စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ မတူကွဲပြားတဲ့ သတင်းမီဒီယာတွေပေါင်းစုံ မီဒီယာလောကမှာ ရှိနေခြင်းဟာ ဒီမိုကရေစီနိုင်ငံအတွက် အရေးကြီးတဲ့ အင်္ဂါရပ်တွေ ဖြစ်ပြီး ဒီလိုနိုင်ငံမှာ နိုင်ငံသားတွေနဲ့ သတင်းထောက်တွေဟာ မိမိရဲ့ ယုံကြည်ချက်ကို ဖော်ထုတ်နိုင်စွမ်းရှိခြင်းတွေ၊ သတင်းအချက်အလက်ရယူနိုင်မှုတွေအပြင် မိမိတို့ ရေးတင်လိုက်တဲ့ အကြောင်းအရာကြောင့် လက်ရှိအစိုးရ အရေးယူငြိုငင်မှာကို စိုးရိမ်စရာ မလိုခြင်းတွေက ဒီမိုကရေစီရဲ့ အနှစ်သာရထဲ ပါဝင်ပါတယ်။
ဩစတြေးလျနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အာမခံချက်မေပးထားပေမယ့်လည်း World Press Freedom Index ရဲ့ စာနယ်ဇင်းလွတ်လပ်မှု တိုင်းတာချက်အရ ဩစတြေးလျနိုင်ငံက စာနယ်ဇင်လွတ်လပ်ခွင့်နဲ့ ပတ်သက်လာရင် ထိပ်ဆုံးက လွတ်လပ်မှု အရှိဆုံးနိုင်ငံ ၂၉ နိုင်ငံ စာရင်းထဲ ပါဝင်ပါတယ်။
ဩစတြေးလျနိုင်ငံမှာ မီဒီယာအဖွဲ့အစည်းတွေ အများကြီးရှိပြီး အဲဒီအထဲမှာ ပုဂ္ဂလိကပိုင် မီဒီယာတွေ၊ ကွန်မြူနီတီပိုင်တဲ့ မီဒီယာတွေလည်း ပါဝင်ပါတယ်။
ဒါ့အပြင် ပြည်သူတွေရဲ့ အခွန်ငွေနဲ့ လည်ပတ်တဲ့ ပြည်သူပိုင် မီဒီယာဌာန နှစ်ခုလည်းရှိပြီး တစ်ခုက Australian Broadcasting Corporation (ABC) သတင်းဌာနဖြစ်ပြီး နောက်တစ်ခုက Special Broadcasting Service (SBS) ဌာနတို့ ဖြစ်ကြပါတယ်။
ပုဂ္ဂလိကပိုင် မီဒီယာဌာနတွေကတော့ သူတို့ကို လူကြည့်များဖို့ အမြတ်ရဖို့အတွက် လုပ်ဆောင်ကြတာဖြစ်ပြီး လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်း ပိုအောင်မြင်အောင် ကြော်ငြာတွေ၊ စပွန်ဆာတွေနဲ့ လည်ပတ်တာဖြစ်ပါတယ်။
ပြည်သူပိုင် မီဒီယာတွေဟာ မတူညီတဲ့ လူတွေရဲ့ လိုအပ်ချက်တွေ၊ အမြင်ရှုထောင့်တွေနဲ့ အသံအမျိုးမျိုးနဲ့ အစီအစဥ်အမျိုးမျိုးကို ဖော်ထုတ်ရာ ပလက်ဖောင်းဖြစ်ပြီး အဲဒီလို မီဒီယာတွေဟာ အစိုးရပိုင် မီဒီယာတွေနဲ့ ကွာခြားတယ်လို့ ပြောပါတယ်။
အဲဒီတော့ ဒီမိုကရေစီမှာ မီဒီယာရဲ့ အခန်းကဏ္ဏက ဘယ်လို ပါဝင်သလဲ၊ အကျိုးအမြတ်တွေယူ၊ ကြော်ငြာတွေနဲ့ လည်ပတ်တဲ့ မီဒီယာတွေအပြင် ကြော်ငြာတွေ မယူပဲ အများပြည်သူရဲ့ အခွန်ငွေနဲ့ လည်ပတ်တဲ့ ပြည်သူပိုင် မီဒီယာတွေ ဘယ်လို ကွာခြားမှု ရှိသလဲ စတဲ့အကြောင်းအရာတွေကို ဒီကနေ့ Australia Explained အစီအစဥ်မှာ တင်ဆက်ပေးမှာ ဖြစ်ပါတယ်။






