ဩစတြေးလျနိုင်ငံတစ်ဝန်း နေရာတော်တော်များများမှာ တောမီးလောင်ကျွမ်းနိုင်ခြေ မြင့်မားမယ်လို့ ခန့်မှန်းထားတာကြောင့် ပြည်သူတွေအနေနဲ့ နွေဦးရာသီအတွက် ကြိုတင်ပြင်ဆင်ကြဖို့ တိုက်တွန်းထားပါတယ်။
ခြောက်သွေ့တဲ့ ရာသီဥတု၊ ပူပြင်းတဲ့ အပူချိန်နဲ့ လောင်စာဖြစ်နိုင်ချေရှိတဲ့ သစ်ရွက် သစ်ကိုင်းခြောက်တွေ များပြားလာတာတွေကြောင့် စိုးရိမ်ကြတာဖြစ်ပေမယ့် ဒေသတစ်ခုနဲ့တစ်ခု အခြေအနေ မတူညီဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။
အပူပိုင်းမြောက်ပိုင်းဒေသတွေကနေ ဩစတြေးလျရဲ့ တောင်ပိုင်းပြည်နယ်တွေအထိ မီးဘေးအန္တရာယ်ဆိုင်ရာ အာဏာပိုင်တွေဟာ တစ်နိုင်ငံလုံးမှာ မတူညီတဲ့ အန္တရာယ်တွေ သယ်ဆောင်လာနိုင်တဲ့ နွေဦးရာသီအတွက် ကြိုတင်ပြင်ဆင်နေကြပါတယ်။
မိုးလေဝသဗျူရိုမှ Michael Egan က အားကောင်းလာတဲ့ အယ်လ်နီညိုဖြစ်စဉ်ဟာ ရာသီဥတုခန့်မှန်းချက်အပေါ် လွှမ်းမိုးနေပေမဲ့ ဒါဟာ တစ်ခုတည်းသော ရာသီဥတုမောင်းနှင်အား တော့မဟုတ်ပါဘူးလို့ ပြောပါတယ်။
ဗစ်တိုးရီးယားပြည်နယ် အရေးပေါ်စီမံခန့်ခွဲရေး ကော်မရှင်နာ Tim Wiebusch က ပြည်နယ်အတွင်း စောစီးစွာ တောမီးလောင်ကျွမ်းမှုတွေ မြင်တွေ့ရနိုင်တယ်လို့ ပြောပါတယ်။
"ဗစ်တိုးရီးယားမှာ ပိုမိုပူပြင်းပြီး ခြောက်သွေ့တဲ့ နွေဦးရာသီ ဖြစ်နိုင်တာကြောင့် ယခုနှစ် အောက်တိုဘာလဆန်းပိုင်းကတည်းက တောမီးအန္တရာယ် ကြုံရနိုင်ပါတယ်။ ဗစ်တိုးရီးယားမှာရှိတဲ့ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေဟာ အဲဒီအခြေအနေအတွက် စတင်ပြင်ဆင်နေကြပါပြီ။ မီးဘေးနဲ့ ပတ်သက်တဲ့ ကမ်ပိန်းတွေကို အောက်တိုဘာလဆန်းပိုင်းကတည်းက စတင်ပြီး နွေရာသီလတွေအထိ လုပ်ဆောင်နိုင်တာကို ဆိုလိုတာပါ။"
ကွန်းစလန်းပြည်နယ်ရဲ့ တောင်ပိုင်းပြည်တွင်းပိုင်းနဲ့ တောင်ဘက်အရှေ့ပိုင်း ဒေသအချို့မှာ ပုံမှန်ထက် ပိုမိုမြင့်မားတဲ့ မီးဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရဖွယ် ရှိပါတယ်။
ယာယီ ဒုတိယ ဌာနမှူး Aaron Howard က အဖွဲ့သားတွေ အပြင်းအထန် ကြိုးစားဆောင်ရွက်နေပြီလို့ ပြောပါတယ်။
(Northern Territory) မှာလည်း မီးသတ်နဲ့ အရေးပေါ်ကော်မရှင်နာ Andrew Warton က ဒေသအများအပြားမှာ တစ်ချိန်တည်းမှာပင် မီးဘေးအန္တရာယ် မြင့်မားလာနိုင်ခြေ ရှိတယ်လို့ ပြောပါတယ်။
ဌာနေတိုင်းရင်းသား မျိုးနွယ်စု တွေရဲ့ မီးဘေးစီမံခန့်ခွဲသူတွေဟာလည်း အဆိုးရွားဆုံး အခြေအနေတွေ မရောက်ရှိမီ အန္တာရာယ်ကို လျှော့ချဖို့ ရှေးရိုးစဉ်ဆက် သဘာဝနည်းလမ်းတွေကို အသုံးပြုနေကြပါတယ်။
Indigenous Carbon Industry Network ရဲ့ CEO ဖြစ်သူ Anna Bousted က အဲဒီအထဲမှာ ခြောက်သွေ့ရာသီအစမှာ ဖြေးဖြေးအေးအေးနဲ့ တနိုင်တပိုင် မီးရှို့တဲ့ cool burning နည်းလမ်း ပါဝင်တယ်လို့ ပြောပါတယ်။
Western Australia ပြည်နယ်မှာတော့ အနောက်တောင်ဘက်ပိုင်းဟာ စံချိန်တင် ဒုတိယမြောက် အခြောက်သွေ့ဆုံး ဇူလိုင်လကို ဖြတ်သန်းခဲ့ရပြီး နွေဦးရာသီမှာ မိုးရေချိန် နည်းပါးမယ်လို့ ခန့်မှန်းထားပါတယ်။
မီးသတ်နဲ့ အရေးပေါ်ဝန်ဆောင်မှု ကော်မရှင်နာ Darren Klemm က အခုပဲ ကြိုတင်ပြင်ဆင်တာဟာ အကောင်းဖက်ကို ပြောင်းလဲစေနိုင်တယ်လို့ ပြောပါတယ်။
"ဒါဟာ ပြင်ဆင်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ တောမီးစတင်လောင်ကျွမ်းတာကို စောင့်မနေပါနဲ့။ အစီအစဉ်ဆွဲဖို့၊ သင့်ရဲ့ အန္တရာယ်တွေကို နားလည်ဖို့နဲ့ ချစ်ခင်ရသူတွေနဲ့ ကြိုတင်ပြင်ဆင်ဆွေးနွေးဖို့ အခုပဲ အချိန်ယူလုပ်ဆောင်ပါ။"
South Australia ပြည်နယ်မှာ မကြာသေးမီက ရွာသွန်းခဲ့တဲ့ မိုးကြောင့် မြေပြင်အများစု စိမ်းလန်းစိုပြေနေပေမယ့် Country Fire Service ဌာနမှူး Brett Loughlin က အန္တရာယ်အဆင့်ဟာ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားနိုင်တယ်လို့ ပြောပါတယ်။
"မြေပြင်အနေအထားဟာ အလွန်စိမ်းလန်းတဲ့အတွက် လက်ရှိမှာ မီးဘေးအန္တရာယ် နည်းပါးနေပေမဲ့ ပြည်သူတွေအနေနဲ့ ပေါ့ဆမှုမရှိကြဖို့နဲ့ မီးဘေးအန္တရာယ်ကို အလေးအနက်ထားကြဖို့ ကျွန်တော်တို့ တိုက်တွန်းထားပါတယ်။"
တက်စမေးနီးယားပြည်နယ်ဟာလည်း တောမီးက ရာသီအစောပိုင်းမှာ စတင်နိုင်ခြေအတွက် ပြည်ဆင်နေပါတယ်။
ACT (ဩစတြေးလျမြို့တော်နယ်မြေ) မှာတော့ ယေဘုယျအားဖြင့် ပုံမှန်တောမီးအန္တရာယ် ရှိမယ်လို့ မျှော်လင့်ရပေမဲ့ ခြောက်သွေ့တဲ့ ကာလတွေမှာ မီးဘေးအန္တရာယ် အဆင့်တွေ မြင့်တက်လာနိုင်ပါတယ်။
နယူးဆောက်ဝေးလ်ပြည်နယ်မှာတော့ ပိုမိုခြောက်သွေ့တဲ့ အခြေအနေတွေကို ခန့်မှန်းထားပေမဲ့ Great Dividing Range ရဲ့ အနောက်ဘက်မှာ ပြင်းထန်တဲ့ မုန်တိုင်းတွေကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ပျက်စီးစေနိုင်သော လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
နားဆင်နိုင်ပါပြီ။






