ကလေးရဲ့အနာဂတ်အတွက် စုဆောင်းခြင်းနဲ့ ငွေကြေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေ သင်ကြားပေးခြင်း

Australia Explained: Saving Money for Children

Encouraging your child to allocate portions of their pocket money towards saving goals can help build healthy spending habits. Credit: Justin Ma/Getty Images

ဩစတြေးလျမှာ နေထိုင်ရတာဟာ စရိတ်စက ကြီးမားနိုင်ပါတယ်။ အထူးသဖြင့် မိမိအပေါ် မှီခိုနေရတဲ့ ကလေးတွေရှိရင်တော့ ပိုပြီးတောင် ကုန်ကျစရိတ် များပြားနိုင်ပါတယ်။ ကလေးတို့ရဲ့အနာဂတ်မှာ ငွေကြေးလုံခြုံမှုအတွက် စုဆောင်းပေးဖို့ ကြိုးစားနေတယ်ဆိုရင် ပိုပြီး ကုန်ကျရနိင်ပါတယ်။


Key Points
  • Saving for your child’s future security can start from reducing your own debt
  • Get professional advice before becoming a loan guarantor for your child
  • Raising financially savvy kids, sets them up for better money management as adults.

မိဘတွေအနေနဲ့ ကလေးတွေ ပထမဆုံးကားဝယ်ဖို့ ကူညီပေးတာ၊ ဘွဲ့ရပြီးနောက် နိုင်ငံခြားခရီးထွက်ဖို့အတွက် ငွေကြေးထောက်ပံ့တာ၊ ဒါမှမဟုတ် အိမ်ဝယ်ဖို့ စရန်ငွေ စုဆောင်းပေးတာမျိုးတွေ လုပ်ပေးနိုင်ပါတယ်။

ဒီ Australia Explainedအစီအစဉ်မှာ ဩစတြေးလျက မိဘတွေအနေနဲ့ ငွေကြေးစီမံခန့်ခွဲမှုရဲ့ အခြေခံအချက်တွေကို လေ့လာနိုင်ပြီး သင့်ကလေးတွေကို ငွေကြေးအသိပညာ သင်ကြားပေးခြင်းက သူတို့ရဲ့အနာဂတ်အတွက် ဘာကြောင့် အရေးကြီးသလဲဆိုတာကို လေ့လာရမှာ ဖြစ်ပါတယ်။

သင့်ကလေးရဲ့ အနာဂတ်အတွက် ငွေကြေးတွေကို ဘာကြောင့် ဖယ်ထားစုဆောင်းသင့်လဲဆိုတဲ့ အကြောင်းရင်းတွေကတော့ အမျိုးမျိုးရှိပါတယ်။

တချို့ ရိုးရာယဉ်ကျေးမှုတွေမှာ ကလေးတွေဟာ သူတို့ကြီးလာတဲ့အခါ ကျေးဇူးရှင် မိဘတွေကို ပြန်လည်ထောက်ပံ့ဖို့ မျှော်လင့်ထားကြပေမဲ့၊ ဩစတြေးလျမှာတော့ မိဘတွေက ကလေးတွေ အဆင်ပြေဖို့ ကလေးအတွက် ပထမဆုံးကား၊ တက္ကသိုလ်အတွက် ကုန်ကျစရိတ် ဒါမှမဟုတ် အိမ်ဝယ်ရာမှာ ငွေကြေးအရ ကူညီပံ့ပိုးပေးတာမျိုးတွေ လုပ်ပေးလေ့ရှိပါတယ်။

ဒေးဗစ် ရှာ့ပ် (David Sharpe) ဟာ ငွေကြေးအကြံပေးများရဲ့ ထိပ်တန်းအဖွဲ့အစည်းဖြစ်တဲ့ (Financial Advice Association of Australia) ရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။

Australia Explained: Saving Money for Children
Moneysmart is a government website providing independent information to Australians about financial decisions they need to make. Credit: courtneyk/Getty Images

မိဘတွေအနေနဲ့ သားသမီးတွေကို ကူညီပေးလေ့ရှိတဲ့ အသုံးစရိတ်တချို့ကို သူက အခုလို ဖော်ပြပေးထားပါတယ်။

“မင်္ဂလာဆောင်ဖို့ စရိတ်တွေ၊ ပထမဆုံးကားဝယ်ဖို့နဲ့ အိမ်ဝယ်ဖို့ ကူညီကြတာပါ။ အိမ်ဝယ်ဖို့ကတော့ အခုဆို ပိုပြီး အရေးတကြီး လိုအပ်လာပါပြီ။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းကဆို မင်္ဂလာဆောင်စရိတ်နဲ့ ကားတယ်ပေးဖို့ပဲ ဖြစ်ပါသေးတယ်။ ဒီဘက်ခေတ်မှာတော့ လူငယ်တွေကို အိမ်တစ်လုံးရအောင် ကူညီပေးတာ၊ သူတို့ ငယ်ရွယ်သေးရင်တောင် ရေရှည်အတွက် ဖြစ်စေ၊ ဒါမှမဟုတ် နောက်နှစ်အနည်းငယ်အတွက် ဖြစ်စေ စဥ်းစားပြီး ဝယ်ကြပါတယ်။ အိမ်ဈေးနှုန်း မြင့်မားလွန်းလို့ လူငယ်တွေ အိမ်ဝယ်ယူနိုင်စွမ်းမရှိတာတွေကြောင့် ကလေးတွေကို အိမ်တစ်လုံး ပိုင်ဆိုင်နိုင်အောင် ကူညီပေးနိုင်ဖို့ဟာ မိဘတော်တော်များများအတွက် အဓိက စိုးရိမ်ပူပန်စရာ ဖြစ်နေတယ်။” လို့ ပြောပါတယ်။

အိမ်ဝယ်တဲ့အခါ မိဘတချို့က ကလေးတွေကို စရန်ငွေထုတ်ပေးပြီး ကူညီကြပါတယ်။ တချို့ကတော့ ကလေးတွေအိမ်ဝယ်ဖို့ ချေးငွေအတွက် မိဘတွေက အာမခံသူ (guarantor) လုပ်ပေးတတ်ကြတယ်လို့ ပြောပါတယ်။

“သင့်ကလေးကို ငွေပေးဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင်၊ သင်ဘယ်လောက်ပေးခဲ့သလဲ၊ သူတို့ ဘယ်လိုပြန်ဆပ်ရမလဲဆိုတာကို အသေးစိတ်ဖော်ပြထားတဲ့ အစီအစဉ်တစ်ရပ်ကို စာနဲ့ရေးသားထားဖို့ စဉ်းစားပါ။ ဒီလိုရေးထားခြင်းက သင်က ငွေကြေးအရ ကူညီပေးချင်တဲ့ ကလေးတစ်ယောက်ထက်မက ရှိနေရင် ကလေးတွေအကြား မျှမျှတတရှိစေဖို့ ဖြစ်စေနိုင်ပါတယ်။ သင့်ကလေး ငွေချေးဖို့အတွက် သင်က အာမခံသူအဖြစ် ကူညီပေးဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင်တော့ သတိထားဖို့ အကြံပေးချင်ပါတယ်။ အခြေအရ တခုခုကြောင့် သင့်ကလေးက ချေးငွေကို မဆပ်နိုင်ခဲ့ဘူးဆိုရင်၊ သင်က အာမခံသူဖြစ်လို့ အကျွေး အားလုံးကို ပြန်လည်ပေးဆပ်ရမယ့် အခြေအနေမျိုး ကြုံလာနိုင်ပါတယ်။ ဒါကြောင့် ဒါကို အထူးဂရုပြုဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ချေးငွေတစ်ခုအတွက် အာမခံမပေးမီ၊ လိုင်စင်ရ ငွေကြေးအကြံပေး (licenced financial advisor) ဆီကနေ ငွေကြေးဆိုင်ရာ အကြံဉာဏ်ရယူဖို့ စဉ်းစားသင့်တယ်။” လို့ ပြောပါတယ်။

Moneysmart ဟာ ဩစတြေးလျ စတော့ရှယ်ယာနှင့် ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (Australian Securities & Investments Commission) က စီမံခန့်ခွဲတဲ့ အစိုးရဝက်ဘ်ဆိုက်တစ်ခုဖြစ်ပြီး၊ သင့်ကလေးရဲ့ ငွေကြေးလုံခြုံရေးအတွက် ဘယ်လိုစီမံရမလဲဆိုတဲ့ အရေးကြီးတဲ့ ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်တွေအတွက် ဩစတြေးလျနိုင်ငံသားတွေကို ဘက်မလိုက်တဲ့ အချက်အလက်တွေကို ပေးတဲ့ ဝဘ်ဆိုက်ဖြစ်ပါတယ်။

Australia Explained: Saving Money for Children
Check for any tax benefits when committing to long-term investments, like insurance bonds. Source: Moment RF / Traceydee Photography/Getty Images

“ငွေကြေးဆိုင်ရာ အကြံဉာဏ်က နှစ်မျိုးရှိပါတယ်– ပထမတစ်မျိုးကတော့ အထွေထွေအကြံဉာဏ် (general advice) ဖြစ်ပြီး၊ သင့်ရဲ့ကိုယ်ရေးကိုယ်တာအခြေအနေ ဒါမှမဟုတ် ရည်မှန်းချက်တွေကို ထည့်သွင်းစဉ်းစားခြင်း မရှိပဲ ဖော်ပြထားတဲ့ အထွေထွေအချက်အလက်တွေ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ (personal advice) ဖြစ်ပြီး၊ သင့်ရဲ့ ငွေကြေးအခြေအနေနဲ့ ရည်မှန်းချက်တွေအပေါ် မူတည်ပြီး သင်နဲ့ ကိုက်ညီမယ့် အကြံဉာဏ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် သင်ဘယ်အမျိုးအစားကို လိုချင်သလဲဆိုတာကို ဆုံးဖြတ်ဖို့ အရေးကြီးပါတယ်။ နောက်တစ်ဆင့်ကတော့ လိုင်စင်ရ ငွေကြေးအကြံပေးတစ်ဦးကို ရှာဖွေပြီး သူနဲ့သာ ဆက်သွယ်ဆောင်ရွက်ဖို့ပါ။ အဲဒီပုဂ္ဂိုလ်မျိုးကို Moneysmart ရဲ့ ငွေကြေးအကြံပေးများ မှတ်ပုံတင်စာရင်း (Financial Advisors Register) ကနေတစ်ဆင့် ရှာဖွေနိုင်တယ်။” လို့ ပြောပါတယ်။

သင့်အတွက် သီးသန့် ငွေကြေးဆိုင်ရာ အကြံဉာဏ်ကို ရယူဖို့ မတတ်နိုင်ဘူးဆိုရင်တောင် အခမဲ့ ငွေကြေးဆိုင်ရာ အကြံပေးများ (free financial counsellors) ကလည်း သင့်ကို အစီအစဉ်ဆွဲရာမှာ ကူညီပေးနိုင်ပါတယ်။ (National Debt Helpline) ဒါမှမဟုတ် Moneysmart ဝက်ဘ်ဆိုက်ကနေတစ်ဆင့် အချက်အလက် ရှာဖွေနိုင်တယ်လို့ ပြောပါတယ်။

ကလေးတွေအတွက် စုဆောင်းချင်တဲ့ ရည်မှန်းချက် ဘာပဲဖြစ်ပါစေ၊ မိဘတွေဟာ ကလေးတွေအတွက် သီးခြားစုဆောင်းဖို့ မကြိုးစားမီ သူတို့ရဲ့ ကိုယ်ပိုင်အကြွေးကို အရင်လျှော့ချသင့်တယ်လို့လည်း မစ္စတာ ရှာ့ပ်က ပြောပါတယ်။

“စုဆောင်းခြင်းနဲ့ပတ်သက်ပြီး မှားယွင်းတဲ့ အယူအဆတစ်ခုရှိပါတယ်။ တကယ်တော့ ငွေကို သီးခြားခွဲပြီး စုဆောင်းပေးစရာ မလိုပါဘူး။ သင်က အခုမှစပြီး ကိုယ်ပိုင်အိမ်တစ်လုံးကို ပထမဆုံးအကြိမ် ဝယ်ထားတယ်ဆိုရင်၊ သင်လုပ်သင့်တာက သင့်ရဲ့ကိုယ်ပိုင် အကြွေးကို လျှော့ချဖို့နဲ့ သင့်ရဲ့ငွေရေးကြေးရေး ချေးငှားလုပ်ဆောင်နိုင်စွမ်း ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ ကလေးတွေအတွက် သီးခြား ထိုင်ပြီး စုဆောင်းနေမယ့်အစား မိမိရဲ့ အကျွေးအရင် ကျအောင် လုပ်သင့်ပါတယ်။ သင့်အကြွေးကို ဆပ်လိုက်တဲ့အခါ၊ နောက်ပိုင်းမှာ သင့်ကလေးတွေကို ပေးဖို့အတွက် ငွေချေးငွေကို ထုတ်ယူနိုင်တဲ့ စွမ်းဆောင်ရည်ကို ရရှိသွားနိုင်ပါတယ်။ အဲဒီအခါ သင်က အပြင်မှာ အတိုးရဖို့ ကြိုးစားနေမယ့်အစား အတိုးကို ချွေတာရာ ရောက်သွားနိုင်တယ်။”လို့ ပြောပါတယ်။

သင့်ကလေးတွေအတွက် စုဆောင်းနိုင်တဲ့ ငွေစုစာရင်းတွေ၊ သတ်မှတ်ကာလအပ်ငွေတွေ (term deposits) နဲ့ ရေရှည်ရင်းနှီးမြှုပ်နှံမှု ရွေးချယ်စရာတွေလိုမျိုး ငွေကြေးထုတ်ကုန် အမျိုးမျိုးလည်း ရှိပါတယ်။

အာမခံဘွန်းတွေ (Insurance bonds) ဟာလည်း ရေရှည်စုဆောင်းဖို့အတွက် နောက်ထပ် ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်လို့ မစ္စတာ ရှာ့ပ်က ပြောပါတယ်။

“ရင်းနှီးမြှုပ်နှံမှု ဘွန်း (investment bond) ဒါမှမဟုတ် တစ်ခါတလေ အာမခံဘွန်း (insurance bond) လို့ခေါ်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုလည်း ရှိပါတယ်။ ဒါကတော့ ဆယ်နှစ် ဒါမှမဟုတ် အဲဒီထက်ပိုတဲ့ကာလအတွက် ရင်းနှီးမြှုပ်နှံဖို့ မျှော်လင့်ထားသူတွေအတွက် ပိုသင့်တော်ပါတယ်။ အခွန်အကျိုးကျေးဇူးတွေလည်း သိသိသာသာ ရှိပါတယ်။ ဒါကြောင့် သင်ဟာ ကလေးတစ်ယောက်အတွက် တစ်နှစ်ကို ဒေါ်လာ ထောင်ချီပြီး စုဆောင်းနိုင်မယ်ဆိုရင် ဆယ်နှစ်ကြာပြီးနောက် အဲဒီအကောင့်ကနေ ထုတ်ယူတာတွေအားလုံးကို အခွန်လွတ် (tax-free) လုပ်ဆောင်နိုင်မှာ ဖြစ်တယ်။” လို့ ပြောပါတယ်။

မိသားစုတွေအတွက် စုဆောင်းမှု ရည်မှန်းချက်တွေအတွက် အစိုးရနဲ့ ဒေသတွင်း အဖွဲ့တွေလည်း ကူညီပေးနိုင်တယ်ဆိုတာကို သတိပြုဖို့ အရေးကြီးပါတယ်။ ဥပမာအားဖြင့်၊ ပညာရေး သို့မဟုတ် နေထိုင်မှုစရိတ်တွေအတွက် ကူညီပေးတဲ့ Centrelink ကနေ တစ်ဆင့် မိမိစုဆောင်းတဲ့ နှုန်းအတိုင်း ထပ်ဆောင်းပေးတဲ့ (matched savings initiatives) ဒါမှမဟုတ် (support payments) တွေ ရှိပါတယ်။ ဒါတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို Services Australia ရဲ့ ဝက်ဘ်ဆိုက်မှာ ရှာဖွေနိုင်ပါတယ်။

ဒါဆို သင်က ငွေကြေးကို ကိုင်တွယ်တဲ့အခါ ဘယ်လို ခံစားရလဲ။

Moneysmart ရဲ့ ခန့်မှန်းချက်တွေအရ ဩစတြေးလျနိုင်ငံသား သုံးပုံတစ်ပုံက ငွေကြေးကို စီမံခန့်ခွဲရတာကို စိတ်ဖိစီးစရာလို့ ယူဆကြပါတယ်။ တချို့လူတွေက ငွေကြေးနဲ့ပတ်သက်တဲ့ စကားဝိုင်းတွေ ပြောဆိုရမှာတာကိုတောင် မသက်မသာ ခံစားရတယ်လို့ ဆိုပါတယ်။

Ecstra (အစ်ခ်စထရာ) ရဲ့ CEO ဖြစ်သူ ကယ်ရိုလိုင်း စတူးဝါ့ (Caroline Stewart) က ဩစတြေးလျကျောင်းတွေမှာ ငွေကြေးအသိပညာ ပို့ချတဲ့အစီအစဉ်တွေကို လုပ်ဆောင်နေတဲ့ ဖောင်ဒေးရှင်းတစ်ခုကို ဦးစီးနေသူ ဖြစ်ပါတယ်။

မိသားစုတွေအနေနဲ့ ငွေကြေးဆိုင်ရာ စကားဝိုင်းတွေကို စောနိုင်သမျှ စောစော စတင်ဖို့ အရေးကြီးတယ်လို့ သူမက ပြောပါတယ်။

Australia Explained: Saving Money for Children
Using appropriate language and examples for your child’s age, like saving for an excursion or a birthday party, you can introduce financial planning learnings early on, Dr Zeka says. Credit: Maskot/Getty Images/Maskot

“မူကြိုအရွယ်မှာတောင် ငွေကြေးဆိုင်ရာ သင်ခန်းစာတွေကို ပြောရတာ နည်းနည်းရူးကြောင်ကြောင်နိုင်ပေမယ့် သင့်ကလေးကို လက်တွေ့ဘဝအခြေအနေတွေမှာ ပါဝင်စေခြင်းက ငွေကြေးစီမံခန့်ခွဲမှုရဲ့ အခြေခံသဘောတရားတွေကို နားလည်စေဖို့ အထောက်အကူ ပြုနိုင်တယ်လို့ မစ္စ စတူးဝါ့က ပြောပါတယ်။

“သင်က ဆိုင်မှာရှိနေချိန် သင့်ကလေးက တစ်ခုခုကို တောင်းဆိုနေတယ်ဆိုရင်၊ ပစ္စည်းတစ်ခုက ဘာကြောင့် ဒီလောက်ကျသင့်သလဲဆိုတာကို ရှင်းပြခြင်းအားဖြင့် ဒါမှမဟုတ် ပစ္စည်းနှစ်မျိုးရဲ့ ကုန်ကျစရိတ်ကို နှိုင်းယှဉ်ခိုင်းပြီး သင်နဲ့အတူ ရွေးချယ်ဖို့ ကူညီစေခြင်းအားဖြင့် အရိုးရှင်းဆုံးသော ငွေရေးကြေးရေး ဘဝသင်ခန်းစာကို သင်ယူနိုင်တယ်။”လို့ ပြောပါတယ်။

ဒေါက်တာ ဘိုမီကာဇီ ဇီကာ (Dr Bomikazi Zeka) ဟာ ငွေကြေးပညာရေးဆိုင်ရာ ကျွမ်းကျင်သူဖြစ်ပြီး ကန်ဘာရာတက္ကသိုလ် (University of Canberra) မှာ ဘဏ္ဍာရေးနဲ့ ငွေကြေးစီမံခန့်ခွဲမှု တွဲဖက်ပါမောက္ခ ဖြစ်ပါတယ်။

မွေးနေ့ပွဲ စီစဉ်ဖို့အတွက် ဒါမှမဟုတ် အရေးပေါ်အခြေအနေအတွက် ငွေကြေးဖယ်ထားတဲ့ ကိစ္စမျိုးမှာ အသက်အရွယ်နဲ့ သင့်လျော်တဲ့ ဥပမာတွေပေးမယ်ဆိုရင် ငယ်ရွယ်တဲ့ကလေးတွေတောင် ဘတ်ဂျက်ချမှတ်ဖို့ သင်ယူနိုင်တယ်လို့ သူမက ပြောပါတယ်။

“အရေးပေါ်အတွက် ငွေစုဆောင်းခြင်း (save for a rainy day) လုပ်တာက အမြဲကောင်းပါတယ်။ ဒါပေမဲ့ ကလေးတစ်ယောက်အနေနဲ့ အဲဒီစကားလုံးက ဘာကိုဆိုလိုသလဲ ဆိုတာကို နားလည်ချင်မှ နားလည်မှာပါ။ ဒါကြောင့် မိသားစုအတွင်းမှာ ဒီလိုစကားဝိုင်းတွေ ပြောခြင်းအားဖြင့် မိဘတွေဟာ ငွေကြေးစီမံခန့်ခွဲမှုရဲ့ လက်တွေ့ဘဝပတ်ဝန်းကျင်ကို ကလေးတွေကို စတင်မိတ်ဆက်ပေးနိုင်ပါတယ်။ အဲဒီစကားဝိုင်းတွေမှာ သူတို့ကို ပါဝင်စေခြင်းအားဖြင့် မိဘရဲ့ဘဏ် (bank of mum and dad) မှာ ငွေကြေးက အကန့်အသတ် ရှိနိုင်ပါလား၊ ငွေက အမြဲတမ်း ရနိုင်တဲ့ အရာမဟုတ်ဘူးပဲ ၊ အရာရာ အောင်မြင်စွာ လည်ပတ်နိုင်ဖို့အတွက် စီမံခန့်ခွဲမှုတွေ လိုအပ်တယ်ဆိုတာ သူတို့ မြင်လာမှာ။” ဖြစ်တယ်လို့ ပြောပါတယ်။

နောက်ဆုံးမှာတော့ သင့်မိသားစုရဲ့ ငွေကြေးစီမံခန့်ခွဲမှုမှာ သင့်ကလေးကို ပါဝင်စေခြင်းဟာ သူတို့ကို ပိုပြီး ယုံကြည်မှုရှိပြီး၊ အရည်အချင်းရှိတဲ့ လူကြီးတွေ ဖြစ်လာစေဖို့ အထောက်အကူ ပြုစေနိုင်တယ်လို့ ဒေါက်တာ ဇီကာက ပြောပါတယ်။

“ဒီလို စကားဝိုင်းတွေကို စောစောစီးစီး ပြောဆိုတဲ့အခါ သူတို့ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ပြီး အန္တရာယ်နဲ့ အကျိုးအမြတ် တွေကို အကဲဖြတ်နိုင်ပြီး ငွေကြေးယုံကြည်မှုရှိတဲ့ လူကြီးတွေ ဖြစ်လာကြမှာပါ။ ကျွန်မတို့ဟာ ငွေကြေးအသိပညာရဲ့ ငွေကြေးအမွေအနှစ် (financial legacy of financial literacy) ကိုပါ ကလေးတွေအတွက် ချန်ထားခဲ့ချင်တယ်။” လို့ ပြောပါတယ်။

ဒါကြောင့် သင့်ဝင်ငွေ အနေအထား ဒါမှမဟုတ် နောက်ခံအခြေအနေ ဘာပဲဖြစ်ပါစေ၊ ငွေကြေးအကြောင်း စပြောဖို့နဲ့ မိသားစုလိုက် အတူတကွ အနာဂတ်အတွက် စီစဉ်ဖို့ဆိုတာ စောလွန်းတယ် ဒါမှမဟုတ် နောက်ကျလွန်းတယ် ဆိုတာမျိုး မရှိဘူးလို့ လည်း ပြောပါတယ်။

အခုတင်ပြတဲ့ အချက်အလက်တွေဟာ အထွေထွေအချက်တွေသာ ဖြစ်ပါတယ်။ ငွေကြေးဆုံးဖြတ်ချက် မချမီ ပညာရှင်ရဲ့ အကြံဉာဏ် ရယူပါ။ ငွေကြေးအခက်အခဲ ကြုံတွေ့နေရတယ်ဆိုရင် (National Debt Helpline) ရဲ့ ဖုန်းနံပတ်ဖြစ်တဲ့ 1800 007 007 ကို ခေါ်ဆိုနိုင်တဲ့အကြောင်း ရေးထားတဲ့ Zoe Thomaidouဆောင်းပါးကို တင်ဆက်လိုက်ပါတယ်ရှင်။

Subscribe to or follow the Australia Explained podcast for more valuable information and tips about settling into your new life in Australia.   

Do you have any questions or topic ideas? Send us an email to australiaexplained@sbs.com.au 


Share

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now