သုတေသနအေဂျင်စီတစ်ခုဖြစ်တဲ့ ကိုတာလစ်တီး (Cotality) ရဲ့ နောက်ဆုံးထုတ်ပြန်ချက်တွေအရ ဩစတြေးလျရဲ့ အကြီးဆုံးမြို့ကြီးနှစ်မြို့မှာ အိမ်စျေးတွေ ကျဆင်းနေတယ်လို့ ပြသထားပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်းမှာ အိမ်ခြံမြေတန်ဖိုးဟာ ဆစ်ဒနီမှာ သုည ဒသမ ၉ ရာခိုင်နှုန်းနဲ့ မဲလ်ဘုန်းမှာ သုည ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်လို့ ဖော်ပြထားတာပါ။ အေစီတီ (ACT) ဒေသ မှာလည်း သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းမှု ရှိခဲ့ပါတယ်။ အခြားပြည်နယ်နဲ့ နယ်မြေမြို့တော်တွေမှာတော့ အိမ်ခြံမြေဈေးနှုန်းတွေ မြင့်တက်ခဲ့ပေမဲ့ တိုးတက်မှုနှုန်းကတော့ အရင်ကလောက် မဟုတ်တော့တဲ့အကြောင်းကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
ကျန်ရှိတဲ့ မြို့တော်တွေမှာတော့ တန်ဖိုးတွေ ဆက်လက်မြင့်တက်နေဆဲဖြစ်ပေမဲ့ တိုးတက်မှုအရှိန် လျော့နည်းလာနေတယ်လို့ ကိုတာလစ်တီးက ပြောပါတယ်။
ပါတ်သ် (Perth) နဲ့ ဒါဝင် (Darwin) မြို့တွေမှာ တစ်လအတွင်း ၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ဘရစ်စဘိန်း (Brisbane) နဲ့ ဟိုဘာတ် (Hobart) မှာ သုည ဒသမ ၉ ရာခိုင်နှုန်း၊ အက်ဒီလိတ် (Adelaide) မှာတော့ သုည ဒသမ ၅ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ပါတယ်။
အတိုက်အခံ ညွန့်ပေါင်းပါတီရဲ့ ဘဏ္ဍာရေးပြောရေးဆိုခွင့်ရှိသူ တင်မ် ဝီလ်ဆင် (Tim Wilson) ကတော့ ဒါဟာ အနာဂတ်အပေါ် မျှော်လင့်ချက်ကင်းမဲ့နေတဲ့ လက္ခဏာဖြစ်တယ်လို့ ပြောပါတယ်။
"အိမ်ခြံမြေဈေးနှုန်းတွေ ပြောင်းလဲညှိနှိုင်းမှု ဖြစ်နေရတဲ့အကြောင်းရင်းက လူတွေဟာ သူတို့ရဲ့ အနာဂတ်အပေါ် ယုံကြည်မှုမရှိကြတော့လို့ပါ။ ဩစတြေးလျနိုင်ငံသားတွေ သူတို့ရဲ့အနာဂတ်အပေါ် ယုံကြည်မှု လျော့နည်းလာမယ့် အခြေအနေမျိုးကို ကျွန်တော် ဘယ်တော့မှ ကြိုဆိုမှာမဟုတ်ပါဘူး။"
ကိုတာလစ်တီးက တင်မ် လောလတ်စ် (Tim Lawless) ကတော့ ဖက်ဒရယ်ဘတ်ဂျက်ဟာ အိမ်စျေးကျဆင်းရတဲ့ အကြောင်းရင်းများစွာထဲက တစ်ခုပဲဖြစ်တယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့ရဲ့ အမျိုးသားညွှန်းကိန်းမှာ အခုလို အပြောင်းအလဲမရှိ ငြိမ်နေရတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ အိမ်စျေးနှုန်းတွေဟာ တတ်နိုင်တဲ့ဈေးနှုန်း မဟုတ်တော့တဲ့ စိန်ခေါ်မှုတွေနဲ့ ချေးငွေပြန်ဆပ်နိုင်စွမ်း ဖိအားတွေကြောင့် ဈေးကွက် နှေးကွေးလာခဲ့တာကနေ စတာပါ။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ အတိုးနှုန်း ၇၅ ဘေစစ်ပွိုင့် (basis points) အထိ တိုးမြှင့်တာကို မြင်တွေ့ခဲ့ရသလို၊ အရှေ့အလယ်ပိုင်းအရေးနဲ့ စက်သုံးဆီဈေးနှုန်း မြင့်တက်မှုတွေကြားထဲမှာ စီးပွားရေးအပေါ်ယုံကြည်မှုပိုင်းဆိုင်ရာ အကျပ်အတည်းတွေလည်း ကြုံခဲ့ရပါတယ်။ အခု ဖက်ဒရယ်ဘတ်ဂျက် ထွက်လာတဲ့အခါမှာလည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအတွက် စိတ်ပျက်စရာဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါကြောင့် အကြောင်းရင်းတွေ အများကြီးရှိနေတာပါ။ ဒါပေမဲ့ အခြေခံအားဖြင့်တော့ ဒါဟာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကတည်းက စတင်ခဲ့ပြီး အရှိန်အဟုန် ရလာခဲ့တာဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။"
အိမ်ခြံမြေတန်ဖိုးတွေ ၁၀ ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားနိုင်တယ်လို့ ခန့်မှန်းတွက်ချက်မှုတွေ ရှိနေပေမဲ့ ဘဏ္ဍာရေးဝန်ကြီး ဂျင်မ် ချာမ်းမားစ် (Jim Chalmers) ကတော့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပုံစံတူတွက်ချက်မှုတွေအရ အိမ်ဈေးနှုန်းတွေ ဆက်လက်မြင့်တက်ဦးမယ်လို့ ပြသနေကြောင်း ပြောပါတယ်။
"အိမ်ခြံမြေဈေးနှုန်း ခန့်မှန်းချက်တွေနဲ့ ပတ်သက်ပြီး ကွဲပြားတဲ့ အမြင်တွေ အများကြီးရှိနေတယ်ဆိုတာကို ကျွန်တော် သိပါတယ်။ ဘတ်ဂျက်ထုတ်ပြန်တဲ့ညက ကျွန်တော်တို့ အသေးစိတ်တင်ပြခဲ့တဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ တွက်ချက်မှုအရ အိမ်ဈေးနှုန်းတွေ ဆက်လက်မြင့်တက်ဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ အရင်ကထက်စာရင်တော့ ၂ ရာခိုင်နှုန်းလောက် ပိုနှေးပါလိမ့်မယ်။ အလယ်အလတ် အိမ်ဈေးနှုန်းပေါ်မှာ တွက်ရင်တော့ ဒါဟာ ဒေါ်လာ ၁၉,၀၀၀ ခန့် ဖြစ်ပါတယ်။ ဒါက ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ မျှော်မှန်းချက် ဖြစ်ပါတယ်။ ဒါပေမဲ့ မတူညီတဲ့ အဖွဲ့အစည်းတွေနဲ့ လုပ်ငန်းတွေမှာ မတူညီတဲ့ ခန့်မှန်းချက်တွေ ရှိကြတယ်ဆိုတာကိုတော့ ကျွန်တော် အသိအမှတ်ပြုပါတယ်။ တစ်ခါပြန်ပြောရရင် ကျွန်တော်တို့ရဲ့ အိမ်ခြံမြေဈေးကွက်မှာ ဖြစ်ပျက်နေတာတွေအတွက် ဘတ်ဂျက်တစ်ခုတည်းကပဲ အကြောင်းရင်းမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာ အတိုးနှုန်းတွေ အကြိမ်ကြိမ်တိုးမြှင့်တာကို မြင်တွေ့ခဲ့ရပြီး၊ အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ပိုမိုကျယ်ပြန့်တဲ့ စီးပွားရေးအခြေအနေတွေ မှေးမှိန်လာတာတွေ ရှိတဲ့အတွက် အခုလို သက်ရောက်မှုတွေ ဖြစ်လာတာပါ။"
ဘတ်ဂျက်ထဲက အခွန်အပြောင်းအလဲတွေဟာ အိမ်ခြံမြေတန်ဖိုး ကျဆင်းမှုအတွက် တစ်ခုတည်းသော အကြောင်းရင်းမဟုတ်ပေမဲ့ လေလံအောင်မြင်မှုနှုန်း (Auction clearance rates) တွေပေါ်မှာ သက်ရောက်မှုရှိနေတာကို မြင်တွေ့နေရတယ်လို့ Tim Lawless တင်မ် လောလတ်စ် က ပြောပါတယ်။
နားဆင်နိုင်ပါပြီ။






