ပေါ်လာတဲ့ အနေအထားကို မီးစင်ကြည့်ကရတာမျိုး ဖြစ်ပါတယ်။
ဒီလို မမျှော်လင့်ထားတဲ့ အခြေအနေတွေနဲ့ ချိန်ဆလုပ်ကိုင်နေရတာဟာ စောင့်ရှောက်သူတစ်ယောက်ရဲ့ ဘဝကို လုံးဝပြောင်းပြန်လှန်နိုင်သလို မိသားစုရဲ့ ပုံစံနဲ့ ဆက်ဆံရေးကိုလည်း ပြောင်းလဲပစ်နိုင်ပါတယ်။
“နီးစပ်တဲ့ မိသားစုဝင်တစ်ယောက် အတွက် ပြုစုစောင့်ရှောက်သူ ဖြစ်နေတဲ့အခါ သင့်ရဲ့ အနေအထား တစ်ခုလုံး ပြောင်းလဲသွားပါတယ်။ တစ်ခါတစ်လေ သမီးတစ်ယောက်အဖြစ်ကနေ စောင့်ရှောက်သူ၊ ဒါမှမဟုတ် ဇနီးတစ်ယောက်ကနေ စောင့်ရှောက်သူ ဖြစ်သွားနိုင်ပါတယ်။ တစ်ခါတစ်လေဆိုရင် သားသမီးတွေ အရွယ်ရောက်လို့ လွတ်လပ်သွားပြီဖြစ်တဲ့ မိခင်တစ်ဦးကနေ ရုတ်တရက် စောင့်ရှောက်သူ ပြန်ဖြစ်သွားနိုင်ပါတယ်။ ဒါက ဘဝအတွက် တုန်လှုပ်စရာပဲလို့ ပြောမယ်ဆိုရင်တောင် လျှော့ပြောရာ ရောက်နေတယ်” လို့ ပြောပါတယ်။
စောင့်ရှောက်သူ အများအပြားဟာ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်သူဖြစ်နေမှန်း မသိကြတာကြောင့် သူတို့ ထမ်းရတဲ့ ဝန်ထုတ်တွေရဲ့ သက်ရောက်နိုင်မှု ဆိုးကျိုးတွေကို လျစ်လျူရှုမိတာမျိုး ဖြစ်စေနိုင်ပါတယ်။ သူတို့အတွက် စိတ်ဖိစီးမှု၊ ငွေကြေးအခက်အခဲ၊ လူမှုရေးအရ အထီးကျန်မှုနဲ့ တာဝန်တွေရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ရင်ဆိုင်ကျော်လွှားဖို့ အခမဲ့ အကူအညီတွေ ရယူနိုင်တယ်ဆိုတာကို မသိကြတာလည်း ရှိပါတယ်။

Available support for carers
တစ်ချို့ carer တွေဟာ Services Australia၊ Centrelink၊ My Aged Care နဲ့ NDIS ကနေတစ်ဆင့် စောင့်ရှောက်သူများအတွက် နှစ်ပတ်တစ်ကြိမ် ထောက်ပံ့ကြေးတွေနဲ့ တခြား အကူအညီတွေ ရနိုင်ပါတယ်။ ထောက်ပံ့ကြေးပမာဏတွေဟာ Age Pension (အသက်ကြီးသူ အငြိမ်းစားလစာ) အတွက် ရတဲ့ ပမာဏနဲ့ တူနိုင်ပေမယ့် ရရှိတဲ့နှုန်းတွေဟာ စောင့်ရှောက်မှုခံယူသူနဲ့ စောင့်ရှောက်သူရဲ့ ဝင်ငွေတွေနဲ့ ပိုင်ဆိုင်မှုအပေါ် မူတည်နိုင်ပါတယ်။
ဒါပေမဲ့ ဝင်ငွေ အနည်းအများနဲ့ မဆိုင်ပဲ စောင့်ရှောက်သူတွေအတွက် အခမဲ့ ဝန်ဆောင်မှုတွေလည်း ရှိပါတယ်။ အဲလို ဝန်ဆောင်မှု အများစုကို Carer Gateway ကနေတစ်ဆင့် ရယူနိုင်ပါတယ်။
“နိုင်ငံလုံးဆိုင်ရာ ဖုန်းနံပါတ်ကို ခေါ်လိုက်ရင် သင့်ဒေသက ဝန်ဆောင်မှုပေးတဲ့ဖုန်းနံပတ်ကို အလိုအလျောက် ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ရယူနိုင်တဲ့ ဝန်ဆောင်မှုတွေထဲမှာ အရေးပေါ် ခေတ္တအနားယူခွင့် (emergency respite)၊ (carer-directed support)၊ ဖြစ်ရပ်တူ အချင်းခြင်းကြား အကူအညီ (peer support)တွေ၊ (counseling) နဲ့ နည်းပြလေ့ကျင့်မှု (coaching) စတဲ့ ဝန်ဆောင်မှုတွေ ရယူနိုင်သလို လူငယ်စောင့်ရှောက်သူတွေအတွက် အစီအစဉ်လည်း ရှိပါတယ်။ ဝမ်းနည်းခြင်းကို နားလည်ခြင်း၊ ပစ္စည်းရှုပ်ပွမှု လျှော့ချခြင်း သင်တန်းတွေ၊ အာဟာရ၊ ကျန်းမာရေး၊ ယောဂ၊ တရားထိုင်တာနဲ့ လက်မှုသင်တန်းတွေနဲ့ ကုထုံးသင်တန်းတွေလိုမျိုးတွေရှိပြီး ပုံမှန် အွန်လိုင်း အလုပ်ရုံဆွေးနွေးပွဲတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
Carer Gateway အစီအစဉ်တွေထဲမှာ အခမဲ့ တစ်ဦးချင်းစီအတွက် နည်းပြလေ့ကျင့်မှု သင်တန်းတွေလည်း ရှိပြီး လူတွေ့ သင်တန်း ဒါမှမဟုတ် ဖုန်း၊ ဗီဒီယို တွေကနေတဆင့်လည်း တွေ့ဆုံမှု ပြုလုပ်နိုင်ပါတယ်။

အီရတ်နိုင်ငံဖွား Haya Alhilaly (ဟာယာ အလ်ဟီလာလီ) ဟာ Carer Gateway မှာ စောင့်ရှောက်သူ နည်းပြအဖြစ် နှစ်နှစ်ကျော် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။
သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေလိုပဲ သူမဟာ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံကြောင့် စောင့်ရှောက်သူတွေကို ကူညီဖို့ စိတ်အားထက်သန်နေပါတယ်။ သူမကိုယ်တိုင်လည်း ဆိုးဝါးတဲ့ ဒဏ်ရာတစ်ခု ရခဲ့ပြီးနောက် စောင့်ရှောက်မှု ခံယူခဲ့ရဖူးသူ ဖြစ်ပါတယ်။

“စောင့်ရှောက်သူတွေက သူတို့ရဲ့ အခြေအနေတွေ ပြောပြတဲ့အခါ ကျွန်မအမေ ကြုံတွေ့ခဲ့ရတာတွေကို သတိရမိတယ်။ Carer Gateway ဝန်ဆောင်မှုတွေက စောင့်ရှောက်သူအတွက်သာ ရည်ရွယ်တဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ သူတို့ စောင့်ရှောက်ရတဲ့သူတွေအတွက် My Aged Care နဲ့ NDIS လို ဝန်ဆောင်မှုတွေ အများကြီး ရှိပေမဲ့ Carer Gateway ကတော့ စောင့်ရှောက်သူကိုသာ အဓိကထားပါတယ်၊ တစ်ခါတစ်လေ စောင့်ရှောက်သူတွေ နားလည်ဖို့ အရမ်းခက်ခဲပါတယ်၊ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ဦးစားပေး အာရုံစိုက်မှုက အမြဲတမ်း သူတို့ ပြုစုရတဲ့သူအတွက်ပဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် တစ်ယောက်ယောက်က သူတို့ကို 'ဘာက သင့်အတွက် အရေးကြီးဆုံးလဲ၊ ဘာကို လိုချင်လဲ' လို့ လာမေးတဲ့အခါ သူတို့အတွက် အထူးအဆန်းဖြစ်နေပြီး အရာရာက အသစ်ဖြစ်နေပါတယ်” လို့ ပြောပါတယ်။
Carer Gateway အစီအစဉ်တွေမှာ အရေးပေါ် ခေတ္တအနားယူနိုင်ဖို့ အကူအညီတွေ၊ သယ်ယူပို့ဆောင်ရေး အကူအညီ ဒါမှမဟုတ် သန့်ရှင်းရေး အတွက် အကူအညီတွေလည်း ရှိပြီး လက်တွေ့ကျတဲ့ ကူညီပံ့ပိုးမှုတွေ ရယူနိုင်ပါတယ်။
ဒီလို စီစဉ်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ စောင့်ရှောက်သူတွေ ပင်ပန်းနွမ်းနယ် လက်ပန်းကျနေတာမျိုး မဖြစ်အောင် ကာကွယ်ပေးဖို့ ဒါမှမဟုတ် စိတ်ဖိစီးမှုကို ဖြေလျှော့ပေးဖို့ အခိုက်အတန့်မျှ အနားယူနိုင်ဖို့အတွက် ဖြစ်ပါတယ်။
Haya လို စောင့်ရှောက်သူ နည်းပြတွေက နောက်ခံအမျိုးမျိုးကလာတဲ့ စောင့်ရှောက်သူတွေကို စွမ်းအားမြှင့်တင်ပေးခြင်းတို့ လုပ်ပါတယ်။ ပြည်ပကနေ ရွှေ့ပြောင်းနေထိုင်တဲ့ စောင့်ရှောက်သူတွေ အများအပြားဟာ သူတို့ရဲ့ အစွမ်းအစတွေကို အသိအမှတ် မပြုကြသလို၊ မိမိကိုယ်ကိုယ် ဂရုစိုက်ဖို့ မေ့နေတတ်ကြတယ်လို့ ပြောပါတယ်။

“စွမ်းအားမြှင့်တင်မှုနဲ့ နည်းပြလေ့ကျင့်မှုဆိုတာ ဘာလဲဆိုတာကို ရှင်းပြဖို့ အရမ်း ခက်ခဲပါတယ်။ ကျွန်မတို့ရဲ့ ပထမ ဒါမှမဟုတ် ဒုတိယ အစည်းအဝေးမှာ အဲဒါကို အဓိကထား ရှင်းပြပါတယ်။ သူတို့ကိုယ်သူတို့ အကောင်းဆုံး ဖြစ်လာအောင်၊ အဲဒီလူကို ဂရုစိုက်နိုင်အောင် ဘယ်လို စွမ်းအားမြှင့်ပေးရမလဲဆိုတဲ့ ပညာပေးခြင်းအကြောင်း ဖြစ်ပါတယ်။ ဒုတိယ စိန်ခေါ်မှုကတော့ မသန်စွမ်းတဲ့ မိသားစုဝင်တစ်ယောက်ကို စောင့်ရှောက်ရခြင်းနဲ့အတူ ပါလာတတ်တဲ့ စွပ်စွဲပြစ်တင်ခံရမှုနဲ့ ရှက်ရွံ့မှကို ကျော်လွားဖို့ပါ။ စောင့်ရှောက်သူ အများစုဟာ မိသားစုထဲက မသန်စွမ်းသူတစ်ဦးကို ဂရုစိုက်ရတာကြောင့် သူတို့ရဲ့ လူမှုအသိုင်းအဝိုင်းနဲ့ အဆက်အသွယ် ပြတ်တောက်သွားတာမျိုးလည်း ဖြစ်တတ်တယ်လို့ ပြောပါတယ်။
အသက်ကြီးတဲ့ ဆွေမျိုးတွေကို ပြုစုစောင့်ရှောက်နေသူတွေဟာ စောင့်ရှောက်သူတွေအတွက် သုံးလတစ်ကြိမ် ထုတ်ဝေတဲ့ အခမဲ့ မဂ္ဂဇင်းဖြစ်တဲ့ Australian Carer’s Guide တွေ ရနိုင်ပြီး အဲဒီကနေ တန်ဖိုးရှိတဲ့ အချက်အလက်တွေ ရယူနိုင်ပါတယ်။
Paul Koury (ပေါလ် ကူးရီး) က သူဟာ သူ့ရဲ့ သက်ကြီးမိဘတွေကို စောင့်ရှောက်ရတဲ့ ခရီးမှာ လမ်းပျောက်နေခဲ့တယ်လို့ ခံစားရပြီးနောက် သူ့လို အခက်အခဲ မကြုံရအောင် ဒီစာစောင်ထုတ်ဝေမှုကို စတင်ခဲ့တာလို့ ပြောပါတယ်။

“လမ်းပြမြေပုံ လုံးဝမရှိတဲ့ လောကကြီးတစ်ခုထဲကို ရောက်သွားသလိုပါပဲ။ စောင့်ရှောက်သူတွေ အခုချိန်အထိ အရေးလုပ် မခံရတာတွေ၊ တန်ဖိုးမထားမှုတွေ၊ လျစ်လျူရှုခံထားရတယ်လို့ ခံစားခဲ့ရတဲ့အတွက် ကျွန်တော်တို့ ဒါကို ထုတ်ဝေခဲ့တာပါ။ ခေတ္တအနားယူခွင့် (respite)၊ အိမ်တွင်းစောင့်ရှောက်မှု (home care) လိုမျိုး လက်တွေ့ကျတဲ့ အကူအညီ ဘယ်ကရမလဲ... စေတနာ့ဝန်ထမ်းတွေကို ဘယ်လို ဆက်သွယ်ရမလဲ... စတဲ့ ဝန်ဆောင်မှုတွေနဲ့ အကူအညီတွေအားလုံးကို ကျွန်တော်တို့ စာရင်းလုပ်ပေးထားတယ်” လို့ ပြောပါတယ်။
တခြားလူတွေဆီ အကူအညီ တောင်းခံတာမျိုး လုပ်ဖို့ အရေးကြီးတယ်လို့လည်း Patty Kikos က ပြောပါတယ်။

Carer self-care essentials
“စောင့်ရှောက်သူတွေအနေနဲ့ တကယ်တမ်း ဘာတွေကို ရင်ဆိုင်ရလဲဆိုတာကို အတွေ့အကြုံရှိတဲ့ အသိုင်းအဝိုင်းကနေ အကူအညီမရရင် တကယ်ခက်ခဲမှု ကြုံရနိုင်ပါတယ်။ ကိုယ်နဲ့ စိတ်တူကိုယ်တူဖြစ်မယ့် လူမှုအသိုင်းအဝိုင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ဝန်းရံထားဖို့ လိုအပ်ပါတယ်။ အဲလို မဟုတ်ရင် သင့်ကို နားလည်ပေးမှုတွေ၊ အသုံးဝင်တဲ့ အသိပညာနဲ့ ဘဝအတွေ့အကြုံကို ဘယ်သူကမှ ပေးနိုင်မှာ မဟုတ်ပါဘူး။ စောင့်ရှောက်သူတွေ ရင်ဆိုင်ရလေ့ရှိတဲ့ နောက်ပြဿနာတစ်ခုက အကူအညီတောင်းဖို့ အရမ်းခက်တာပါပဲ။ အနားယူခြင်းကို ဦးစားပေးပြီး ကြိုတင်ပြင်ဆင် အချိန်ဇယားဆွဲခြင်းက တကယ်အရေးကြီးတယ်လို့ ကျွန်မထင်ပါတယ်၊ ဘာလို့လဲဆိုတော့ အနားယူဖို့ အချိန်ဇယား မဆွဲဘူးဆိုရင် ဘယ်တော့မှ သင်အနားရမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
အနားယူခြင်းထဲမှာ အပန်းဖြေဖို့ အချိန်ပေးတာလည်း ပါဝင်တယ်လို့ ပြောပါတယ်။
“စောင့်ရှောက်သူ ဖြစ်တဲ့အခါ စိတ်လေ့လံမှုတွေ များနိုင်ပါတယ်။ ဒါ့ကြောင့် အဲလို ခံစားရတာကို လျှော့ချဖို့ ကိုယ့်ကိုယ်ကိုယ် စိတ်ပေါ့ပါးစေမယ့် အရာတွေကို လုပ်ဖို့က အရေးကြီးပါတယ်။ ရယ်စရာ တီဗီအစီအစဉ် ကြည့်တာတွေ၊ ဒါမှမဟုတ် တစ်နေ့ နာရီဝက် ပုံဆွဲတာ၊ သူငယ်ချင်းနဲ့ လမ်းလျှောက်တာ၊ ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း အေးဆေးနားနေတာက သင့်ရဲ့ စိတ်ကျန်းမာရေးအတွက် အရမ်းအရေးကြီးပါတယ်။ သင့်ရဲ့ စည်းတွေကိုလည်း ချမှတ်ပါ။ သင် carer ဖြစ်လာတဲ့အတွက် အရင်လို အမြဲတမ်း ပါဝင်နိုင်စွမ်း ရှိမှာမဟုတ်ပဲ တခြားအရာတွေအတွက် အချိန် နည်းနည်းပဲ ပေးနိုင်မယ့်အကြောင်း လူတွေကို အသိပေးဖို့ အရေးကြီးတယ်” လို့ ပြောသွားတဲ့အကြောင်း ရေးထားတဲ့ Claudianna Blanco ရဲ့ ဆောင်းပါးကို တင်ဆက်လိုက်ပါတယ်ရှင်။






