Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

မီးဖွားပြီးနောက်ဖြစ်တဲ့ စိတ်ကျခြင်းဆိုတာဘာလဲ၊ ဘယ်လိုအကူညီ ရယူမလဲ

Australia Explained - Postnatal Depression
Sad and depressed woman using smartphone at home. Source: Moment RF / Maria Korneeva/Getty Images

သင်ဟာ ကိုယ်ဝန်သည်ဖြစ်နေရင် ဒါမှမဟုတ် မိခင်အသစ်ဖြစ်နေရင် baby blues လို့ ခေါ်တဲ့ မီးဖွားပြီးနောက် စိတ်ဖိစီးမှုခံစားရခြင်းမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မီးဖွားပြီးတဲ့နောက် ခံစားရတဲ့ နောက်ထပ် စိတ်ခံစားချက် တစ်မျိုးက postnatal depression လို့ ခေါ်တဲ့ မီးဖွားပြီးနောက် ခံစားရတဲ့ စိတ်ကျခြင်းဖြစ်ပြီး သူကတော့ baby blues နဲ့ မတူပါဘူး။


Published

By Zoe Thomaidou

Presented by Mu Laing Thein

Source: SBS


Share this with family and friends


သင်ဟာ ကိုယ်ဝန်သည်ဖြစ်နေရင် ဒါမှမဟုတ် မိခင်အသစ်ဖြစ်နေရင် baby blues လို့ ခေါ်တဲ့ မီးဖွားပြီးနောက် စိတ်ဖိစီးမှုခံစားရခြင်းမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မီးဖွားပြီးတဲ့နောက် ခံစားရတဲ့ နောက်ထပ် စိတ်ခံစားချက် တစ်မျိုးက postnatal depression လို့ ခေါ်တဲ့ မီးဖွားပြီးနောက် ခံစားရတဲ့ စိတ်ကျခြင်းဖြစ်ပြီး သူကတော့ baby blues နဲ့ မတူပါဘူး။


မိခင်တွေဟာ ကလေးကို မွေးပြီး ရက်ပိုင်းအတွင်းမှာ baby blues ဆိုတဲ့ မီးဖွားပြီးနောက်ဖြစ်တဲ့ စိတ်ဖိစီးမှုကို ခံစားရတတ်ပါတယ်။ အဲဒီလို ဖြစ်ရတာဟာ ဟော်မုန်းဓာတ် အပြောင်းအလဲကြောင့်ဖြစ်ပြီး စိတ်အတက်အကျမြန်တာတွေ၊ စိုးရိမ်ပူပန်စိတ်တွေ၊ မျက်ရည်ကျလွယ်တာတွေ၊ အိပ်မရတာတွေ စတဲ့ စိတ်မသက်သာစရာ ခံစားချက်မျိုးတွေ ခံစားရနိုင်ပါတယ်။

အဲဒီလို ဝေဒနာမျိုးကို မိခင် ၅ ယောက်ထဲမှာ ၄ ယောက်နှုန်းလောက် ခံစားရတာဖြစ်ပေမယ့် အများအားဖြင့် ဘာမှ လုပ်စရာ မလိုပဲ သူ့ဖာသာ အလိုလို ပျောက်သွားတဲ့ ခံစားချက်မျိုး ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီလို ခံစားနေရတဲ့ ဝေဒနာ သက်သာခြင်းမရှိပဲ မိမိနဲ့ မွေးကင်းစကလေးရဲ့ နေ့စဥ်တဓူဝ လုပ်ဆောင်ချက်ကိုပါ ထိခိုက်လာတဲ့အထိ ဖြစ်လာရင် သင်ဟာ postnatal depression လို့ ခေါ်တဲ့ မီးဖွားပြီးနောက် ခံစားရတဲ့ စိတ်ကျခြင်းကို ခံစားရတာ ဖြစ်နိုင်ပါတယ်။

Julie Borninkhof ဟာ စိတ်ပညာရှင်တစ်ဦးဖြစ်သလို Perinatal Anxiety & Depression Australia (PANDA) ရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။

အပေါ်မှာ ပြောခဲ့တဲ့ စိတ်ကျခြင်းကို မီးဖွားပြီးနောက်သာမက ကိုယ်ဝန်ဆောင်တဲ့ကာလမှာလည်း ခံစားရနိုင်တယ်လို့ သူက ပြောပါတယ်။

လက္ခဏာတွေကတော့ တခြား စိတ်ကျဝေဒနာ ခံစားနေရတဲ့လူတွေနဲ့ ဆင်တူတယ်လို့လည်း သူက ပြောပါတယ်။

အရင်တုန်းက စိတ်ကျဝေဒနာ ခံစားရတဲ့ အမျိုးသမီးတွေဟာ မီးဖွားပြီးနောက် စိတ်ကျခြင်းကို ပိုခံစားရနိုင်ပြီး တခြား ဖြစ်စေတတ်တဲ့အရာတွေလည်း ရှိသေးတယ်လို့ Ms Borninkhof က ပြောပါတယ်။

မိသားစုအတွင်း စိတ်ကျဝေဒနာ ခံစားရတဲ့လူတွေ ရှိရင်လည်း မျိုးရိုးဗီဇာအရ ဖြစ်နိုင်ခြေ ပိုများတတ်ပါတယ်။ ပြီးတော့ သူတို့ရဲ့ ဘဝမှာ စိတ်ဒဏ်ရာ ရစရာတွေ အများကြီး ကြုံရတဲ့လူတွေဟာလည်း စိတ်ဖိစီးမှုတွေ စိတ်ကျမှုတွေ ခံစားရနိုင်ပါတယ်။

Sarah Bari ဟာ Azai လို့ခေါ်တဲ့ အသက် ၃ နှစ်အရွယ် ကလေးရဲ့ မိခင်ဖြစ်ပြီး ကိုယ်ဝန်ဆောင်ကာလအတွင်းမှာဆိုရင် အင်မတန်ကို စိတ်လှုပ်ရှားစရာတွေနဲ့ မိခင်ဖြစ်ဖို့ အသင့်ရှိပြီဆိုတဲ့ ခံစားချက်မျိုး ခံစားခဲ့ရတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ သားဖြစ်သူကို မွေးပြီးတာနဲ့ မိခင်ဖြစ်ဖို့ အသင့်ပဲဆိုတဲ့ ခံစားချက်ကန စိုးရိမ်ပူပန်မှုတွေ ကြောက်စိတ်တွေ ဝင်နေပြီး အဲဒီလို စိတ်မသက်မသာမှုကို သတင်းပတ်အနည်းငယ် ခံစားခဲ့ရပါတယ်။ သူမ ခံစားခဲ့ရတာဟာ တစ်ပတ် နှစ်ပတ်သာ ဖြစ်တတ်တဲ့ မီးဖွားပြီးနောက် စိတ်ဖိစီးခြင်း ဆိုတဲ့ baby blues ထက် လွန်ကဲတာ ဖြစ်ပါတယ်။

ဘာအကြောင်းပြချက်မှ မရှိပဲ ကျမ တစ်ရက်တစ်ရက်မှာ ကျမ ၆၀-၇၀% လောက်က ငိုတာနဲ့ပဲ ပြီးသွားပါတယ်။ ကျမသားအတွက် အခြေခံ လုပ်ရမယ့် အရာတွေကိုတောင် မလုပ်ပေးချင်လောက်အောင် ဖြစ်ခဲ့ပါတယ်။ နို့မတိုက်ချင်တာတွေ၊ အိပ်ရေးပျက်ခံပြီး လုပ်ပေးရမယ့် အရာတွေကို လုပ်ပေးချင်စိတ်မရှိသလို သူကြီးလာတာနဲ့အမျှ သူ့နဲ့ ကစားပြီး တီတီတာတာပြောခြင်း စတဲ့ အခြေခံအရာတွေတောင် မလုပ်ချင်ခဲ့ပါဘူး။ ကျမ တချိန်လုံး စိုးရိမ်ကြောင့်ကျမှု ခံစားခဲ့ရပြီး ဒီမူမှန်တဲ့ ခံစားချက်မျိုးကို ဒီလောက်ကြာကြာ မခံစားသင့်ဘူးလို့ ကျမ သဘောပေါက်ခဲ့တယ်လို့ ပြောပြထားပါတယ်။

သူခံစားနေရတာကို သူ့ရဲ့ ဂျီပီ ဆရာဝန်နဲ့ တိုင်ပင်ကြည့်တဲ့အခါမှာ သူမဟာ အတော်ဆိုးတဲ့ မီးဖွားပြီးနောက် စိတ်ကျခြင်းကို ခံစားနေရတာလို့ ဆရာဝန်က ပြောခဲ့ပါတယ်။

ဆာရာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မွေးပြီး ဩစတြေးလျမှာ နှစ် ၂၀ နေထိုင်လာသူ ဖြစ်ပါတယ်။ သူအဲလို ခံစားနေရတုန်းကဆိုရင် ပြည်ပမှာ ရှိနေတဲ့ သူမရဲ့ ဖခင်က သူမက ဆရာဝန်နဲ့ တိုင်ပင်ပြီး အကူအညီတောင်းကြည့်ဖို့ တိုက်တွန်းတာနဲ့ စတင်တာဖြစ်ပါတယ်။

မိဘနှစ်ပါလုံးက သူမ ခံစားနေရတာကို နားလည်ပေးခဲ့ကြတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ မီးဖွားပြီးနောက် စိတ်ကျခြင်းကို တချို့လူတွေ အဆိုးမြင်နေကြတုန်းပဲလို့ သူက ပြောပါတယ်။

Lifeline အဖွဲ့က ဝန်ဆောင်မှုပံ့ပိုးရေး ဒါရိုက်တာ Jakqui Barnfield ရဲ့ အဆိုအရ မီးဖွားပြီး စိတ်ကျခြင်းကို အမျိုးသမီးတွေပဲ ခံစားရတာလို့ ထင်နေကြတုန်းပဲလို့ သူက ပြောပါတယ်။

မိခင်အနေနဲ့ မီးဖွားပြီးနောက် စိတ်ကျခြင်း ခံစားရနိုင်သလို ဖခင်ဖြစ်သူလည်း ခံစားရနိုင်တယ်လို့ သူက ပြောပါတယ်။

မီးဖွားခြင်းနဲ့ ဆက်စပ်တဲ့ စိတ်ကျခြင်းကို အမျိုးသား ၁၀ ဦးမှာ ၁ ဦးနှုန်းလောက် ခံစားရနိုင်တယ်လို့ ခန့်မှန်းထားပြီး အမျိုးသမီးတွေမှာ ပိုအဖြစ်များတယ်လို့ ဒေါက်တာ Dr Barnfield က ပြောပါတယ်။

အိမ်ထောင်တစ်ခုမှာ တစ်ဦးနဲ့တစ်ဦး ကောင်းမွန်စွာ ဆက်ဆံခြင်းက အရေးကြီးတယ်လို့ ဒေါက်တာ Barnfield က ပြောပါတယ်။

မီးဖွားပြီးနောက် စိတ်ကျခြင်းဆိုတာ ကုသလို့ ရတဲ့အရာဖြစ်ပါတယ်။ သင့်ရဲ့ ဆရာဝန်က သင်ခံစားရတဲ့ အနေအထားကိုကြည့်ပြီး သင့်တင့်ရာ ကုသမှုကို ပေးနိုင်ပါတယ်။ မိခင်တွေအနေနဲ့ အမှောင်ပြီးရင် အလင်းတန်းလာမယ်ဆိုတာမျိုးကို သိထားဖို့ အရေးကြီးတယ်လို့လည်း ဆာရာက ပြောပါတယ်။

သူမတုန်းက စိတ်ကျမှုကို သက်သာစေတဲ့ ဆေးတွေ သောက်ခဲ့ရပြီး အဲဒီနောက်ပိုင်း သူမရဲ့ စိတ်ခံစားချက်တွေ တိုးတက်လာတယ်လို့ ပြောပါတယ်။

မီးဖွားပြီးနောက် စိတ်ကျခြင်းနဲ့ ပတ်သက်ပြီး အကူအညီရယူလိုရင် PANDA လို့ အတိုကောက်ခေါ်တဲ့ (Perinatal Anxiety & Depression Australia) ရဲ့ ဖုန်းဖြစ်တဲ့ 1300 726 306 ကို ဖုန်းဆက်နိုင်သလို panda.org.au ကိုလည်း သွားရောက် လေ့လာနိုင်ပါတယ်။ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကူအညီ ရယူလိုရင် ၂၄ နာရီ ၇ ရက် ပတ်လုံးဖွင့်ထားတဲ့ Beyond Blue ရဲ့ ဖုန်းနံပတ်ဖြစ်တဲ့ 1300 224 636 ကို ဖုန်း ခေါ်ဆိုနိုင်သလို beyondblue.org.au မှာလည်း သွားရောက် လေ့လာနိုင်ပါတယ်။ စိတ်ခံစားမှုနဲ့ ပတ်သက်ပြီး Lifeline ကို ၂၄ နာရီ ၇ ရက် ပတ်လုံး ခေါ်ဆိုနိုင်ပြီး ဖုန်းနံပတ်က 13 11 14 ဖြစ်ပါတယ်။ အင်္ဂလိပ်မဟုတ်တဲ့ တခြားဘာသာစကားနဲ့ အကူအညီရယူချင်ရင် Embrace Multicultural Mental Health ဝဘ်ဆိုက်ကို သွားရောက်ပြီး ဘာသာစကားပေါင်းစုံနဲ့ အကူအညီတွေ ရယူနိုင်တယ်လို့ ရေးထားတဲ့ Zoe Thomaidou ရဲ့ ဆောင်းပါးကို တင်ဆက်လိုက်ပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now