Key Points
- Aggressive driving and road rage can be triggered by both personal and external factors
- Don’t try to retaliate if you are at the receiving end of a road rage incident
- Give other drivers the benefit of the doubt when they make a mistake
ဒီတစ်ပတ်အတွက် Australia Explained အစီအစဥ်မှာ ဩစတြေးလျနိုင်ငံမှာ ကားကို လုံခြုံဘေးကင်းစွာနဲ့ တာဝန်သိတတ်စွာ မောင်းနှင်ဖို့အကြောင်းနဲ့ မိမိကိုယ်တိုင် ဒါမှမဟုတ် မိမိရဲ့ မိသားစု သို့မဟုတ် မိမိနဲ့ သိကျွမ်းတဲ့လူတွေ လမ်းပေါ်မှာ ရန်လိုမှု ရန်စောင်မှု ကြုံရရင် သို့မဟုတ် အဲဒီလို ပြုမှုရင် ဘယ်လိုလုပ်နိုင်သလဲ ဆိုတဲ့အကြောင်းကို လေ့လာကြမှာ ဖြစ်ပါတယ်။
ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်လွတ်ကိုယ်လွတ်ဖြစ်ခြင်း၊ စိတ်ဖိစီးခြင်းနဲ့ စိတ်တိုခြင်း စတဲ့ အရာတွေဟာ စိတ်ခံစားချက်သာ ဖြစ်ပေမဲ့ အဲဒီ စိတ်ခံစားချက်တွေဟာ ကားမောင်းတဲ့အပေါ် ဆိုးကျိုး သက်ရောက်မှုတွေ ဖြစ်စေတတ်ပါတယ်။
ကားမောင်းနေတုန်း စိတ်တိုနေတဲ့အခါ ဒါမှမဟုတ် စိတ်မရှည်တဲ့အခါမှာ လမ်းပေါ်မှာ ရန်လိုတဲ့ အပြုအမူနဲ့ ကားမောင်းတာမျိုး ဖြစ်နိုင်ပါတယ်။
ကွင်းစလန်းတက္ကသိုလ်က စိတ်ပိုင်းပညာဆိုင်ရာ တွဲဖက်ပါမောက္ခ James Kirby က လမ်းမပေါ်မှာ ရန်လိုမှု ရန်စောင်မှုဖြစ်တဲ့ road rage ဖြစ်စေနိုင်တဲ့အရာတွေအကြောင်း အခုလို ရှင်းပြထားပါတယ်။
တစ်ဦးတစ်ယောက်ရဲ့ ဖြစ်ရပ်အပေါ် မူတည်တတ်ပါတယ်။ အဲဒီလူအပေါ် ပုံသေသတ်မှတ်ချက်ရှိပြီးသား ကြိုတင်အပြစ်မြင်ထားပြီးသားမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ တဖက်လူရဲ့ ကျား မ ဖြစ်တည်မှုတွေ၊ သူ့ရဲ့ ရုပ်သွင်ပြင်တွေ၊ ဒါမှမဟုတ် အသက်ကြီးရင့်မှုတွေ ဖြစ်နိုင်ပါတယ်။ အချိန်ရဲ့ ဖိအားကလည်း အရေးပါတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ လူတွေက တစ်နေရာကနေ တစ်နေရာကို ကပြာကရာ သွားနေကြချိန်မှာ လမ်းမှာ သူတို့ကို ခရီးနှောင့်နှေးစေတာ ဒါမှမဟုတ် ကားကြပ်တာမျိုးဖြစ်ရင် လမ်းပေါ်မှာ ရန်လိုမှု ရန်စောင်မှုတွေ ဖြစ်တတ်ပြီး တဖက်လူက တမင်တကာ အဲလို လုပ်တာဆိုပြီး ယူဆနိုင်ပါတယ်။ ဥပမာ တမင်တကာ ငါ့ရှေ့ကို ဖြတ်မောင်းသွားတာဆိုတာမျိုး ဖြစ်ပါတယ်။
မီဒီယာတွေမှာ ပြသတဲ့ road rage ဥပမာတွေကတော့ ကားမောင်းသူတွေ ကားထဲကနေ ထွက်လာပြီး ထိုးကြိတ်ကြတာမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ပါမောက္ခ Kirby ရဲ့ အဆိုအရ အဲဒီလို ရန်လိုတဲ့ အပြုအမူဟာ တအားလွန်ကဲတဲ့ road rage မျိုးဖြစ်ပြီး အများအားဖြင့်တော့ တဖက်လူရဲ့ ကားမောင်းမှုကို ကြည့်ပြီး ဆဲဆိုမှုတွေ လုပ်တာမျိုး ဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီလို road rage တွေကနေ ကားကို ကောင်းမွန်စွာ အာရုံစိုက် မမောင်းနိုင်တာတွေဖြစ်လို့ ကားမောင်းတဲ့အခါမှာ လုံခြုံဘေးကင်းမှု မရှိတဲ့အထိ ဖြစ်တတ်ပါတယ်။

Road rage ရဲ့ အခက်အခဲတွေထဲက တစ်ခုကတော့ အဲလို ခံစားရတဲ့အခါမှာ ကျနော်တို့က ကိုယ့်ကိုကိုယ် ကားပိုမောင်းတတ်တယ် ပိုထိန်းတတ်တယ်လို့ ခံစားရတတ်ပါတယ်။ ကျနော်တို့ စိတ်တိုတဲ့အခါမှာ တအားကို အာရုံစိုက်နိုင်ကြပြီး အဲဒီလို ဖြတ်မောင်းသွားတဲ့လူကို မီအောင် ပညာပေးနိုင်အောင် လုပ်တတ်ကြပါတယ်။ အဲဒီအချိန်မျိုးမှာ ကိုယ့်ကိုကိုယ် ကားမောင်းကျွမ်းတယ်လို့ မှားယွင်းစွာ ထင်တတ်ကြပြီး အန္တရာယ်ရှိတဲ့ ကားမောင်းမှု ပုံစံမျိုး ထပ်ကျူးလွန်တတ်ပါတယ်။ အဓိက ပြဿနာကတော့ အဲဒီအချိန်မှာ ကိုယ်က တဖက်လူထက် ကားမောင်းကျွမ်းတယ်ဆိုတဲ့ ခံစားမှုမျိုး ခံစားရခြင်းဖြစ်တယ်လို့ ပြောပါတယ်။
အဖြစ်အများဆုံး road rage တွေထဲမှာ တဖက်လူ စိတ်အနှောင့်အယှက်ဖြစ်အောင် တမင်တကာ ဘရိတ်အုပ်လိုက်တာမျိုး ဒါမှမဟုတ် တမင်တကာ ကားကို ဖြေးဖြေးမောင်းလိုက်တာမျိုးပါဝင်သလို တဖက်ကားကို အမီလိုက်တာမျိုး၊ အရှိန်မြင့်တင်ပြီး မောင်းတာမျိုး ဒါမှမဟုတ် အချက်ပြမီးနဲ့ တဖြတ်ဖြတ် ဖြစ်နေအောင် ကားမီခလုတ်ကို ကစားတာမျိုးလုပ်ပြီး တဖက်လူကို လမ်းဖယ်ခိုင်းတဲ့အပြုအမူအပြင် တဖက်လူနောက်နားကို ကပ်လိုက်တာမျိုးတွေ ပါဝင်ပါတယ်။
Royal Automobile Club of Victoria (RACV) ရဲ့ ပေါ်လစီဆိုင်ရာ အကြီးအကဲ James Williams ရဲ့ အဆိုအရ တဖက်လူရဲ့ ကားနောက်နားကို ကပ်လိုက်တဲ့ tailgating ကြောင့် ဗစ်တိုးရီးယားပြည်နယ် တစ်ခုတည်းမှာပဲ တစ်နှစ်မှာ ဒဏ်တပ်ခံရသူ အယောက် ၂၀၀၀ လောက် ရှိတယ်လို့ ပြောပါတယ်။ Tailgating ဆိုတာဘာလဲ ဆိုတာကို သူက အခုလို ရှင်းပြထားပါတယ်။
Tailgating လို့ ပြောတဲ့အခါမှာ ကားတစ်စီးနဲ့ တစ်စီး ဘယ်နှစ်စင်တီမီတာ အကွာအဝေးမှာ ရှိတယ်ဆိုတာထက် လမ်းပေါ်မှာ ဘာဖြစ်ကြသလဲ ဆိုတာက ပိုအရေးပါပါတယ်။ သင့်ရဲ့ ကားက တဖက်လူရဲ့ ကားနောက်နားကို အချိန်အတော်ကြာ ကပ်လိုက်တာမျိုး ဆိုရင်တော့ ရှေ့က ကားတစ်စီးနဲ့ လုံခြုံဘေးကင်းလောက်တဲ့ အကွာအဝေးမှာ ရှိမနေပဲ နှမော်နှမဲ့ မောင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အပြစ်ပေးခံရနိုင်တယ်လို့ ဆိုပါတယ်။
Road rage ဟာ ပြစ်မှုမဟုတ်ပေမဲ့လည်း အဲဒီ road rage နဲ့ တွဲပြီး ပါလာတတ်တဲ့ ရန်လိုတဲ့ အပြုအမူကနေ လမ်းရဲ့ လုံခြုံဘေးကင်းရေးကို ထိခိုက်လို့ ပြစ်မှုမြောက်သွားတာမျိုး ဖြစ်နိုင်ပါတယ်။
ဗစ်တိုးရီးယားပြည်နယ်မှာ ကားတစ်စီးနောက်ကို လုံလောက်တဲ့ အကွာမဝေးမှာ မနေနဲ့ tailgating ကပ်မောင်းရင် ဒဏ်ငွေ ဒေါ်လာ ၂၄၈ ဒေါ်လာ ဆောင်ရနိုင်ပြီး demerit အမှတ်လည်း တစ်မှတ် အလျှော့ခံရမှာ ဖြစ်ပါတယ်။

ဥပမာ ကားနောက်လိုက် ခံရတဲ့ အဆင့်ရောက်ပြီဆိုရင် တဖက်လူက စော်ကားမော်ကား ပြုမူလာရင် အကြမ်းဖက်လာရင် အဲဒီလို စိုးရိမ်ရတဲ့အခြေအနေမှာ သင့်အနေနဲ့ မလုံခြုံဘူးလို့ ခံစားရရင် ဒါမှမဟုတ် ကားမမောင်းသင့်တော့ဘူးလို့ ခံစားရရင် ရဲကို ဆက်သွယ်ပြီး လုံခြုံဘေးကင်းမဲ့ နေရာကိုသွားပါ၊ အန္တရာယ်ရှိစွာ ကားမောင်းနေတဲ့အကြောင်းကို တိုင်တန်းပြီး လိုအပ်ရင် အကူအညီရယူဖို့ အကြံပြုထားပါတယ်။
Road rage အနေအထား ကြုံရပြီဆိုရင် စိတ်ကို ငြိမ်ငြိမ်ထားပြီး အခြေအနေ ဒီထက် ဆိုးမသွားအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ အရေးကြီးပါတယ်။
သင့်ကို တဖက်လူက ဒေါကြီးမောကြီးပြုမူရင် သင့်ကိုယ်သင် စိတ်အေးအေးထားပြီး တုန့်ပြန်မှုမလုပ်ပဲ တဖက်လူကို လမ်းဖယ်ပေးလိုက်တာ ဒါမှမဟုတ် လုံခြုံဘေးကင်းတဲ့နေရာမှာ ကားကို ရပ်ပေးလိုက်တာလုပ်နိုင်သလို အခြေအနေ ငြိမ်ကျသွားအောင် တခြား သင့်တော်ရာအရာတွေကို လုပ်သင့်ပါတယ်။

ဩစတြေးလျနိုင်ငံမှာ road rage နဲ့ ပတ်သက်ပြီး စာရင်းအင်း အတိအကျမရှိပေမဲ့ ၂၀၂၄ ခုနှစ်ထဲမှာပဲ Finder ဆိုတဲ့ အဖွဲ့ကနေ စစ်တမ်း တစ်ခု ကောက်ယူခဲ့ပြီး စစ်တမ်းရလဒ်အရ ဩစတြေးလျနိုင်ငံက လူ ၄ ယောက်ထဲမှာ ၃ ယောက်လောက်ဟာ road rage ကို ကြုံဖူးကြတယ်လို့ ဖြေဆိုထားကြပါတယ်။
Road rage ကြောင့် ကားမတော်တဆမှု ဖြစ်ရင် road rage စတင်သူဖက်ကနေ လျော်ကြေး ပေးရမှာဖြစ်ပေမယ့် တခါတရံ ထင်သလောက် မလွတ်တာမျိုး ဖြစ်တတ်တယ်လို့ Finder အဖွဲ့က အာမခံဆိုင်ရာ ကျွမ်းကျင်သူ Tim Bennett က ပြောပါတယ်။
မျော်လင့်ကြတဲ့ ရလဒ်ကတော့ ကားပျက်စီးသွားရင် နှစ်ဦး နှစ်ဖက်လုံး ကားကို ရပ်တန့်ပြီး မိမိရဲ့ အချက်အလက်တွေကို ဖလှယ်ကြဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အမြဲတမ်း အဲလို ဖြစ်လေ့ မရှိပါဘူး။ အထူးသဖြင့် တဖက်ဖက်က အမျက်ဒေါသထွက်ပြီး ရန်လိုနေတဲ့ အခါမျိုးပါ။ အဲဒီလို အနေအထားမျိုးဆိုရင် ဘာဖြစ်သလဲ ဆိုတာကို ချက်ခြင်း ရေးမှတ်သားထားရပါမယ်။ အနည်းဆုံးတဖက်လူရဲ့ ကားနံပါတ်ကို မှတ်သားနိုင်အောင် ကြိုးစားလုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။
Road rage လုပ်ရာက ကားမတော်တဆဖြစ်သွားရင် အာမခံကြေး တက်တာကို road rage ကျူးလွန်သူဖက်က ကုန်ကျခံရမှာဖြစ်သလို ကံမကော

ကားတိုက်မှုမှာ ဒါမှမဟုတ် ကားမတော်တဆမှုမှာ သင့်ဖက်က အမှားဆိုရင် သင့်ရဲ့ အာမခံက လျော်ပေးမှာဖြစ်ပေမဲ့ premium ကြေး တက်လာမှာ ဖြစ်ပါတယ်။ အဲဒါက ဖြစ်သင့်တဲ့အရာလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ တခါတရံမှာတော့ ကံမကောင်းရင် road rage ခံရတဲ့လူဖက်ကနေ သူတို့ ကားပျက်စီးသွားလို့ ပြင်ဖို့အတွက် အာမခံလျှောက်တဲ့အခါမှာ သူတို့ရဲ့ premium တက်သွားတာမျိုး ဖြစ်တတ်ပါတယ်။ တခါတလေ no claim bonus တွေ မရတော့တာမျိုး ဖြစ်တတ်ပြီး မိမိရဲ့ အာမခံ ကုမ္ပဏီအပေါ် မူတည်ပါတယ်။ တချို့ကုမ္ပဏီတွေက ဘယ်သူ့ရဲ့ အမှားဖြစ်သလဲ ဆိုတဲ့အပေါ် မူတည်ပြီး သက်ညာတာမျိုး လုပ်နိုင်တယ်လို့ ရှင်းပြထားပါတယ်။
တခါတရံ ကိုယ်က ကားပေါ် လိုက်ပါ စီးနှင်းလာသူဖြစ်ပြီး ကားကို မောင်းနှင်တဲ့လူက အမျက်ဒေါသထွက်နေရင် အဲဒီလို road rage အခြေအနေမှာ ကားပေါ် လိုက်ပါလာသူအတွက် စိတ်ဖိစီးမှု များလှပါတယ်။ အကြောင်းရင်းကတော့ မိမိရဲ့ အသက်ကို အန္တရာယ်ပြုနိုင်သလို မိမိဟာ ကားမောင်းသူ မဟုတ်တာကြောင့် လုပ်နိုင်စွမ်း မရှိတဲ့ လူတစ်ဦးလို ခံစားရတဲ့အတွက် ဖြစ်ပါတယ်။
အကယ်၍ မိမိအနေနဲ့ ကားမောင်းတဲ့လူနဲ့ ခင်မင်တဲ့လူဆိုရင် အဲဒီလို အနေအထားမျိုးမှာ ကားမောင်းသူ စိတ်ပျော့ပြောင်းသွားအောင် ပြောဆိုတာတွေ စိတ်ငြိမ်သွားအောင် ပြောဆိုဖို့ လိုပေမဲ့ စိတ်ငြိမ်ငြိမ်ထားပါ ဆိုတာမျိုး မပြောမိဖို့ အရေးကြီးပါတယ်။ တခါတလေ အဲဒီလို ပြောဆိုမှုတွေက ဒေါသကို ပိုဆွပေးသလို ဖြစ်စေနိုင်ပါတယ်။
မိမိအနေနဲ့ လုပ်နိုင်တဲ့ အရေးကြီးတဲ့အရာ တစ်ခုကတော့ သူတို့ ဒေါသထွက်ရတဲ့ အကြောင်းရင်းကို နားလည်ကြောင်း ပြောဆိုပြီး အဲလို အခြေအနေက အတော် ကိုင်တွယ်ရခက်တဲ့အကြောင်း ပြောနိုင်ပါတယ်။ အဲဒီလို ပြောဆိုမှုတွေက သူတို့ ခံစားရတာကို ကိုယ့်ဖက်က နားလည်ပေးတယ် သဘောတူတယ်ဆိုတဲ့ သဘော သက်ရောက်နိုင်ပြီး အဲဒီကနေ သူတို့ စကားပြောလာပြီး ရန်ကို မတုန့်ပြန်တော့တာမျိုး ဖြစ်စေနိုင်ပါတယ်။ ပြီးတော့ ကားမောင်းသူကို မိမိ ဘယ်လောက် သိသလဲ ဆိုတဲ့အပေါ် မူတည်ပြီး အခွင့်သာရင်တော့ ရေဒီယို ဖွင့်ပေးလို့ ရမလား လို့ ပြောပြီး စိတ်ပြောင်းပေးတာတွေ ဒါမှမဟုတ် အဲဒီလို လူနဲ့ ဝေးဝေးပဲ နေလိုက်ရင်ကောင် ဆိုဒါမျိုး ဒါမှမဟုတ် ကားကို ခဏလေး ရပ်လိုက်မလား ဆိုပြီး ဖြောင့်ဖျ ပြောဆိုနိုင်ပါတယ်။
ဒါမှမဟုတ် လူတစ်ယောက်ယောက်ဟာ တချိန်လုံး ကားမောင်းတဲ့အခါ အမျက်ဒေါသထွက်နေပြီး တဗြစ်ဗြစ် ဖြစ်နေရင် သူတို့ရဲ့ ဒေါသကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့အတွက် စိတ်အတွက် therapy တွေ ရယူပြီ မိမိရဲ့ ဒေါသကို ထိန်းဖို့ လုပ်နိုင်တယ်လို့ ပါမောက္ခ Kirby က ပြောပါတယ်။
ကားမောင်းတဲ့အခါ လုံခြုံဘေးကင်းခြင်း၊ တာဝန်ယူမှု ရှိခြင်းနဲ့ အာရုံစိုက်မှုလိုအပ်သလို တဖက်လူကို နားလည်ပေးခြင်းနဲ့ စိတ်ရှည်ခြင်းတွေကလည်း အကျိုးရှိနိုင်တယ်လို့ ပြောပါတယ်။








